၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် NLD ပါတီမှ ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်းများထဲတွင် လက်ရှိ၌ နုတ်ထွက်သူ ၁၂ ဦးရှိပြီး ယင်းနေရာတွင် ပြန်လည်အစားထိုးပေးနေကြောင်း ယင်းပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က The Daily Eleven သတင်းစာကို ပြောကြားသည်။အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မဲဆန္ဒနယ် အားလုံးနီးပါးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး သြဂုတ် ၁ ရက်တွင် မဲဆန္ဒနယ် ၁၁၃၃ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ထုတ်ပြန်ခဲ့သည်။“အန်ကယ်တို့ ပြန်အစားထိုးပေးတာ ရှိတယ်။ အခုဆို ၁၀ နေရာလောက် ရှိနေပြီ။ ရှိတယ်ဆိုတာက တခြားဟာကြောင့် မဟုတ်ဘူး။ တချို့က စီးပွားရေးကြောင့် မလွတ်မကင်းဖြစ်လို့ လာဖိအားပေးလို့ လာနုတ်ထွက်တာရှိတယ်။ တချို့က ကျန်းမာရေးကြောင့် နုတ်ထွက်တာရှိတယ်။ တချို့ကျတော့ အမှုအခင်းတွေ မပြီးသေးလို့ နုတ်ထွက်တာ ရှိတယ်။ အဲဒါမျိုးတွေကို အန်ကယ်တို့က ပြန်ပြီးတော့ ဒီစိစစ်ရေးအဖွဲ့ကနေပြီးတော့ ကိုယ်စားလှယ်လောင်း ပြန်စိစစ်ပြီးတော့ အစားထိုးပေးတယ်” ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က “နုတ်ထွက်တာ ၁၂ ဦးလောက်ရှိပြီ။ ဒီနေ့အထိပေါ့ (သြဂုတ် ၅ရက်)” ဟု ဆိုသည်။“ကန့်ကွက်တာကို ပြန်အစားထိုးတာ မဟုတ်ဘူးလေ။ ကန့်ကွက်တယ်ဆိုတာက အန်ကယ်တို့ ခုနကပြောတာ စီးပွားရေးအရ ပြန်နုတ်ထွက်တာတို့၊ အမှုအခင်း မပြီးသေးလို့ နုတ်ထွက်တာတို့၊ ကျန်မာရေးကြောင့် နုတ်ထွက်တာတို့ ဒီလိုဟာတွေကို ပြန်အစားထိုးပေးတာ။ ကန့်ကွက်တဲ့ သူတွေတော့ ကန့်ကွက်ခွင့်ရှိတယ်။ ကန့်ကွက်တာကို အန်ကယ်တို့ ဒါ သူတို့အခွင့်အရေးကို မပိတ်ပင်ဘူး။ အခွင့်အရေး ရှိတယ်။ ကန့်ကွက်တာကို ဘယ်လောက်မှန်တယ် မှားတယ်ဆိုတာ အန်ကယ်တို့ ပြန်သုံးသပ်မှာပါ။ ဒါပေမဲ့ ကန့်ကွက်တိုင်းလည်း အန်ကယ်တို့က အထောက်အထား မခိုင်လုံဘဲနဲ့ သုံးသပ်လို့ မရဘူး။ ဒါကတော့ ဘယ်ဘက်ပဲဖြစ်ဖြစ် တစ်ဖက်ကိုရွေးရင် တစ်ဖက်က ကန့်ကွက်မှာပဲ။ ဒီဘက်ကိုရွေးရင် ဟိုဘက်က ကန့်ကွက်မှာပဲ။ ဟိုဘက်ကိုရွေးရင် ဒီဘက်က ကန့်ကွက်မှာပဲ။ ဒီကန့်ကွက်တိုင်းကိုလည်း အန်ကယ်တို့က အစားထိုးတာ မဟုတ်ဘူး။ အန်ကယ်တို့က အခုန အန်ကယ်ပြောချင်တာက နုတ်ထွက်တာတို့၊ ကျန်းမာရေးကြောင့်တို့၊ အမှုမပြီးသေးလို့ ဒါနုတ်ထွက်တဲ့ လူတွေကို အန်ကယ်တို့က စိစစ်ရေးအဖွဲ့က CEC ထိုင်ပြီး ပြန်လည်သုံးသပ်ပေးတာ ဒါပဲ” ဟု ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်ကို သြဂုတ် ၈ ရက်မှ ၁၄ ရက်သို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်သတ်မှတ်ပေးထားသည်။လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၁၈ ရက်မှ ၂၇ ရက်အထိဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲဆန္ဒနယ် ၁၁၇၁ နေရာ သတ်မှတ်ထားရာ NLD အနေဖြင့် ဒေသအချို့တွင် ဝင်ပြိုင်မည့် ပါတီဝင်အင်အား မရှိသည့်အတွက် ဝင်မပြိုင်သည့် မဲဆန္ဒနယ်များ ရှိသကဲ့သို့ တိုင်းရင်းသားပါတီ ခေါင်းဆောင်အချို့ ဝင်ပြိုင်ရန်ရှိသည့် နေရာများကိုလည်း ဝင်ပြိုင်ရန်မရှိကြောင်း သိရသည်။ထို့ပြင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှင့် မဲဆန္ဒနယ်မြေစာရင်းများ ထုတ်ပြန်ထားချက်အရ ကိုယ်စားလှယ်လောင်း အများစုမှာ ဒေသခံများဖြစ်ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် အဖွဲ့ဝင် ၁၅ ဦးရှိရာ လာမည့် ရွေးကောက်ပွဲတွင် ၁၁ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ “အန်ကယ်တို့က စရွေးကတည်းကိုက မြို့နယ်စည်းနဲ့ မြို့နယ်အောင်နိုင်ရေးထဲက စရွေးတယ်။ မြို့နယ်က အခြေခံတယ်။ မြို့နယ်စည်းနဲ့ မြို့နယ်အောင်နိုင်ရေးက သူတို့မဲဆန္ဒနယ် ကိုယ်စားလှယ်ကို စရွေးတယ်။ ပြီးရင် ပြည်နယ်နဲ့တိုင်းကို ပေးပို့တယ်။ ပြည်နယ်၊ တိုင်းတွေက ပြန်လည်သုံးသပ်တယ်။ ပြီးလို့ရှိရင် အန်ကယ်တို့ ဗဟိုအောင်နိုင်ရေးကို ပို့တယ်။ ဗဟိုအောင်နိုင်ရေးမှာ ဗဟိုအောင်နိုင်ရေးအဖွဲ့နဲ့ ဗဟို CEC နဲ့ပေါင်းတယ်။ ကိုယ်စားလှယ်လောင်း စိစစ်ရေးကတစ်ဖွဲ့၊ တခြားအန်ကယ်တို့ NLD နဲ့ လုံးဝမပတ်သက်တဲ့ အဖွဲ့ဝင်လည်း မဟုတ်တဲ့ နီးစပ်မှုမရှိတဲ့ ပညာရှင်တွေက သုံးသပ်တာ သက်သက်တစ်ဖွဲ့၊ အဲဒီနှစ်ဖွဲ့ရဲ့ သုံးသပ်ချက်နှစ်ခုကို ယှဉ်ပြီးတော့မှ CEC ကနေပြီးတော့ ဆုံးဖြတ်လိုက်တာ” ဟု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် NLD ပါတီမှ ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်းများထဲတွင် လက်ရှိ၌ နုတ်ထွက်သူ ၁၂ ဦးရှိပြီး ပြန်လည်အစားထိုးနေကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် ပြောကြား