ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပါက ဘဏ္ဍာငွေကုန်ကျမည့်အပြင် နိုင်ငံတော်အတွက် အကျိုးသက်ရောက်မှုများစွာမရှိသဖြင့် နောင်တွင်ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်သင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွ

ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပါက ဘဏ္ဍာငွေကုန်ကျမည့်အပြင် နိုင်ငံတော်အတွက် အကျိုးသက်ရောက်မှုများစွာမရှိသဖြင့် နောင်တွင်ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်သင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွ
Published 21 July 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပါက ဘဏ္ဍာငွေကုန်ကျမည့်အပြင် နိုင်ငံတော်အတွက် အကျိုးသက်ရောက်မှုများစွာမရှိသဖြင့် နောင်တွင်ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်အတူဆန္ဒခံယူပွဲပြုလုပ်သင့်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာပေးပို့
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ် မခွဲ (ဃ) ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပါက ဘဏ္ဍာငွေကုန်ကျမည့်အပြင် နိုင်ငံတော်အတွက် ပြောင်းလဲအကျိုးသက်ရောက်မှုများစွာမရှိသဖြင့် နောင်တွင်ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်သင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ အကြောင်းကြားစာပေးပို့ထားမှုအား ဇူလိုင် ၂၁ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယက,က လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးပြောကြားသည်။အဆိုပါကော်မရှင်ဥက္ကဋ္ဌမှပေးပို့သော တင်ပြစာတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်အတူ ပူးတွဲဆောင်ရွက်ခြင်းဖြစ်၍ သီးခြားမဲရုံတစ်ရုံအဖြစ် ဆောင်ရွက်ရန်မလိုအပ်သော်လည်း ဆန္ဒခံယူပွဲအတွက် သီးခြားမဲပေးခန်းတစ်ခန်းကို သတ်မှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါဆန္ဒမဲပေးခန်းအတွက် ကြီးကြပ်ဆောင်ရွက်ရန် မဲရုံမှူးတစ်ဦးနှင့် မဲရုံအဖွဲ့ဝင်နှစ်ဦး စုစုပေါင်းသုံးဦး အနည်းဆုံးလိုအပ်မည်ဖြစ်ပြီး မဲရုံနှင့်ပတ်သက်သည့် မဲလက်မှတ်အပါအဝင် အခြားအထောက်အကူပြုပစ္စည်းများ ထပ်မံဖြည့်တင်းရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ထို့ပြင် အဆိုပါအထောက်အကူပြုပစ္စည်းများ သက်ဆိုင်ရာမဲရုံများသို့ အရောက်ပေးပို့ဖြန့်ဖြူးနိုင်ရေးနှင့် ရလဒ်များအား အချိန်မီထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရေးတို့အတွက် သယ်ယူပို့ဆောင်ခနှင့် လုပ်အားခများ စသည့်ကုန်ကျစရိတ်များလည်းရှိမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌကပေးပို့သော တင်ပြစာတွင်ဖော်ပြပါရှိသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တာဝန်ယူကျင်းပပေးရမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒခံယူပြင်ဆင်ဆောင်ရွက်ပေးရမည့် ပြဋ္ဌာန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) တစ်ခုသာဖြစ်ကြောင်း၊ အဆိုပါပြင်ဆင်ပြဋ္ဌာန်းမည့် အဆိုပြုဖော်ပြချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ နိုင်ငံတော်၏လုံခြုံရေးရာကိစ္စရပ်များတွင်လည်းကောင်း ယခုလောလောဆယ်ကာလအတွင်း ပြောင်းလဲမှု၊ အကျိုးသက်ရောက်မှု များစွာမရှိနိုင်သေးသည်ကို တွေ့ရှိရကြောင်း ကော်မရှင်တင်ပြချက်တွင်ပါရှိသည်။ယခုနှစ်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် မျက်မှောက်ခေတ်ကာလအတွင်း ပထမဆုံးအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲဖြစ်ပါသဖြင့် နိုင်ငံတကာနှင့် ပြည်သူလူထု၏အမြင်တွင် နိုင်ငံတော်၏ ပုံရိပ်ကောင်းမွန်စေရေးအတွက် ပြည်သူလူထု၏ဆန္ဒနှင့်အညီ လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပသည့် ရွေးကောက်ပွဲဖြစ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေရသည့် ကာလလည်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌကရေးသားထားသည်။အထွေထွေရွေးကောက်ပွဲနှင့်အတူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပခြင်းဖြင့် အချိန်၊ လုပ်အားနှင့် ဘဏ္ဍာငွေကုန်ကျမှုများ သက်သာမှုရှိစေမည်ဟုဆိုနိုင်သော်လည်း သီးခြားဆောင်ရွက်ရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပါသဖြင့် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်း ၄၇၂၉ ဒသမ ၀၄၃ ခန့် အနည်းဆုံးကျခံသုံးစွဲရန်လိုအပ်သည်ကို တွက်ချက်ရရှိကြောင်း ကော်မရှင်၏ပေးပို့သောစာအရ သိရသည်။နိုင်ငံတော်၏အရေးအရာကိစ္စရပ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် လွှတ်တော်များ၏လုပ်ငန်းများအပေါ် ပြောင်းလဲ/အကျိုးသက်ရောက်မှုများစွာ မရှိနိုင်သောကြောင့်လည်းကောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်း၌ နိုင်ငံတော်၏ပုံရိပ်ကောင်းမွန်စေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေ ကုန်ကျမှုအခြေအနေအရလည်းကောင်း၊ နောင်တွင်ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်မည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ)  ပြင်ဆင်ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုကာလအတွင်း ကျင်းပခြင်းမပြုသေးဘဲ ခေတ္တဆိုင်းငံ့၍ထားသင့်ဟု အကြံပြုကြောင်း ဖော်ပြထားသည်။အကယ်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မဖြစ်မနေဆောင်ရွက်ရန် လမ်းညွှန်မည်ဆိုပါက ဆန္ဒခံယူပွဲကျင်းပရန်လိုအပ်မည့် ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၄၇၀၀ ကျော်အား လုပ်ထုံးလုပ်နည်းများနှင့်အညီ တောင်းခံသွားမည်ဖြစ်ကြောင်းလည်း ကော်မရှင်၏တင်ပြစာတွင် ပါရှိသည်။အဆိုပါကော်မရှင်၏ တင်ပြစာနှင့်ပတ်သက်၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ပြီး ဇူလိုင် ၂၂ ရက်တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ကြေညာခဲ့သည်။

Most Read

Most Recent