၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု သတ်မှတ်ကြေညာထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဝင် ရောက်ယှဉ်ပြိုင်ရန် အဆိုပြုထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀၀၀ နီးပါးရှိပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအဖွဲ့ဝင်များ၏ ကိုယ်စားလှယ်လောင်းစာရင်းများကို စိစစ်ရန် ဗဟိုသို့ တင်ပြထားပြီး ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားထားသည့် တတ်သိပညာရှင်များ အပါအဝင် ကိုယ်စားလှယ်လောင်းများစာရင်းကို တစ်ရက်နှစ်ရက်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
NLD မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု ထားသည့် ကိုယ်စားလှယ်လောင်းအရေအတွက်နှင့် ပတ်သက်၍ ဦးထွန်းထွန်းဟိန်က “ကျွန်တော်တို့ဆီမှာတော့ ခန့်မှန်းပေါ့။ ကိုယ်စားလှယ်လောင်း တိုင်းနဲ့ပြည်နယ်ကနေ တင်လာတာ သုံးထောင်ကျော် လေးထောင်နီးပါး ရှိပါတယ်။ ဒါဒီဘက်က တတ်သိတွေနဲ့ ဖိတ်ကြားထားတာတွေ မပါသေးဘူးပေါ့။ အဓိက ကတော့ ပြည်သူလူထု နှစ်သက်သဘောကျတဲ့သူဖြစ်ဖို့ပါပဲ။ ပြည်သူလူထု သဘောကျတဲ့သူ ရွေးမှာဆိုတော့ ပြည်နယ်တွေမှာဆိုလို့ရှိရင် နယ်ခံကို ဦးစားပေးပြီး ရွေးမှာပေါ့ဗျာ။ ရက်ပိုင်းအတွင်း ထုတ်ပြန်ဖို့ရှိပါတယ်။ တစ်ရက် နှစ်ရက်အတွင်းဖြစ်မှာပါ”ဟု ပြောကြားသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်အချို့အပါအဝင် NNER မှ ဒေါက်တာသိန်းလွင်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာသန်းဝင်း၊ YSPS မှ မဇင်မာအောင်၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း စသည်တို့အပါအဝင် တတ်သိပညာရှင်များ NLD ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ ကို တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ထားရာ မဲဆန္ဒနယ် ၃၃၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ ခုစီ သတ်မှတ်ထားရာ မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ကို တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နေရာ သတ်မှတ်ထားရာ မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၁ နယ်ရှိပြီး လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၈ ရက်အကြား ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
NLD ပါတီမှ ဝင်ပြိုင်ရန် အဆိုပြုထားသည့် ကိုယ်စားလှယ်လောင်း ၄၀၀၀ နီးပါးရှိပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ရက်ပိုင်းအတွင်း ကြေညာမည်