သေဆုံးမှုများ၏ ထက်ဝက်ကျော်မှာ မကူးစက်တတ်သောရောဂါများကြောင့်ဖြစ်ပြီး ထိုရောဂါများသည် မြန်မာနိုင်ငံတွင် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြောကြား

သေဆုံးမှုများ၏ ထက်ဝက်ကျော်မှာ မကူးစက်တတ်သောရောဂါများကြောင့်ဖြစ်ပြီး ထိုရောဂါများသည် မြန်မာနိုင်ငံတွင် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြောကြား
Published 28 July 2015
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

သေဆုံးမှုများ၏ ထက်ဝက်ကျော်မှာ မကူးစက်တတ်သောရောဂါများကြောင့်ဖြစ်ပြီး ထိုရောဂါများသည် မြန်မာနိုင်ငံတွင် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ဇူလိုင် ၂၈ ရက်က နေပြည်တော်၌ကျင်းပသည့် "အမျိုးသားအဆင့်ကျန်းမာရေးညီလာခံ" ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။မြန်မာနိုင်ငံတွင် သေဆုံးမှုများ၏ ၅၉ ရာခိုင်နှုန်းမှာ မကူးစက်တတ်သောရောဂါများကြောင့်ဖြစ်ကြောင်း၊ အသက် ၃၀ မှ ၇၀ အကြားရှိသူများ၏ လေးပုံတစ်ပုံမှာ မကူးစက်တတ်သောရောဂါများကြောင့် သေဆုံးနိုင်ကြောင်း၊ မကူးစက်တတ်သောရောဂါများဖြစ်ပွားမှုသည်လည်း ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေကြောင်းနှင့် မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် အထူးသဖြင့် ပြည်သူလူထုကို ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်ရှိသည့် အပြုအမူများနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း လိုအပ်ပါကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော အစီရင်ခံစာများအရ ပြည်သူများတွင် သွေးတိုးဖြစ်ပွားခြင်း၊ အဝလွန်ခြင်းနှင့် ဆေးလိပ်/ဆေးရွက်ကြီးသုံးစွဲခြင်းသည် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများထက် ပိုမိုမြင့်မားနေကြောင်း သိရသည်။ထို့ပြင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးသည် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံတွင် တည်ဆောက်ရေးလုပ်ငန်းများစီမံချက်များကြောင့် ဂေဟစနစ်ဖောက်ပြန်ပျက်စီးခြင်း၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ခြင်း၊ နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာမှုများ ပွင့်လင်းလာခြင်းများကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကိုလည်း ကြုံ တွေ့နေရကြောင်းနှင့် အသစ်ဖြစ်ပေါ်လာသော ကူးစက်ရောဂါများနှင့် ပြန်လည်ဦးမော့လာသော ကူးစက်ရောဂါများသည်လည်း ကျန်းမာရေးဝန်ကြီးဌာနမှလုပ်ဆောင်နေသည့် စဉ်ဆက်မပြတ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းစနစ်ကို စိန်ခေါ်နေပါကြောင်း  ပြောကြားသည်။ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးကဏ္ဍအတွက် ဘဏ္ဍာငွေကျပ် ၇၅၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၆၀၂သန်း) ခွဲဝေချထားပေးခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ခွဲဝေချထားမှုထက် ရှစ်ဆကျော်တိုးမြှင့်ချထားပေးခဲ့ကြောင်းနှင့် ရန်ပုံငွေတိုးမြှင့်ချထားပေးမှုကြောင့် အဓိကလိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို ၂၀၁၁ ခုနှစ်ကထက် ၃၅ ဆ တိုးမြှင့်ဝယ်ယူနိုင်ခဲ့ကြောင်းနှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၂ သန်းခန့် ဆေးနှင့်ဆေးပစ္စည်းများကို ယခင်နှစ်ကထက် ဝယ်ယူခဲ့ကြောင်း သိရသည်။ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အစိုးရမှ ရန်ပုံငွေများ တိုးမြှင့်ပေးခဲ့ခြင်းကြောင့် ကျန်းမာရေးအတွက် လူနာများမှ စိုက်ထုတ်ကုန်ကျရငွေသည် ၂၀၁၁ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ မှ ၂၀၁၄ ခုနှစ်တွင် ရာခိုင်နှုန်း ၆၀ အထိလျှော့ချနိုင်ခဲ့ကြောင်းနှင့် ယခုအချိန်သည် လူမှုရေးထောက်ပံ့မှုများပေးနိုင်ရေးစနစ်ကို တည်ဆောက်နေချိန်ဖြစ်ပြီး မရှိမဖြစ်ဆောင်ရွက်ပေးသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သတ်မှတ်ရန် ပုံငွေလုံလောက်စွာရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။အဆိုပါဖိုရမ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် ကျန်းမာရေးဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် ကျန်းမာရေးအရေးပါပုံနှင့် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်အတွက် သိသာထင်ရှားစွာလိုအပ်မှုတို့ကို အလေးပေးဆွေးနွေးလျက်ရှိကြောင်း၊ အမျိုးသားဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများက ရင်းနှီးမြှုပ်နှံရန် ဦးစားပေးကဏ္ဍများတွင် ဖော်ထုတ်သတ်မှတ်ကြမည်ဖြစ်ပြီး ယခုဆွေးနွေးပွဲသည် ကျန်းမာရေးကဏ္ဍတွင်ရှိသော တိုးတက်မှုများကို ပြသနိုင်ရန်နှင့် အနာဂတ်အတွင်း ၎င်းတို့၏စီမံကိန်းများကို တင်ပြနိုင်သော ပွဲဖြစ်ကြောင်းနှင့် ဖိုရမ်၏အဓိကရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်ရမည့် လူတိုင်းလက်လှမ်းမီကျန်းမာရေးဝန်ဆောင်မှုစနစ်ကို လျှောက်လှမ်းမည့် လမ်းကြောင်းပေါ်တွင် စတင်စေရန်ဖြစ်ကြောင်း သိရသည်။ဖိုရမ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် H.E.Mr Derek J. Mitchell အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများမှ ပညာရှင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာဟောပြောပို့ချသူများ၊ နိုင်ငံတကာနှင့် နှစ်နိုင်ငံဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ဖော်ကိုင်ဖက်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံအမျိုးသားဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပညာရှင်များအပါအဝင် ကျန်းမာရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာမဟုတ်သော လှုပ်ရှားဆောင်ရွက်သူ ၇၀၀ ခန့်တက်ရောက်လျက်ရှိကြောင်း သိရသည်။