အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့သည်။နေပြည်တော်တွင် ဇူလိုင် ၂၃ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ နိုင်ငံတော်သမ္မတထံမှပေးပို့သော အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌက လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့သည်။အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့ (AACC) တွင် အဖွဲ့ဝင် ၁၄ နိုင်ငံရှိပြီး အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရသည့်နိုင်ငံ၌သာ ရုံးဖွင့်လှစ်ထားရှိပြီး လက်ရှိတွင် AACC ဥက္ကဋ္ဌရုံးကို အင်ဒိုနီးရှားနိုင်ငံ၌ ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။"AACC အဖွဲ့ကို ကျွန်တော်တို့ကဝင်ခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးအမြင်များကို အာရှဒေသတွင်း အဖွဲ့ဝင်များနဲ့ ဖလှယ်နိုင်မှာဖြစ်ပါတယ်။ မိမိတို့တွေ့ကြုံနေရတဲ့ လုပ်ငန်းဆိုင်ရာကိစ္စတွေ၊ တခြားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးများ တွေ့ကြုံနေရတဲ့ လုပ်ငန်းဆိုင်ရာကိစ္စတွေ အမြင်ခြင်းဖလှယ်ခြင်း၊ ခေတ်မီအောင်တွေးတောကြံဆခြင်း၊ ဆောင်ရွက်ခြင်းစတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ဒါ့ကြောင့်မို့လို့ ဒီ AACC ဆိုတဲ့အဖွဲ့ကို မြန်မာနိုင်ငံကဝင်ရောက်သင့်တယ်လို့ ကျွန်တော်တို့ခုံရုံးကနေ ယုံကြည်ပါတယ်" ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌက ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားမျှတရေးရည်မှန်းချက်ကို အဓိကထားဖော်ဆောင်နိုင်ရန်အတွက် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့ (AACC) ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ကြောင်း သတင်းရရှိသည်။AACC အဖွဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့သည် ဝင်ရောက်ပြီးဖြစ်ကြောင်း သိရသည်။အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန်ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်သူမရှိအတည်ပြုခဲ့ကြောင်း သိရသည်။
အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့သို့ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် လွှတ်တော်သဘောတူ