ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲက ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှုအပေါ် သက်ရောက်မှု ရှိ၊ မရှိ စောင့်ကြည့်ရန်လိုဟု နိုင်ငံရေးပါတီခေါင်းဆောင်များက သုံးသပ်ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ခြင်း ရှိ၊ မရှိအပေါ် နိုင်ငံရေးအင်အားစုများက မေးခွန်းထုတ်မှုများ ရှိခဲ့သည်။
ထို့အတွက် လက်ရှိရွေးကောက်ပွဲ ကျင်းပရန် သုံးလနီးပါးခန့် အလိုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရပြီး ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်မှုသည် နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း စိတ်ဝင်စားမှု မြင့်တက်စေခဲ့သည်။
ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲ တရားမျှတမှုမရှိမှာကတော့ နည်းနည်းစိုးရိမ်တာပေါ့။ ဘာကြောင့်လဲဆိုလို့ရှိရင် အာဏာလွှဲပြောင်းလိုတဲ့ လက္ခဏာလေးတွေက မတွေ့ဘူး။ အတိတ်က မသုံးသင့်တဲ့ အင်အားစုတွေကို၊ မသုံးသင့်တဲ့ အချိန်လေးတွေမှာ၊ မသုံးသင့်တဲ့ ဒီကာလမှာ ထုတ်မသုံးသင့်ပါပဲနဲ့ သုံးလိုက်တယ်။ ရဲတပ်ဖွဲ့ကို အင်အားပြတာမျိုး၊ ဘာတို့ပေါ့။ ဒါလေးတွေက နိုဝင်ဘာ ၈ ရက်ကိုလည်းပဲ လွှမ်းမိုးနိုင်ဖွယ်ရှိတယ်လို့ ပါတီအားလုံးကလည်း စိုးရိမ်မှာဖြစ်သလို နိုင်ငံတကာမိသားစုကလည်း စိုးရိမ်နိုင်တယ်။ အဲ့ဒါလေးတွေကတော့ မကောင်းဘူး။ ဒါပေမဲ့လို့ ရွေးကောက်ပွဲဟာ ကျင်းပရပါမယ်။...။ ဒီရွေးကောက်ပွဲကြီးကို တရားမျှအောင်လည်း ကျွန်တော်တို့ လူထုအားလုံးက ကြည့်ကြပ်ပြီးမှလည်း လူထုစိတ်ကြိုက် ခေါင်းဆောင်တွေကို ရွေးပေးရမယ့်တာဝန်ကလည်း လူထုမှာရှိတယ်”ဟု ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲသည် အရေးကြီးကြောင်းနှင့် ရွေးကောက်ပွဲကြောင့်ဖြစ်လာမည့် အပြောင်းအလဲနှင့် အာဏာအလွှဲအပြောင်းသည် ကောင်းမွန်သည့်လမ်းကြောင်းကို ဦးတည်စေရန် မိမိတို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာကလည်း “ဒါကတော့ သူတို့ပါတီတွင်းကိစ္စ ဆိုပေမယ့်လည်းပေါ့။ ကျွန်တော်တို့ လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေမှာတော့ အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိတာပေါ့။ သို့သော် ကျွန်တော်တို့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ရွေးကောက်ပွဲနဲ့ နောက် ငြိမ်းချမ်းရေးကိစ္စတွေက အရေးကြီးနေပါတယ်။ ဒီအပေါ်တွေကို ကောင်းသောသက်ရောက်မှုတွေပဲဖြစ်ဖို့ လိုတယ်။ နောက် ပြည်သူတွေအနေနဲ့ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ဆိုရင်လည်း အရင်ကတည်းက စိုးရိမ်တာတွေ ရှိခဲ့တယ်။ ဒီကြားထဲမှာမှ ရွေးကောက်ပွဲနီးမှ ဒီလို ခပ်စိပ်စိပ်အပြောင်းအလဲလေးတွေ လုပ်လာတာကတော့ ထူးခြားနေပါတယ်။ ဒါပေမဲ့လည်း ဒါကစောင့်ကြည့်ရမယ့် အနေအထားတစ်ခုပေါ့။ ဆက်စပ်စောင့်ကြည့်ရမယ့် အနေအထားတွေ ရှိနေတယ်။ ကျွန်တော်တို့လည်း စောင့်ကြည့်နေပါတယ် ”ဟု ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် ၎င်းတို့ပါတီတွင်းပြဿနာများကို ဖြေရှင်းသည်ဟုပင် နားလည်ကြောင်းနှင့် ထိုကိစ္စနှင့် ပတ်သက်၍မူ မှတ်ချက်မပေးလိုသော်လည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုမူ လက်ရှိတွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာက စောင့်ကြည့်နေသည့် အခြေအနေတစ်ရပ်ဖြစ်နေသည်ကို မိမိအနေဖြင့် ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
“ရွေးကောက်ပွဲကတော့ဖြစ်မယ်တော့ ဒါကတော့ ကျွန်မတို့ ယုံကြည်တယ်။ ဒီဟာရဲ့အပေါ်မှာ သမာသမတ်ကျမှုဆိုတာကတော့ ကျွန်မတို့အားလုံး ဝိုင်းဝန်းပြီး ကြည့်ရမှာပေါ့”ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။
UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် က “ဒီလိုပြောင်းလဲတဲ့ အပြောင်းအလဲမျိုးသည် ပါတီအတွင်းမှာ ပြဿနာရှိလို့၊ ပဋိပက္ခတွေရှိလို့ ပြောင်းလဲတဲ့ အပြောင်းအလဲမျိုး ဖြစ်နေတယ်။ ဒီတော့ ကြံ့ခိုင်ရေးပါတီသည် မြန်မာနိုင်ငံမှာ အင်အားအတော်အတန် ကြီးတဲ့ ပါတီတစ်ခုပေါ့။ NLD ပြီးရင် သူတို့ဟာ အတော်အတန် အင်အားကြီးတဲ့ ပါတီတစ်ခုဖြစ်တယ်။ လက်ရှိ အာဏာရပါတီလည်း ဖြစ်တယ်။ အဲတော့ ဒီလိုပါတီမှာ ရုတ်တရက် ပြောင်းလဲရိုးထုံးစံမဟုတ်တဲ့ အပြောင်းအလဲမျိုးနဲ့ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဖြစ်သွားတဲ့ကိစ္စသည် မြန်မာ့နိုင်ငံရေးမှာ အတိုင်းအတာတစ်ခုအထိ အရေးပါမယ်။ သက်ရောက်မှုရှိမယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာများ တစ်စုံတစ်ရာ သက်ရောက်မှု ရှိမလား၊ ပြဿနာရှိမလား၊ ဥပမာ ရွေးကောက်ပွဲရက်ကို အခိုက်အတန့်နဲ့ ရွှေ့တာမျိုးများဖြစ်မလားလို့ ကျွန်တော်တို့ စဉ်းစားမိစေတယ်” ဟု ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် သြဂုတ်၁၃ ရက်က နေပြည်တော်ပါတီ ရုံးချုပ်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးနှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့အား ပါတီထိပ်ပိုင်းရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ဝင်များကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲက ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှု အပေါ် သက်ရောက်မှု ရှိ၊ မရှိ စောင့်ကြည့်ရန်လိုဟု နိုင်ငံရေးပါတီခေါင်းဆောင်များ ပြောကြား