တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (မူကြမ်း) ညှိနှိုင်းမှု ကိုးကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို သြဂုတ် ၆ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်မည်

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (မူကြမ်း) ညှိနှိုင်းမှု ကိုးကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို သြဂုတ် ၆ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်မည်
Published 4 August 2015

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ညှိနှိုင်းမှု ကိုးကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ သြဂုတ် ၆ ရက်မှ စတင်ပြုလုပ်ရန် နှစ်ဖက်ညှိနှိုင်းထားကြောင်း သတင်းရရှိသည်။    အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ ဒုတိယမြောက် တရားဝင်ညှိနှိုင်းမှုလည်းဖြစ်ပြီး ယခင်က UPWC နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ညှိနှိုင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။    လာမည့်ဆွေးနွေးပွဲနှင့်ပတ်သက်၍ Myanmar Peace Center မှ ဦးအောင်နိုင်ဦးက "၆ ရက်နေ့ ရန်ကုန်မှာတွေ့ဖို့ရှိတယ်။ သိပ်အများကြီးမကျန်တော့ဘူး။ ညှိထားတာက အကြမ်းဖျင်းကတော့ စာချုပ်ကတော့ ဘာမှပြဿနာမရှိဘူး။ ပြေလည်သွားမှာပေါ့လေ။ ဘယ်သူလက်မှတ်ထိုးမလဲဆိုတဲ့ကိစ္စ အားလုံးပါဝင်ရေးပေါ့။ အဲဒီကိစ္စကတော့ နည်းနည်းဆက်ဆွေးနွေးရမယ့်သဘောရှိတယ်။ ၆ ရက် အစည်းအဝေးက တစ်ရက်တည်းနဲ့လည်း ပြီးချင်ပြီးသွားမယ်။ တစ်မနက်နဲ့လည်း ပြီးချင်ပြီးသွားမယ်" ဟုပြောကြားသည်။    တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာ၌ ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း သတ်မှတ်ရေးကိစ္စတွင် နှစ်ဖက်အကြား သဘောထားကွဲလွဲနေပြီး ယခု၂၀၁၅ နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ကိုးကန့်အဖွဲ့ (MNDAA) ကို အစိုးရက လုံးဝလက်ခံမည်မဟုတ်ကြောင်း သိရသည်။    ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်ဖွဲ့ (AA)၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU)၊ "ဝ" အမျိုးသားအဖွဲ့ချုပ် (WNO)၊  ရခိုင်အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့များပါဝင်ရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က လိုလားနေပြီး ပါဝင်ရေး၊ မပါဝင်ရေးကိစ္စ နှစ်ဖက်သဘောတူညီမှု မရသေးပေ။    အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် အဖွဲ့အစည်းအားလုံးပါဝင်နိုင်ရေးကို အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) က ဆက်လက်ညှိနှိုင်းသွားရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးက ထုတ်ပြန်ခဲ့သည်။    လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ရှိရာ အစိုးရနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ထားသည့် အဖွဲ့ ၁၄ ဖွဲ့နှင့် တိုက်ပွဲလျှော့ချရေး ဆွေးနွေးထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တို့ကိုသာ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် လတ်တလောပါဝင်ရန် အစိုးရကလိုလားနေပြီး ကျန်အဖွဲ့များ ဆက်လက်ပါဝင်လာရေးကိုမူ နည်းလမ်းရှာဖွေသွားမည်ဆိုသည့် စဉ်းစားမှုမျိုးရှိနေကြောင်း သိရသည်။