ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီး လေးဦးအား ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း သြဂုတ် ၁၂ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်များ ထုတ်ပြန်ခဲ့သည်။သမ္မတရုံးဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့အား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ဦးတင်နိုင်သိန်းသည် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း၊ ဦးသန်းဌေးသည် မြန်အောင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း၊ ဦးခင်ရီသည် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၆) မှ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မှုအရ သိရသည်။ ဦးမြတ်ဟိန်းသည် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။ထို့ပြင် ဗိုလ်ချုပ်ကျော်ညွန့် (ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်တင်အောင်ချစ် (ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန) တို့အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်ရန်လည်း ထုတ်ပြန်ခဲ့ပြီး ဦးပိုက်ထွေး (ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)၊ ဒေါက်တာမောင်မောင်ဌေး (ဒုတိယဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန)၊ ဦးသန်းထွန်း (ဒုတိယဝန်ကြီး၊ သမဝါယမ ဝန်ကြီးဌာန)၊ ဒေါ်ဝင်းမော်ထွန်း (ဒုတိယဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန) တို့အား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။ဗိုလ်ချုပ်ကျော်ညွန့်သည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း၊ ဗိုလ်ချုပ်တင်အောင်ချစ်သည် မကွေးတိုင်း၊ အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။အလားတူ ဦးပိုက်ထွေးသည် မကွေးတိုင်း ကံမမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း၊ ဒေါ်ဝင်းမော်ထွန်းသည် မကွေးတိုင်း ရေနံချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်မှုအရ သိရသည်။ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာကျော်ကျော်ဌေးအား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်သန်းထွဋ်အား နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းလည်း ထည့်သွင်းကြေညာခဲ့သည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုဝန်ကြီး လေးဦးအား ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်ကြောင်း သမ္မတရုံး ထုတ်ပြန်