အိမ်ခြံမြေဈေးကွက် အေးခြင်း သွက်ခြင်းမှာ အကြောင်းတရားများစွာအပေါ် မူတည်နေပြီး အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလများကို စောင့်ကြည့်နေဟု ဆို

အိမ်ခြံမြေဈေးကွက် အေးခြင်း သွက်ခြင်းမှာ အကြောင်းတရားများစွာအပေါ် မူတည်နေပြီး အများစုမှာ ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလများကို စောင့်ကြည့်နေဟု ဆို
Published 26 July 2015
နီလာ

အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးခြင်း၊ အရောင်းအဝယ် သွက်ခြင်း ဆိုသည်မှာ ရွှေဈေးတက်ခြင်း၊ ဒေါ်လာဈေးမြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး လျော့ကျခြင်း စသည့် အကြောင်းတရား များစွာအပေါ် မူတည်နေကြောင်း၊ သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလများတွင်မူ အိမ်ခြံမြေဈေးကွက် လှုပ်ခတ်နိုင်မှု ရှိမရှိကိုမူ အများစုက စောင့်ကြည့်နေကြကြောင်း သိရသည်။လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရောင်းအဝယ် အေးနေခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက် ကျဆင်းသွားသည့်အတွက် ဈေးကွက်တွင် လည်ပတ်နေသော ငွေကြေးများလည်း ငွေသေများ ဖြစ်သွားကြောင်း၊ လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်ထက် ရင်းနှီးမြှုပ်နှံသူများ တစ်နည်းအားဖြင့် ဈေးကစားလိုသူများ အာရုံကျနေသည်မှာ ဒေါ်လာဈေးကွက် ဖြစ်နေကြောင်းလည်း သိရသည်။“အိမ်ခြံမြေဈေးကွက်က အေးနေတာက တစ်နိုင်ငံလုံးမှာ အေးနေတာပါ။ ဒါက ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ဒါပေမဲ့ နေရာလေးတွေ ကွက်ကွက်ပြီးတော့ သူ့နေရာနဲ့သူ အရောင်းအဝယ် ဖြစ်နေတယ်။ တစ်ချိန်တည်းမှာပဲ စီမံကိန်းတွေရှိတဲ့ နေရာမှာ စီမံကိန်းတွေ ရှိတယ်ဆိုတဲ့ အချိန်မှာ ဈေးကွက်က လှုပ်လှုပ်သွားတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဒုတိယဥက္ကဋ္ဌ (၁) ဦးသန်းဦးက ဇူလိုင် ၂၅ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားသည်။“တစ်ချိန်တည်းမှာပဲ အိမ်ခြံမြေဈေးကွက် အေးပင်အေးငြားသော်လည်း သူ့အချိန်ကာလအလိုက် ဥပမာဆိုပါတော့ မေလကုန် ဇွန်လဆန်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး အရမ်းမြင့်တက်ပြီး ကျပ်ငွေတန်ဖိုး ကျသွားတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းကာလမှာ ငွေကြေးလဲလှယ်နှုန်းက တစ်ဒေါ်လာကို ၁၄၀၀ အထိ ဖြစ်ပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် ၁၀ ရက်မှာ မြန်မာကျပ်ငွေဟာ တစ်ဒေါ်လာကို ၁၃၀၀ အထိ ဖြစ်သွားတယ်ဆိုတာ စာနယ်ဇင်းတွေ ဖော်ပြပြီး ဖြစ်ပါတယ်။ ခုချိန်မှာ ဒေါ်လာဈေး အလှုပ်အခတ်ကြောင့် ရွှေဈေးပါလိုက်ပြီး လှုပ်ခတ်တယ်။ အိမ်ခြံမြေဈေးလည်း အထိုက်အလျောက်လိုက်ပြီး လှုပ်ခတ်သွားတယ်ဆိုတာ တချို့လည်း သိလိုက်မှာပါ။ ဆိုတော့ ပြောချင်တာက အေးပါတယ်ဆိုတဲ့ ကြားထဲက ခုနကပြောတဲ့ အကြောင်းကြောင်းတွေကြောင့် ဥပမာဆိုပါတော့ ဒေါ်လာဈေးတက်လို့ ရွှေဈေးတက်တယ်။ ရွှေရဲ့ သဘောသဘာဝက ရွှေဈေးတက်ရင် ရွှေကို ပြန်ထုတ်ရောင်းကြတယ်။ ရွှေဈေးကျရင် ရွှေကို ပြန်ဝယ်ကျတယ်။ ခုဆို ရွှေဈေးက ရှစ်သိန်းနား ရောက်နေပြီ။ ၇၅၀၀၀၀ လို့ပြောတယ်။ နည်းနည်း ပြန်ကျတယ်လို့ ပြောတယ်။ မနေ့ကဆို ဒေါ်လာဈေးကလည်း ကျပ် ၁၂၅၃ ဖြစ်သွားတယ်။ ဆိုတော့ အဲလို ရွှေရယ် ဒေါ်လာရယ် အိမ်ခြံမြေဈေးကွက်က ဆက်စပ်နေတယ်။ တစ်ခါတလေကျလို့ရှိရင် သူက လိုက်လျောညီထွေ ပတ်သက်မှုတွေ ရှိတယ်။ အဲလို အခြေအနေမျိုးမှာ လှုပ်ခတ်မှုတွေ ရှိပါတယ်” ဟုလည်း ဦးသန်းဦးက ဆက်လက်ပြောကြားသည်။ထို့ပြင် ၂၀၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အေးသည် ဆိုသော်လည်း မဖြစ်မနေ ငှားရမ်းရသည့် တိုက်ခန်းအငှားဈေးကွက်မှာ အလုပ်ဖြစ်ကာ ပုံမှန်ထက် တစ်ခန်းလျှင် ကျပ်ငါးသောင်းဝန်းကျင်အထိ ဈေးမြင့်တက်မှုများ ရှိခဲ့ကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ၂၀၁၄ စက်တင်ဘာ နောက်ပိုင်းမှစ၍ အိမ်ခြံမြေ အရောင်းအဝယ် သိသိသာသာ ကျဆင်းလာခဲ့သည်။“သို့သော် တစ်နိုင်ငံလုံးရဲ့ ဈေးကွက်ကို ကြည့်မယ်ဆိုရင်တော့ အေးတယ်ပေါ့။ ဘာကြောင့်အေးတာလဲဆိုရင် အဓိက လူပြောများတာကတော့ ၂၀၁၅ ရွေးကောက်ပွဲပေါ့။ ဒါကလည်း ပြည်တွင်းကလည်း ပြောတယ်။ ပြည်ပကလည်း ပြောတယ်။ ဒီလို ကိစ္စတွေကြောင့် ဈေးကွက်က အေးနေတယ်။ ပြောချင်တာက အိမ်ခြံမြေဈေးကွက် အေးခြင်း သွက်ခြင်း ဆိုတာက အကြောင်းကြောင်းတွေ အများကြီး ပါပါတယ်။ ဘယ်အချိန် ပြန်သွက်မလဲ။ ၂၀၁၅ ရွေးကောက်ပွဲ အလွန်ကျရင်တော့ စောင့်ကြည့်ရမှာပါ” ဟု ဦးသန်းဦးက သုံးသပ်ပြောကြားခဲ့သည်။“အိမ်ခြံမြေဈေးကွက် အနေအထားကို လေ့လာကြည့်ရင် အမြဲတမ်း ဆိုသလို ဒေါ်လာဈေးတက်ရင် တိုက်ခန်းတွေ ရောင်းမကောင်းဘူး။ ဒါကလည်း တစ်ပတ်ပြန်လည်နေတာ။ နောက်တစ်ချက်က ရွေးကောက်ပွဲကို စောင့်ကြည့်နေတာလည်း ရှိတယ်။ ၂၀၁၅ ဟိုဘက်မှာတော့ အိမ်ခြံမြေဈေးကွက်မှာ ခိုင်မာတဲ့ သူတွေလောက်ပဲ ကျန်တော့မယ် ထင်ပါတယ်။ ဈေးကွက်အနေအထားကလည်း ရွေးကောက်ပွဲအပေါ် မူတည်နေပါလိမ့်မယ်” ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။အိမ်ခြံမြေဈေးကွက်အတွင်း ကောက်ခံသည့် အခွန်နှုန်းထားများနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဧပြီတွင် ပြဋ္ဌာန်းလိုက်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ်ခြံမြေ ဝင်ငွေနှုန်းထားများမှာ ၁ ကျပ်မှ သိန်း ၅၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၅၀၀ မှ သိန်း ၁၅၀၀ ကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၅၀၀ မှ သိန်း ၃၀၀၀ ကို ၂၀ ရာခိုင်နှုန်းနှင့် သိန်း ၃၀၀၀ အထက် ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ကြောင်း၊ သို့သော် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ပြီး သတ်မှတ်ပြဋ္ဌာန်းချက်တွင်မူ  ၁ ကျပ်မှ သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ မှ ၅၀၀၀ အထိကို ငါးရာခိုင်နှုန်း၊ သိန်း ၅၀၀၀ မှ ၁၀၀၀၀ကို ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀၀ မှ ၁၅၀၀၀ အထိကို ၂၀ ရာခိုင်နှုန်းနှင့် သိန်း ၁၅၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။