ရေဘေးဒဏ်သင့် မြန်မာပြည်သူလူထုအတွက် ဝမ်းနည်းကြောင်း အာဆီယံအတွင်းရေးမှူးချုပ် စာပေးပို့

ရေဘေးဒဏ်သင့် မြန်မာပြည်သူလူထုအတွက် ဝမ်းနည်းကြောင်း အာဆီယံအတွင်းရေးမှူးချုပ် စာပေးပို့
Published 5 August 2015

ရေလွှမ်းမိုးမှုကြောင့် အတိ ဒုက္ခရောက်ခဲ့ရသော ရေဘေးဒဏ်သင့် မြန်မာပြည်သူလူထုအတွက် ဝမ်းနည်းကြောင်း အာဆီယံအတွင်းရေးမှူးချုပ် လီလောင်မင်းက သြဂုတ် ၅ ရက်တွင် စာပေးပို့ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ လိပ်မူပြီး ပေးပို့ခဲ့သော အာဆီယံအတွင်းရေးမှူးချုပ်၏ စာသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ သြဂုတ် ၅ ရက်က ပြုလုပ်သော အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ဝန်ကြီးအဆင့် အစည်းအဝေး ကာလအတွင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ သြဂုတ် ၅ ရက် မတိုင်ခင်က မြန်မာရေဘေးနှင့် ပတ်သက်၍ အာဆီယံအတွင်းရေးမှူးချုပ်က တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း မရှိပေ။အာဆီယံအတွင်းရေးမှူးချုပ်၏ ပေးစာတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အာဆီယံလူသားချင်း စာနာထောက်ထားမှု ပူးပေါင်းစင်တာ (AHA Center) က စောင့်ကြည့်နေသည့်နည်းတူ မြန်မာအစိုးရနှင့် ပူးပေါင်းပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်မည်ဟု ဖော်ပြခဲ့သည်။ထို့အပြင် မြန်မာနိုင်ငံက နိုင်ငံတကာ အထောက်အပံ့ တောင်းခဲ့ခြင်းအပေါ် အရေးပေါ် သတင်းအချက်အလက်နှင့် ဆက်သွယ်ဆောင်ရွက်မှု အထောက်အပံ့များ အပါအဝင် မြန်မာ့အရေးပေါ်ဆောင်ရွက်မှုစင်တာ (EOC) နှင့် ပူးပေါင်းပြီး လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးသွားမည်ဆိုသော အချက်များ ပါဝင်ခဲ့ပါသည်။