မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တင်သွင်းသည့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်အတည်ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တင်သွင်းသည့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်အတည်ပြု
Published 24 July 2015

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတင်သွင်းသည့် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်းအားဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်မရှိဘဲ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတင်ပြချက်များအတိုင်း ဇူလိုင် ၂၄ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့သည်။အဆိုပါဥပဒေကြမ်းအား မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအား ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာမှ ကျင့်သုံးနေသည့် စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေသစ်နှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း အာဏာအပြည့်အဝကျင့်သုံးဆောင်ရွက်နိုင်စေရန်တို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ငွေရေးကြေးရေးအဖွဲ့အစည်းဆိုသည်မှာ ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဇယားဝင်အဖွဲ့အစည်းများကို ဆိုလိုခြင်းဖြစ်ကြောင်း ဥပဒေကြမ်း၌ပါရှိသည်။ဥပဒေကြမ်း၌ ငွေရေးကြေးရေးအဖွဲ့အစည်းတည်ထောင်ခြင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်၏ ယေဘုယျတာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လိုင်စင်လျှောက်ထားခြင်း၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးများ လျှောက်ထားခြင်း၊ အပ်နှံငွေလက်ခံခြင်း၊ အပ်နှံငွေခေါ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များ၊ မ,တည်ရင်းနှီးငွေ၊ သီးသန့်ရန်ပုံငွေနှင့် အဓိကကျသည့်ပိုင်ဆိုင်မှု၊ ဘဏ်များ ပြန်လည်တည့်မတ်အောင်ပြုလုပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း စသည့်ပြဋ္ဌာန်းချက်များ ပါဝင်သည်။ဤဥပဒေကြမ်းပါပြဋ္ဌာန်းချက်များအရ ဘဏ်များသည် နိုင်ငံတော်အတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ဘဏ်ဖြစ်လျှင် ယင်း၏ထည့်ဝင်ပြီး မ,တည်ငွေရင်းမှာ ကျပ် သန်းနှစ်သောင်းအောက်မနည်းရှိခြင်း၊ နိုင်ငံခြားဘဏ်၏ဘဏ်ခွဲ သို့မဟုတ် လက်အောက်ခံအဖွဲ့အစည်းဖြစ်ပါက အမေရိကန်ဒေါ်လာ ၇၅ သန်းနှင့်ညီမျှသော ငွေပမာဏမနည်း မတည်ငွေရင်း ထည့်ဝင်ပြီးဖြစ်ခြင်းအချက်များကို လိုက်နာရမည်ဖြစ်သည်။ထို့အတူ ချေးငွေအမျိုးမျိုးထုတ်ချေးခြင်းနှင့် သက်ဆိုင်သော သတ်မှတ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်ချက်များ၊ ငွေရေးကြေးရေးဆိုင်ရာ စားသုံးသူအား အကာအကွယ်ပေးခြင်း၊ ငွေကြေးခဝါချမှုနှင့် သံသယရှိသော ငွေလွှဲပြောင်းပေးပို့မှု သတင်းပေးပို့ခြင်းများနှင့်သက်ဆိုင်သည့် အချက်များလည်း ဥပဒေကြမ်းတွင်ပါရှိသည်။ထို့ပြင် တားမြစ်ချက်များအဖြစ် မည်သူမျှ လိုင်စင်မရှိဘဲ ဘဏ်အဖြစ် ထူထောင်လုပ်ကိုင်ခြင်း၊ မည်သူမျှ ဗဟိုဘဏ်မှထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ထူထောင်လုပ်ကိုင်ခြင်းမပြုရ စသည့်အချက်များ ထည့်သွင်းထားပြီး ဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ကြောင်း အချက်လည်းပါဝင်သည်။