၂၀၁၅ ကဲ့သို့ ရွေးကောက်ပွဲမျိုး နောင် မြန်မာနိုင်ငံ၏သမိုင်းတွင် မည်သည့်အချိန်၌ ပြန်ဖြစ်မည်ဆိုသည်ကို ပြော၍ မရကြောင်း နှင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံ၏ အနာဂတ်ကို အကောင်အထည်ဖော်မည့် ရလဒ်ဖြစ်သည်ကို မမေ့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ရှိ တိလောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ဇူလိုင် ၂၅ ရက် ကပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၂၀၁၅ ရွေးကောက်ပွဲကိုဝင်မယ်လို့ တရားဝင်ကြေညာပြီးတဲ့အခါမှာ ပထမဦးဆုံး လူထုနဲ့ တွေ့ဆုံတာ ဒီပွဲပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကိုလာပြီး ကြိုဆိုအားပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီမှာ ဟောပြောပွဲလုပ်ခွင့်ပေးတဲ့ ဂေါပကအဖွဲ့နဲ့ ဆရာတော်ကြီးများကိုလည်း ကျေးဇူးကြီးမားလှပါတယ်”ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။
“၂၀၁၅ ရွေးကောက်ပွဲလို ရွေးကောက်ပွဲမျိုး နောင်နိုင်ငံရဲ့သမိုင်းမှာ ဘယ်တော့ ဖြစ်မလဲဆိုတာ ကျွန်မတို့ ပြောလို့မရဘူး။ ၁၉၉၀ တုန်းက ကျွန်မတို့ အဲဒီရွေးကောက်ပွဲ ဟာ နိုင်ငံရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ ရွေးကောက်ပွဲလို့ ပြည်သူတွေက ယုံကြည်ပြီး တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြတယ်။ ပုံအောပြီးတော့ မဲတွေပေးကြတယ်။ ဒါပေမဲ့ ပြည်သူရဲ့ဆန္ဒကို မလေးစားဘဲနဲ့ ပယ်ဖျက်ခဲ့တယ်။ ကောင်းပြီ အခု ကျွန်မ ၂၀၁၅ ခုကို ရောက်လာပြီ ဒီရွေးကောက်ပွဲဟာလည်း နိုင်ငံရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် ရွေးကောက်ပွဲဖြစ်တယ်”ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “တချို့က မေးပါတယ်။ ကျွန်မကို ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို ပြန်ဖြစ်ရင် ဘယ့်နှယ့်လုပ်မလဲဆိုပြီးတော့ မေးတယ်။ ကျွန်မကတော့ ပွင့် ပွင့်လင်းလင်းပြောမယ်။ ၁၉၉၀ တုန်းကလို ဖြစ်မယ်ဆိုပြီးတော့ ပြည်သူကို ခြိမ်းခြောက်နေတဲ့သူတွေ ရှိတယ်။ နားမယောင်ပါနဲ့။ အဲဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမှာ စိုးလို့ပြောတာဖြစ်တယ်။ ၁၉၉၀ တုန်းက အဖွဲ့ချုပ်ကို မဲပေးလိုက်တုန်းက ဘာရလို့လဲ။ ဒီတစ်ခါ မဲပေးလို့ရှိရင် ပြန်ပြီးတော့ တပ်ကနေပြီးတော့ အာဏာသိမ်းမှာဆိုပြီး ခြိမ်းခြောက်နေတဲ့သူတွေ ရှိတယ်။ အဲဒါဟာ ကျွန်မတို့ ပြည်သူတွေကို စော်ကားရာရောက်တယ်။ တပ်ကိုလည်း စော်ကားရာရောက်တယ်။ ဒီမိုကရေစီကိုလည်း စော်ကားရာရောက်တယ်။ အဲဒါတွေကို လုံးဝနားမထောင်ပါနဲ့။ ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ပါ”ဟု ပြောကြားသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်သည် မြန်မာနိုင်ငံ၏ အနာဂတ်ကို အကောင်အထည်ဖော်မည့်ရလဒ်ဖြစ်သည့်အတွက် ပြည်သူများ မမေ့ပါရန်နှင့် ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်မှ သူများကို သဘောပေါက်ရန် စည်းရုံးသွားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားသည်။
“ဒီနိုင်ငံကို တကယ်ပဲ ပြောင်းလဲဖို့ အတွက် ပြောင်းလဲဖို့အချိန်လည်း တန်ပါပြီဆိုတာ လူတိုင်းလည်းသိပါတယ်”ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။
“ပြည်သူရဲ့ ထောက်ခံမှုမရှိဘဲနဲ့လည်း ကျွန်မတို့ မလိုချင်ဘူး။ ပြည်သူရဲ့ တကယ့် နှလုံးသားထဲက ထောက်ခံမှုမရှိဘဲနဲ့ ယူထားတဲ့ အာဏာဆိုတာ အင်မတန်မှ ခါးသီးတယ်လို့ ကျွန်မတို့ကမြင်ပါတယ်။ ပြည်သူပေးမှ ယူမှာ။ ဒါကြောင့်မို့လို့ ပြည်သူလိုလားလို့ရှိရင်တော့ တာဝန်ယူပါ့မယ်ဆိုပြီးတော့ ကျွန်မတို့ ဘယ်တော့မှ မပြောဘူး။ ပြည်သူ မလိုလားဘဲနဲ့ တာဝန်ရစရာအကြောင်းမရှိဘူးလို့ ကျွန်မတို့က သတ်မှတ်ထားတယ်။ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလိုလားတဲ့အခါမှာ တောင်မှ ကျွန်မတို့ဟာ တာဝန်ထမ်းဆောင်ခွင့် မရခဲ့ဘူးဆိုတာ ၁၉၉၀ ခုနှစ်တုန်းက ပြခဲ့တယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ ပြည်သူက လိုလားပါတယ်ဆိုတာတောင်မှ ကျွန်မတို့အဖွဲ့ချုပ်ကို ပြည်သူ့ရဲ့တာဝန် ထမ်းဆောင်ပိုင်ခွင့်ကို မပေးခဲ့ဘူး။ သို့သော်ငြားလည်း ဒီလိုမပေးခဲ့လို့လည်း ကျွန်မတို့ဟာ ပြည်သူလူထု ဒုက္ခရောက်စေမယ့်နည်းတွေနဲ့ ပြန်ပြီးတော့ မတော်လှန်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ကျိုက်လတ်မြို့၌ ပြုလုပ်သည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲသို့ ဒေသခံပြည်သူလူထု သောင်းဂဏန်းနီးပါး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟောပြောပွဲအပြီးတွင် ကျိုက်လတ်မြို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပြီး ထို့နောက်တွင် မော်လမြိုင်ကျွန်းမြို့သို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောရန်အတွက် မော်လမြိုင်ကျွန်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၅ ကဲ့သို့ ရွေးကောက်ပွဲမျိုး နောင် မြန်မာနိုင်ငံ၏သမိုင်းတွင် မည်သည့်အချိန်၌ ဖြစ်မည်ဆိုသည်ကို ပြော၍မရကြောင်းနှင့် ရွေးကောက်ပွဲရလဒ်သည် နိုင်ငံ၏ အနာဂတ်အား အကောင်အထည်ဖော်မည့်ရလဒ်ဖြစ်သည်ကို မမေ့ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး