ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ရာ ကျင့်ဝတ်များအား နိုင်ငံရေးပါတီ ၁၂ ခုက ဇူလိုင် ၂၁ ရက်တွင် ထပ်မံလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။နိုင်ငံရေးပါတီ ၆၇ ပါတီ လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် အဆိုပါကျင့်ဝတ်များကို ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင်ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ပဉ္စမအကြိမ်မြောက်အစည်းအဝေးတွင် ကျန်နိုင်ငံရေးပါတီများအပါအဝင် ပါတီသစ် ၁၂ ပါတီက ထပ်မံလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ထပ်မံလက်မှတ်ရေးထိုးခဲ့သည့်ပါတီများမှာ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ မဟာမိတ်တောင်သူလယ်သမားပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဇိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စသည်တို့ဖြစ်ကြောင်း သိရသည်။ထို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၈၈ ခုတွင် ၇၉ ပါတီမှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ရာ ကျင့်ဝတ်များကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည်ဖြစ်သည်။
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ရာကျင့်ဝတ်များ နိုင်ငံရေးပါတီ ၁၂ ခု ထပ်မံလက်မှတ်ရေးထိုး