နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုနေ့ ကတိပြုချက်တွင် လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုနေ့ ကတိပြုချက်တွင် လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့ တွေ့ဆုံဆွေးနွေး
Published 4 August 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) က နေပြည်တော်၌ ‘ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ’ ကတိပြုချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီစသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးခုမှ ကိုယ်စားလှယ်များနှင့် သြဂုတ် ၃ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် လာမည့် သြဂုတ် ၆ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်း အပြီးသတ်နိုင်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက “NCA အကြောင်း ဆွေးနွေးကြတာပါ။ NCA အထမြောက်အောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုပြီး လာပြီးတော့ ညှိနှိုင်းဆွေးနွေးဖြစ်ကြတာပဲ ဖြစ်ပါတယ်။ သမ္မတကြီး အနေနဲ့တော့ ဒီ NCA ကို အပြီးသတ်ပြီးတော့ နိဂုံးချုပ်ချင်ပါပြီ။ ဒီလာမယ့် ကိုးကြိမ်မြောက် အစည်းအဝေးမှာပေါ့။ NCA ကို အပြီးသတ်ပြီးတော့ အစိုးရအနေနဲ့ ရရှိလာတဲ့ NCA ကို နိုင်ငံပိုင်သတင်းစာမှာ ကြေညာမယ်။ အများပြည်သူလူထုတွေ အားလုံးသိရှိအောင်။ ထို့အတူ သမ္မတကြီးအနေနဲ့ ဒီလက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်သွားမယ်ဆိုတဲ့ အကြောင်းကို သိရပါတယ်” ဟု ပြောကြားသည်။အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အချို့က နိုင်ငံတော်သမ္မတအား သမ္မတသက်တမ်း ဒုတိယအကြိမ် ဆက်လက်ထမ်းဆောင်ရန် ပြောဆိုဆွေးနွေးမှု ရှိခဲ့ကြောင်း သိရသည်။အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ ဦးလှမောင်ရွှေက “နံပါတ် (၁) ကတော့ NCA စာချုပ် ပြီးမြောက်ဖို့ပေါ့။ နံပါတ် (၂) ကတော့ NCA အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့ပေါ့။ နံပါတ် (၃) ကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်ဖို့အတွက် မူဘောင်ဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်ဖို့အတွက် လာဆွေးနွေးတာပါ။တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးတဲ့အပေါ်မှာ သမ္မတကြီးက သူ့သဘောထားတွေ ပြန်ပြီးတော့ ပေးတာရှိပါတယ်။ အဲဒါတွေက ဆွေးနွေးပွဲအတွက် အထောက်အကူပြုပြီး ရလဒ်ကောင်းတွေ ရဖို့ပါပဲ” ဟု တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပြောကြားသည်။နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များသည် ‘ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ’ ကတိပြုချက်ကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။