သြဂုတ် ၁၁ ရက်က သာယာဝတီမြို့နယ်တရားရုံးတွင် ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို (၁၂) ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့သည်။ ထိုရုံးချိန်းတွင် ဖမ်းဆီးခံကျောင်းသားများက လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုခွင့်ပြုရန်လျှောက်ထားမှုကို သာယာဝတီမြို့နယ်တရားသူကြီးမှ လက်မခံဘဲပယ်ချသည့် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့က ကျောင်းသားများအား တရားသူကြီး၏ချုပ်မိန့်မပါရှိဘဲ တစ်ရက်အဓမ္မချုပ်နှောင်ခဲ့မှုနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်နှစ်ဦးကို သာယာဝတီအကျဉ်းထောင်တွင် နှစ်လကျော်ကြာဖမ်းဆီးချုပ်နှောင်ခဲ့မှုကြောင့် ၎င်းတို့ကို ကျောင်းသားများဘက်က မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် ပြန်လည်တရားစွဲဆိုခွင့်ပြုရန် ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က ဇူလိုင် ၂၈ ရက်က တရားရုံးသို့လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့လျှောက်ထားသည့်အပေါ် သာယာဝတီမြို့နယ် တရားသူကြီးက မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့သည် ပြန်တမ်းဝင်အရာရှိဖြစ်သောကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၁၉၇ (၁) အရ နိုင်ငံတော်သမ္မတထံက ခွင့်ပြုချက်ရမှသာ တရားစွဲဆိုနိုင်သောကြောင့် တရားရုံးမှလက်မခံဘဲ ပယ်ကြောင်းအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က "ကျောင်းသားတွေကသူတို့ကို လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ စခန်းမှူးတို့က တစ်ရက်ဥပဒေနဲ့မညီဘဲနဲ့ မတရားဖမ်းဆီးချုပ်နှောင်တာရယ်၊ ထောင်ပို့တော့လည်း တရားသူကြီးရဲ့ ချုပ်မိန့်ရမန်မပါဘဲပို့တဲ့အတွက် အရေးယူပေးဖို့လျှောက်ထားတယ်။ အဲ့ဒီလျှောက်ထားတာကလည်း ဥပဒေနဲ့ညီတယ်။ ဒါပေမဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့စခန်းမှူးတို့က ပြန်တမ်းဝင်အရာရှိဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၉၇(၁)အရ နိုင်ငံတော်သမ္မတထံက ခွင့်ပြုချက်ရမှသာလျှင် တရားစွဲဆိုနိုင်တဲ့အတွက် တရားရုံးကလက်မခံဘဲ ပယ်ချတယ်လို့ အမိန့်ချပါတယ်" ဟုပြောကြားသည်။ထိုသို့အမှုကိုပယ်ချခဲ့သည့်အပေါ် ဆက်လက်ပြီး ၎င်းက "တကယ်တော့ ဒါကပြစ်မှုမြောက်တယ်လို့ဆိုရင် တရားစွဲမယ်ဆိုတဲ့အမိန့်ကို ချရတယ်။ အမိန့်ချပြီးတော့မှ တရားစွဲတဲ့အခါကျမှ ဒီခွင့်ပြုချက်ကိုတောင်းရတယ်။ တရားကမစွဲသေးဘဲနဲ့ ဘယ်လိုလုပ်သွားတောင်းလို့ရမလဲ။ မတရားဖမ်းဆီးမှု မြောက်လား မမြောက်ဘူးလားဆိုတာ အရင်ဆုံးဖြတ်ရမယ်။ မြောက်တယ်ဆို တရားစွဲဖို့အတွက် ခွင့်ပြုချက်တောင်းရမယ်။ ခုက အဆင့်ကျော်သလိုဖြစ်နေတယ်" ဟု မှတ်ချက်ပြုသည်။ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၁၉၇(၁) ၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၉ ၏ အဓိပ္ပာယ်အရ တရားသူကြီးဖြစ်သူ၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးတစ်ဦး သို့မဟုတ် နိုင်ငံတော်သမ္မတ သို့မဟုတ် အခြားအဆင့်မြင့်သော အာဏာပိုင်၏အခွင့်အမိန့်မရရှိဘဲ ရာထူးမှထုတ်ပယ်ခြင်းမပြုနိုင်သော ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မိမိရာထူးအလျောက် တာဝန်ထမ်းဆောင်စဉ်ပြုသော သို့မဟုတ် ပြုလုပ်သည်ဟု သဘောသက်ရောက်သော ပြစ်မှုတစ်စုံတစ်ရာနှင့် စွပ်စွဲခြင်းခံရသောအခါ နိုင်ငံတော်သမ္မတ၏ ကြိုတင်အခွင့်အမိန့်မရရှိဘဲ အဆိုပါပြစ်မှုကို မည်သည့်တရားရုံးကမှ အရေးမယူရဟု ပြဋ္ဌာန်းပါရှိသည်။ထိုသို့တရားစွဲဆိုမှုကိုလက်မခံဘဲ ပယ်ချခဲ့မှုကို သာယာဝတီခရိုင်တရားရုံးသို့ အမှုပြင်ဆင်ချက်တက်ရောက်ရန်အတွက် စီစဉ်နေပြီး တိုင်းဒေသကြီးတရားလွှတ်တော်အပါဝင် နေပြည်တော်သို့ တက်ရောက်ရန်ကိစ္စကို ကျောင်းသားများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီအမှုကိုခရိုင်ရုံးကိုပြင်ဆင်မှုတက်ဖို့အတွက် စီစဉ်ထားပါတယ်။ အမိန့်တွေကိုလည်း ကူးထားပါတယ်။ တကယ်လို့လိုအပ်တယ်ဆိုရင်လည်း သမ္မတဆီကို တရားစွဲဆိုခွင့်ပြုဖို့တောင်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ထောင်တာဝန်ခံ ဦးနန်းအောင်ကျော်ရဲ့ထွက်ဆိုချက်မှာ ၁၀ ရက်နေ့ကဖမ်းထားတဲ့ ၁၃၈ ယောက်ကို လာပို့တဲ့အခါမှာ ဘာရမန်မှမရှိဘဲ လာပို့သွားတယ်လို့ ထွက်ဆိုချက်တွေအရ ကျွန်တော်တို့သိရတယ်။ လူတစ်ယောက်ကို ရမန်မယူဘဲနဲ့ ထောင်ထဲကိုပို့တယ်ဆိုတာက တရားဥပဒေစိုးမိုးရေးရဲ့လမ်းကြောင်းက သွေဖည်သွားတယ်။ ကျွန်တော်တို့က ကလေးတွေအပြစ်ရှိတယ် မရှိဘူးဆိုတာထက် သူတို့ဟာ အပြစ်မရှိခင်ကတည်းက အပြစ်ပေးခံရသလိုဖြစ်တယ်။ မတရားဖမ်းဆီးချုပ်နှောင်ခံရတယ်။ တိုးတက်တဲ့လူ့အဖွဲ့အစည်းအနေနဲ့လည်း ဒီကိစ္စကိုလက်ခံမှာမဟုတ်သလို လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင်လည်း ဒါဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်တယ်" ဟုပြောကြားသည်။ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က "ဒီအမှုကပယ်ချခံရတော့မယ်လို့ ကျွန်မတို့ကြိုတွက်ပြီးသားပါ။ ဘာလို့လဲဆိုတော့ လက်ရှိတရားစီရင်ရေးစနစ်က အစိုးရအာဏာပိုင်တွေကို တရားစွဲတဲ့ ဘယ်လိုအမှုဖြစ်ဖြစ် ပယ်ချခံရတယ်။ တရားရုံးကလက်ခံခြင်းမရှိဘူးဆိုတာကို ကျွန်မတို့တွေ့မြင်နေရတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာကို ကျွန်မတို့ တိုင်ပင်နေတယ်။ ရက်တွေအရမ်းကြာသွားမှာကိုလည်း စိုးရိမ်တယ်" ဟုပြောကြားသည်။ထို့ပြင် အဆိုပါရုံးချိန်း၌ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံများအနက် ၁၀ ဦးမှ အာမခံလျှောက်ထားမှုကိုဆေးစာနှင့် အခြားထောက်ခံချက်များ မပြည့်စုံသည့်အတွက် ပယ်ချကြောင်းအမိန့်ကိုလည်း ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းနေ့တရားခွင်တွင် တရားလိုရဲမှူးအားစွပ်စွဲခံရသူတို့၏ ရှေ့နေတစ်ဦးမှ အချင်းဖြစ်စဉ်သက်သေခံကားကို ရဲတပ်ဖွဲ့ဝင်များကဖျက်ဆီးခဲ့သည်ကို သိပါသလားဟုမေးမြန်းရာ တရားလိုရဲမှူးကအမှုတွဲတွင် တင်ပြထားသော မှတ်တမ်းဓာတ်ပုံအရ သိပါသည်ဟု ထွက်ဆိုသည်။ ရှေ့နေဖြစ်သူမှ ဆက်လက်ပြီး တရားလိုရဲမှူးအား အခင်းဖြစ်စဉ်တွင် သက်သေခံပစ္စည်းများကို ရဲများကဖျက်ဆီးပစ်ရမည်ဟု ရဲလက်စွဲတွင်လည်းကောင်း၊ ပြဋ္ဌာန်းဥပဒေများတွင်လည်းကောင်း ပြဋ္ဌာန်းပါရှိပါသလားဟုမေးမြန်းခဲ့ရာ ရဲမှူးက မရှိပါဟု ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါရုံးချိန်းစစ်ဆေးမှုကို ညနေ ၃ နာရီခန့်တွင် ရပ်နားခဲ့ပြီး ရုံးချိန်းနောက်တစ်ချိန်းကို သြဂုတ် ၁၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။ထိုနေ့တွင် ကလေးသူငယ်တရားရုံးတွင် အသက်မပြည့်သေးသည့် ကျောင်းသားနှစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ပြီး အာမခံပေးထားသည့် ဝန်းရံပြည်သူ ၁၁ ဦးအမှုကိုလည်း သြဂုတ် ၁၂ ရက်(ယနေ့) တွင် ဆက်လက်ရုံးချိန်းခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့ကို တရားစွဲဆိုခွင့်ပြုရန် ဖမ်းဆီးခံကျောင်းသားများက လျှောက်ထားမှု သာယာဝတီမြို့နယ်တရားသူကြီးပယ်ချ