ရွေးကောက်ပွဲတွင် မည်သူအနိုင်ရရှိသည်ဖြစ်စေ တရားနည်းလမ်းကျစွာ ရသည့် Result မှန်သမျှ အကုန်လက်ခံမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

ရွေးကောက်ပွဲတွင် မည်သူအနိုင်ရရှိသည်ဖြစ်စေ တရားနည်းလမ်းကျစွာ ရသည့် Result မှန်သမျှ အကုန်လက်ခံမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 20 July 2015
အောင်ဇော်ထွန်း

ရွေးကောက်ပွဲတွင် မည်သူအနိုင်ရရှိသည်ဖြစ်စေ တရားနည်းလမ်းကျစွာရသည့် Result မှန်သမျှ အကုန်လက်ခံမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က BBC မြန်မာသတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဇူလိုင် ၂၀ ရက်က တပ်မတော်ပိုင် မြဝတီသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
BBC သတင်းဌာနက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် လာမည့် နိုဝင်ဘာလအတွင်းပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှုရှိမည်ဟု ယုံကြည်ပါသလားဆိုသည့် မေးခွန်းနှင့် ရွေးကောက်ပွဲမှ မည်ကဲ့သို့ အဖြေထွက်ပေါ်လာသည်ဖြစ်စေ ရလဒ်အပေါ်တွင် လက်ခံလေးစားမှု ပြုနိုင်မလားဆိုသည့် မေးခွန်းအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နံပါတ်တစ်အချက်က လွတ်လပ်မှုနဲ့မျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ထားတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်း ဆန္ဒရှိတယ်။ ရအောင်လည်း ဒါကိုကူညီပေးဖို့ ကျွန်တော်တို့ တပ်မတော်က ဆောင်ရွက်ပေးနိုင်တဲ့ အခန်းကဏ္ဍတွေကို အကုန်လုံး အပြည့်အစုံ ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ထားပြီးပါပြီ။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲရလဒ်ပေ့ါ။ ရွေးကောက်ပွဲ ရလဒ်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ဒီရလဒ်ကိုကြေညာလိုက်ပြီ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ လက်ခံရမှာပေါ့။ ဒါဟာဒီမိုကရေစီ နည်းလမ်းကျကျ လုပ်တဲ့ဟာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း မဲပေးမယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီရလဒ်အပေါ်မှာ တရားနည်းလမ်းကျစွာနဲ့ ထုတ်ပြန်ထားတဲ့ အဖြေပေါ်လည်း လက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အရင်ကတည်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အနေနဲ့က ဒီ ဒီမိုကရေစီစနစ်ကို သွားတဲ့အချိန်မှာ မှန်မှန်ကန်ကန်နဲ့ လုပ်ဖို့လိုတယ်။ အဲဒီအပေါ်မှာလည်း မှန်မှန်ကန်ကန်နဲ့ ဘယ်သူမဆို လက်ခံဖို့လိုတယ်လို့ ကျွန်တော်ပြောခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့ သတိထားဖို့ တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ သက်ရောက်မှု ရှိနေတဲ့ နယ်မြေတွေမှာတော့ နည်းနည်းဂရုစိုက်ဖို့ လိုတယ်။ မှန်မှန်ကန်ကန်နဲ့ ဖြစ်ဖို့လိုတယ်။ ဒီတစ်ချက်ပဲ ဂရုစိုက်ဖို့လိုတယ်။ ကျန်တဲ့နေရာကတော့ နိုင်ငံရေးပြိုင်ဆိုင်မှုဆိုတာ ရှိမှာပဲ။ ဒီဟာကို ပြည်သူကလိုလို့ ဒီစနစ်ကိုသွားတယ်။ ကျွန်တော်တို့ကလည်း ဒီစနစ်ကို အကောင်အထည် ဖော်ပေးတယ်။ ပြီးတော့မှ ဒါကိုကပျက်ကယက်ဖြစ်အောင် လုပ်နေတယ်ဆိုလို့ရှိရင် သမိုင်းမှာ ဘယ်လိုမှ ကောင်းနိုင်စရာ မရှိဘူး။ ဒါကတော့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ခံယူချက်နဲ့ ပြောပြတာပါ” ဟု ပြောကြားသည်။
BBC သတင်းဌာနက “အကယ်၍ အတိုက်အခံဘက်က နိုင်သွားမယ်ဆိုရင် ဒီရလဒ်ကိုကော တပ်မတော်အနေနဲ့ လက်ခံမှာလား” ဆိုသည့်မေးခွန်းအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဘယ်သူရရ တရားနည်းလမ်းကျကျနဲ့ ရတဲ့ Result မှန်သမျှ အကုန်လက်ခံပါတယ်” ဟု ဖြေကြားသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံ အင်အားကြီး ပါတီတစ်ခုဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိမည်ဟု မျှော်မှန်းမှုအချို့ရှိနေပြီး မဲဆန္ဒနယ် အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲများကို ပြုလုပ်မည်ဟု ကြေညာထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းစေခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းများပြုစုခြင်း၊ ပြုစုစေခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြင်ဆင်စေခြင်း၊ သဘာဝဘေး အန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရသော်လည်းကောင်း၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင် ပယ်ဖျက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း စသည်တို့ပါဝင်သည်။
ထို့ပြင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည်ဟု ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် ဖော်ပြထားချက်အရ သိရသည်။
 

Most Read

Most Recent