၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု သြဂုတ် ၁၀ ရက်ထိ ၄၂၂၄ ဦးရှိ

၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု သြဂုတ် ၁၀ ရက်ထိ ၄၂၂၄ ဦးရှိ
Published 11 August 2015

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနေမှုမှာ သြဂုတ် ၁၀ ရက်ထိ ၄၂၂၄ ဦးရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။    အဆိုပါကိုယ်စားလှယ်လောင်း ၄၂၂၄  ဦးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁၉၁ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၆၂၇ ဦး၊  တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄၀၆ ဦးဖြစ်ပြီး အဆိုပါ ၂၄၀၆ ဦးတွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၈ ဦး ပါဝင်ကြောင်း သိရသည်။        ထို့ပြင် ကိုယ်စားလှယ်လောင်းတင်သွင်းထားသည့်ပါတီမှာ ၈၀ ရှိပြီး အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ အများဆုံးဖြစ်ပြီး ၄၂၂၄ ဦးအနက် ၁၀၂၀ ပါဝင်ကြောင်း သိရသည်။    အာဏာရပြည်ခိုင်ဖြိုးပါတီမှ တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွင် ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးအချို့နှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ပါဝင်သည်။    ထို့အတူ ဒုတိယအများဆုံးတင်သွင်းထားမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၇၁၂ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၆၆၅ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ ၁၇၆ ဦး၊ အမျိုးသားတိုးတက်ရေးပါတီမှ ၁၇၆ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ၁၇၄ ဦး၊  ကရင်ပြည်သူ့ပါတီမှ ၉၆ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ၉၁ ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၉၀၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၅၀ နှင့် ကျန်ပါတီ ၇၀ မှာ ကိုယ်စားလှယ်လောင်းဦးရေ ၅၀ အောက်သာ တင်သွင်းထားသေးကြောင်း သိရသည်။    အလားတူ ၄၂၂၄  ဦးအနက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားမှုမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၂ ဦး စုစုပေါင်း ၁၆၂ ဦးပါဝင်ကြောင်း သိရသည်။    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုအား ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၈ ရက်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံအနှံ့အပြား ရေကြီးရေလျှံမှုများဖြစ်ပေါ်မှုကြောင့် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းရမည့် နောက်ဆုံးရက်အား သြဂုတ် ၁၄ ရက်သို့ တိုးမြှင့်ပေးထားသည်။    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိသူမ၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်လည်းကောင်း သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲအဖွဲ့ခွဲများတွင် အမည်စာရင်းတင်သွင်းပြီးဖြစ်သည်။    ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ အတွက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၄၄ နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉နယ် စုစုပေါင်း တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၁ နေရာရှိကြောင်း သိရသည်။