လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါက ရင်ဆိုင်သွားမည်ဟု ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးရွှေမန်းက တုံ့ပြန်ပြောကြားသည်။
သူရဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာတွင် ဇူလိုင် ၂၈ ရက် ရက်စွဲဖြင့် ဘီဘီစီမြန်မာပိုင်း (ရန်ကုန်ရုံးခွဲ) တာဝန်ခံ ဦးဘမော်နှင့် တွေ့ဆုံမေးမြန်းမှုအချို့မှ ကောက်နုတ်ဖော်ပြချက်ဟုဆိုကာ “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် ဇေယျာသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးပါရန် အနည်းငယ်သော တပ်မတော်သားအချု့ိမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့မှုအပေါ် မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ မိမိအနေဖြင့် တာဝန်ယူနိုင်ကြောင်းနှင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါကလည်း ရင်ဆိုင်သွားမည် ဖြစ်ပါသည်”ဟု တုံ့ပြန်ပြောဆိုရေးသားထားသည်။
Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သူရဦးရွှေမန်းအား လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုခြင်းစာတွင် သူရဦးရွှေမန်းသည် ဇေယျာသီရိမြို့နယ်မှ ပြည်သူများနှင့် တပ်မတော်သားများက ဆန္ဒမဲပေးပြီး ရွေးချယ်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသူဖြစ်ကြောင်း ပါရှိသည်။
ထို့ပြင် သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုများအား ကြိုတင်အသိပေးခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပြင်ဆင်ရန် ပြုလုပ်ခဲ့ခြင်းသည် မိမိတို့ တပ်မတော်နှင့် တပ်မတော်သားများအပေါ် ပြည်သူပြည်သားများက အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟုလည်း ပါရှိသည်။
ဆက်လက်ပြီး သူရဦးရွှေမန်းသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိမည်ဟု အထင်ကြီးလေးစားယုံကြည်မှုများဖြင့် တပ်မတော်သားများ မိသားစုများက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆန္ဒမဲပေးပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို့အား ယခုကဲ့သို့ပြုမူဆက်ဆံဆောင်ရွက်ခဲ့ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ကျင့်ဝတ်သိက္ခာကို ချိုးဖောက်ရာကျသည်ဟု ရေးသားထားသည်။
၂၄-၇-၂၀၁၅ ရက်စွဲပါ အဆိုပါစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူထားသည်ကို တွေ့ရသည်။ သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဖြစ်သောကြောင့် ယခုတိုင်တန်းချက်တွင် လက်မှတ်ရေးထိုးသူ ၁၇၄၀ ဖြစ်သဖြင့် ၂ ဒသမ ၇၃၄ ရာခိုင်နှုန်းဖြစ်ပါကြောင်းလည်း ပါရှိသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးပါရန် ယင်းမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက တိုင်ကြားထားသည့်ကိစ္စများတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၇ အရ လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားခြင်း မရှိသေးဆိုသည့် အကြောင်းပြချက်ဖြင့် အရေးယူဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရာ တိုင်ကြားမှု ခုနစ်မှုခန့် ရှိကြောင်း သိရှိရပါသည်ဟု ပါရှိသည်။
ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးရွှေမန်းအား တာဝန်မှ ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုခြင်းသတင်းများ ထွက်ပေါ်နေမှု နှင့် ပတ်သက်၍ မသိရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးဝင်းကြည်က ဇူလိုင် ၂၆ ရက်တွင် Eleven Media Group သို့ ပြောကြားထားသည်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်တွင်း နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီး အစီရင်ခံစာ ထပ်မံတင်ပြရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇူလိုင် ၂၃ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အဆိုပါ ဥပဒေကြမ်းအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဇူလိုင်လက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဇူလိုင် ၂၁ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ကာ ကိုယ်စားလှယ်အများစုမှာ ဥပဒေကြမ်းအား ပြန်လည်ဆွေးနွေးရန်နှင့် ဆိုင်းငံ့ထားသင့်ကြောင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် သူရဦးရွှေမန်းသည် နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအား ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ဖြူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါက ရင်ဆိုင်သွားမည်ဟု သူရဦးရွှေမန်း တုံ့ပြန်