နိုင်ငံတော်သမ္မတဦးသိန်းစိန် ကသာခရိုင်အတွင်းရှိ ရေဘေးသင့်ဒေသများဖြစ်သော ဝန်းသို၊ ကောလင်းမြို့များသို့ သွားရောက်

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကသာခရိုင်အတွင်းရှိ ရေဘေးသင့်ဒေသများဖြစ်သော ဝန်းသို၊ ကောလင်းမြို့များသို့ သွားရောက်
Published 21 July 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၂၁ ရက် နံနက်၁၀ နာရီ ၁၅ မိနစ်အချိန် ဝန်းသိုမြို့သို့ ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာပြီး ဝန်းသိုမြို့မှ မော်တော်ကားများဖြင့် ကောလင်းမြို့ ဆက်လက်ထွက်ခွာသွားပြီး နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန် ကောလင်းမြို့သို့ရောက်ရှိနေပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ စစ်ကိုင်းတိုင်းဦးစီးမှူး ဦးစီဝလီဖရန့်က "ကန့်ဘလူမြို့မှ ဒီကနေ့ နံနက်၉ နာရီ မိနစ် ၄၀ မှာ ရဟတ်ယာဉ်နဲ့ ဝန်းသို၊ ကောလင်းဘက်ကို သွားနေပါတယ်။ မနေ့ညက ကန့်ဘလူမြို့မှာပဲ ညအိပ်ရပ်နားခဲ့ပါတယ်။ မုံရွာ ဘုတလင်မြို့ဘက်ကိုလည်း ကောလင်း၊ ဝန်းသိုပြီးရင် သွားဖို့ရှိနေပါတယ်။ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်ဘက်ကတော့ လောလောဆယ်တည်ငြိမ်သွားပြီပေါ့။ အခုထောက်ပံ့ရေးပစ္စည်းတွေ ဘာတွေလည်း ဒီမနက်ပဲ နိုင်ငံတော်သမ္မတနဲ့အဖွဲ့ကပေးတာလည်း တော်တော်လေးများပါတယ်။ ကောလင်း၊ ဝန်းသိုဘက်ကတော့ နည်းနည်းလိုသေးတာပေါ့ လိုသေးတာဆိုတာကလည်း သွားလာရေးခက်ခဲတယ်လေ။ အခုလောလောဆယ် နိုင်ငံတော်သမ္မတက ရဟတ်ယာဉ်နဲ့သွားနေတယ်။ မနေ့ကလည်း ကောလင်းဘက်ကို ထောက်ပံ့ရေးပစ္စည်းတွေ ရဟတ်ယာဉ်နဲ့ပို့ထားပါတယ်။ အခုလည်း ရဟတ်ယာဉ်နဲ့ဖြန့်တာတို့ ဘာတို့ လုပ်မယ်နဲ့တူတယ်။ ထောက်ပံ့ဖို့အတွက် ဝန်ကြီးတွေကော၊ ပစ္စည်းတွေကော တော်တော်များများပါသွားပါတယ်။ မနေ့ကတော့ ရဲမင်းကြီးဦးစီးပြီး ထောက်ပံ့ရေးပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ ပို့ထားပါတယ်" ဟုပြောကြားခဲ့သည်။"ပြန်လည်ထူထောင်ရေးကိစ္စတွေအတွက်ကတော့ ဒီကမြို့နယ်တွေကတင်ပြတဲ့ ကိစ္စတွေရှိတယ်။ လမ်းတံတားတွေပျက်စီးသွားတာတွေ စိုက်ခင်းတွေဘာတွေ ပျက်စီးနေတာတွေပေါ့။ အဲဒီအတွက်ကိုတော့ သက်ဆိုင်ရာဝန်ကြီးတွေလည်းပါတဲ့အတွက် သူတို့ စာရင်းတွေအတိအကျကောက်ပြီး ထောက်ပံ့မှုတွေလုပ်ပေးဖို့ နိုင်ငံတော်သမ္မတကြီးလုပ်ပေးမယ်ဆိုတဲ့ အကြောင်းကတော့ ပြောသွားပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ဒေသတစ်ခုဖြစ်သော ကန့်ဘလူမြို့သို့ ဇူလိုင် ၂၀ ရက် နံနက်၁၀ နာရီခွဲ ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာခဲ့ပြီး ကန့်ဘလူမြို့မှတစ်ဆင့် မော်တော်ကားများဖြင့် မင်းမြင်ဆည်သို့ သွားရောက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်သို့ သွားရောက်ခဲ့သည်။ ထို့မှတစ်ဆင့် ကျွန်းလှမြိုသို့သွားရောက်ခဲ့ပြီး ကျွန်းလှမြို့မှတစ်ဆင့် ကန့်ဘလူမြို့သို့ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ကာ ကန့်ဘလူမြို့၌ ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့မှ ဝန်းသိုမြို့သို့ ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာပြီး ဝန်းသိုမြို့မှ ကောလင်းမြို့ရှိ ရေဘေးသင့်ဒေသများသို့လည်း သွားရောက်နေကြောင်း သိရသည်။

Most Read

Most Recent