SSS ကုမ္ပဏီက အခွန်လွတ်တင်သွင်းလာသည့် ကားများအားလုံးအတွက် အခွန်ပြန်ကောက်မည်

SSS ကုမ္ပဏီက အခွန်လွတ်တင်သွင်းလာသည့် ကားများအားလုံးအတွက် အခွန်ပြန်ကောက်မည်
Published 4 August 2015
အောင်ရဲကို

အခွန်လွတ်ဖြင့် တင်သွင်းလာသည့် Super Seven Star (SSS) ကုမ္ပဏီမှ မော်တော်ယာဉ်များကို အခွန်ပြန်ကောက်ရန် အစိုးရအဖွဲ့မှ ညွှန်ကြားခဲ့ကြောင်း သိရသည်။ကားအစီးရေ ၄၅၀၀ အထိ အခွန်လွတ်ဖြင့်တင်သွင်းခွင့်ရရှိထားသော Super Seven Star (SSS) ကုမ္ပဏီမှတင်သွင်းသည့် မော်တော်ယာဉ်များတင်သွင်းခွင့်စနစ်ဖြင့် ကိုက်ညီမှုမရှိကြောင်း တိုင်ကြားချက်အရ ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ဇူလိုင် ၉ ရက်က မြေပြင်ချစစ်ဆေးခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ထပ်မံစစ်ဆေးခဲ့ကာ အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။အစိုးရအဖွဲ့မှ ယင်းစစ်ဆေးချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီးနောက် Super Seven Star (SSS) ကုမ္ပဏီမှတင်သွင်းသည့် မော်တော်ယာဉ်များကို Complete Build Unit စနစ် (လက်ရှိကားတင်သွင်းစီးနင်းနေသည့်စနစ်) ဖြင့်ကောက်ခံရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။Super Seven Star(SSS) ကုမ္ပဏီမှ မော်တော်ယာဉ်များကို အဓိကစစ်ဆေးခဲ့သည့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက "ကျွန်တော်တို့ ဘဏ္ဍာရေးဝန်ကြီးဌာနကနေ စစ်ဆေးပြီးတော့ အစိုးရအဖွဲ့ထံတင်ပြခဲ့ရတယ်။ အစိုးရအဖွဲ့က ဒါကဘယ်လိုမှမကိုက်ညီဘူး။တစ်စီးလုံးနီးပါးတင်သွင်းနေတဲ့အတွက်ကြောင့် အခု (SSS) ကုမ္ပဏီကတင်သွင်းတဲ့ကားတွေကို CBU အခွန်စနစ်နဲ့ကောက်ခံသွားမယ်" ဟု သြဂုတ် ၄ ရက်က ပြောကြားသည်။ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် စစ်ဆေးနေသော Super Seven Star (SSS) ကုမ္ပဏီမှ ကားအစီးရေ ၃၀၆ စီးကို Complete Build Unit စနစ် (လက်ရှိကားတင်သွင်းစီးနင်းနေသည့်စနစ်) ဖြင့် အခွန်ပြန်လည်ကောက်ခံမည်ဖြစ်ပြီး ကျပ် ၁၅ ဘီလျံမှ ဘီလျံ ၂၀ ဝန်းကျင်အထိ ရရှိလာမည်ဖြစ်သည်။ယခုစစ်ဆေးမှုဖြစ်စဉ်မတိုင်ခင်က (SSS) ကုမ္ပဏီက ဒေါ်လာသန်း ၆၀ ကျော်ဖိုးရှိ ကားအစီးရေ  ၆၃၂ စီးအထိ လိုင်စင်ခွင့်ပြုပေးထားပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်ထားပြီးဖြစ်သော ကားများကိုမှု ပြန်လည်စစ်ဆေးအခွန်ကောက်ခံရန်မရှိကြောင်း သိရသည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က SSS ကုမ္ပဏီကို ၂၀၁၂  ခုနှစ် ဒီဇင်ဘာမှစတင်ကာ သုံးနှစ်အတွင်း အစီးရေ  ၄၅၀၀ တင်သွင်းထုတ်လုပ်ခွင့်ပြုထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုသည့်အတွက် အခွန်ကင်းလွတ်ခွင့်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့သော် MIC ကခွင့်ပြုပေးရာတွင် ကိုရီးယားနိုင်ငံထုတ် KIA ကားအမျိုးအစားထဲမှ Optima 1500, Sportage 1500, Sorento 1500 စီးတို့အား သုံးနှစ်အတွင်း ထုတ်လုပ်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။ထိုသို့တင်သွင်းထုတ်လုပ်ရာတွင်လည်း Semi Knocked Down (SKD) စနစ် (အစိတ်အပိုင်းများတင်သွင်းပြီး ပြန်လည်တပ်ဆင်ထုတ်လုပ်သည့်စနစ်) ဖြင့် တင်သွင်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။လက်ရှိဖြစ်စဉ်တွင် SSS ကုမ္ပဏီမှတင်သွင်းခဲ့သည့်ကားများမှာ ခုံနှင့်တံခါးများ တစ်ခါတည်း ကားကိုယ်ထည်ဖြင့် တပ်ဆင်တင်သွင်းခြင်း၊ စတီယာရင်များအား အပြီးတပ်ဆင်လာပြီး တင်သွင်းခြင်း၊ ကားကိုယ်ထည်တွင် နံပါတ်များရိုက်ထားခြင်းအပါအဝင် (SKD) စနစ်သတ်မှတ်ချက်ဖြင့်မညီဘဲ တင်သွင်းလာကြောင်း ဓာတ်ပုံမှတ်တမ်းများထွက်ပေါ်ခဲ့သည်။ယင်းအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ SSS ကုမ္ပဏီသို့တင်သွင်းခွင့်ပြုထားသော Optima , Sportage , Sorento အမျိုးအစားသုံးမျိုးကိုသာ (SKD) စနစ်ဖြင့် တင်သွင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသော်လည်း ဇူလိုင် ၉ ရက်က စစ်ဆေးခဲ့သည့်ဖြစ်စဉ်တွင် Rio နှင့် Carens အမျိုးအစားကဲ့သို့သော ခွင့်ပြုပေးထားသည့် အမျိုးအစားသုံးခုတွင်မပါဝင်သည့် ကားများကိုပါ တင်သွင်းလာကြောင်း ဌာနဆိုင်ရာများမှ တွေ့ရှိခဲ့သည်။ထိုသို့တင်သွင်းလာမှုမှာ SKD စနစ်ဖြင့်မဟုတ်တော့ဘဲ ကားအစီးလိုက်နီးပါး တင်သွင်းသည့်သဘောဖြစ်နေပြီး ပြည်တွင်း၌ အနည်းငယ်ပြန်ဆင်ရုံဖြင့် ကားအစီးလိုက် အသင့်ရောင်းနိုင်သည့် အနေအထားဖြစ်ကြောင်း SKD စနစ်ဖြင့်မညီတော့ဘဲ CBU စနစ် (လက်ရှိကားတင်သွင်းသည့်စနစ်)ဖြင့်လည်း မကွာတော့ကြောင်း၊ သို့သော် အခွန်ကင်းလွတ်ခွင့်ရရှိပြီး တင်သွင်းသည့်အတွက် နိုင်ငံတော်အခွန်နစ်နာကြောင်း CBU  စနစ်ဖြင့် တင်သွင်းသည့်ကားများကို ကောက်ခံသည့်အခွန်အတိုင်း ကောက်ခံသင့်သည်ဟု ကားလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအချို့က သုံးသပ်ထားကြသည်။လက်ရှိ SSS ကုမ္ပဏီမှတင်သွင်းရာတွင် SKD ဖြင့်တင်သွင်းခွင့်ရရှိသည့် ကားများအတွက် အကောက်ခွန်ရာခိုင်နှုန်း ၄၀ သို့မဟုတ် ရာခိုင်နှုန်း ၃၀ နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်းမှာ လုံးဝကင်းလွတ်ခွင့်ရသည့်အပြင် ကညနမှ ယာဉ်မှတ်ပုံတင်ရာတွင်လည်း ပြည်ပမှတင်သွင်းယာဉ်မှတ်ပုံတင်ကြေးကိုလည်း ပေးဆောင်ရမှုမရှိဘဲ ကင်းလွတ်ခွင့်ရရှိထားကြောင်း သိရသည်။ကွဲလွဲတင်သွင်းမှုများတွေ့ရှိနေရသည့်အတွက် နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်ငွေရရှိမှုမရှိဘဲ အစီးရေ ၄၅၀၀ အားလုံးကိုသာ အခွန်လွတ်ပေးလိုက်လျှင် နိုင်ငံတော်မှ ကျပ်ဘီလျံပေါင်း ၁၃၀ နီးပါး နစ်နာဆုံးရှုံးမည့်အရေးကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။SSS ကုမ္ပဏီအား သုံးနှစ်အခွန်ကင်းလွတ်ခွင့်၊ SKD စနစ်ဖြင့် ကားထုတ်လုပ်ခွင့်ချထားပေးခဲ့စဉ်က MIC ဥက္ကဋ္ဌမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတာဝန်ယူစဉ်ကဖြစ်ကြောင်း သိရသည်။

Most Read

Most Recent