ဒေါ်လာဈေး မြင့်တက်မှုကြောင့် သွင်းကုန်ပစ္စည်းများနှင့်အတူ ထိုင်းလူသုံးကုန် ပစ္စည်းများ ဈေးမြင့်တက်

ဒေါ်လာဈေး မြင့်တက်မှုကြောင့် သွင်းကုန်ပစ္စည်းများနှင့်အတူ ထိုင်းလူသုံးကုန် ပစ္စည်းများ ဈေးမြင့်တက်
Published 16 July 2015

ဒေါ်လာဈေးမြင့်တက်မှုကြောင့် သွင်းကုန်ပစ္စည်းများနှင့်အတူ ထိုင်းလူသုံးကုန်ပစ္စည်းများ ဈေးမြင့်တက်နေကြောင်း ဈေးကွက်မှတစ်ဆင့် သိရသည်။
ယင်းသို့ ဈေးမြင့်တက်နေရာတွင် ပြည်ပမှတင်သွင်း ရောင်းချနေရသည့် အိုင်တီပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်များနှင့် မြဝတီဘက်မှတစ်ဆင့် ဝင်ရောက်သည့် ထိုင်းကုန်ပစ္စည်းများပါ ဈေးမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“ဆေးက ပြည်ပကနေ တင်သွင်းတာဆိုတော့ ဒေါ်လာဈေးတက်ရင် ဆေးသွင်းတဲ့ ဈေးမြင့်ပြီး ဈေးကွက်ထဲမှာလည်း ဈေးမြင့်တယ်။ ဈေးအပြောင်းလဲ ဖြစ်နေတာကြောင့် အရောင်းအဝယ်ကလည်း မှန်းမရဘူး။ ဆေးက လိုအပ်လို့ မရှိမဖြစ် ဝယ်သုံးနေရတာဖြစ်လို့ ကျန်းမာရေး အသုံးစရိတ်တွေလည်း မြင့်လာတယ်” ဟု ရန်ကုန်မြို့တွင်းရှိ ဆေးဝါးလက်လီ ရောင်းချသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဒေါ်လာဈေးမြင့်တက် နေခြင်းနှင့်အတူ ထိုင်းဘတ်ငွေဈေးပါ မြင့်တက်နေခြင်းကြောင့် ထိုင်းလူသုံးကုန် ပစ္စည်းများပါ ဈေးနှုန်းမြင့်တက်နေခြင်းလည်း ဖြစ်သည်။
“ဒေါ်လာဈေးတက်ရင် ကုန်ဈေးနှုန်း မတည်မငြိမ် ဖြစ်လာနိုင်တယ်။ ကုန်ဈေးနှုန်း ကမောက်ကမ ဖြစ်လာနိုင်တယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။
ဇူလိုင်လအစောပိုင်းတွင် မြဝတီအာရှလမ်းသစ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ထိုင်းမှဝင်ရောက်သည့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်အမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ ဖိနပ်၊ အလှကုန် စသည့်ပစ္စည်းများမှာ ယခင်ဈေးထက် ၁၀ ရာနှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး ယခုဒေါ်လာဈေး ထပ်မံမြင့်တက် နေသောကြောင့် ဈေးနှုန်းများ အတက်ဈေးတွင်ပင် ရှိနေကြောင်း သိရသည်။
“ဟိုတစ်လောက နယ်စပ်ကသွင်းတဲ့ ထိုင်းပစ္စည်းတွေ တိုက်ပွဲဖြစ်တာတွေကြောင့် ဈေးတက်တယ်။ အခု ဒေါ်လာဈေးတက်တော့လည်း ထိုင်းဘတ်ငွေက ထပ်တက်တာကြောင့် ဈေးကလုံး၀ မကျဘူးဖြစ်နေတယ်” ဟု ယုဇနပလာဇာရှိ ထိုင်းမှတင်သွင်းသည့် အဝတ်အထည်နှင့် ဖိနပ်များရောင်းချသည့် မဥမ္မာက ပြောကြားသည်။
“အိတ်တွေဆိုရင် လက်ရှိမှာရှိနေတဲ့ အိတ်တွေကိုပဲ ထုတ်ရောင်းနေတာတွေ ဆိုရင်တော့ အရင်ဈေးနဲ့ပဲ ရောင်းပါတယ်။ အခုအသစ်သွင်းနေတဲ့ ဟာတွေဆိုရင်တော့ သွင်းရတဲ့ဈေးမြင့်သလို အတက်ဈေးနဲ့ ရောင်းရပါတယ်။ ဈေးတက်တာကတော့ အနည်းဆုံး ၁၀၀၀ ကျော်ကနေ စတက်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ် အိတ်များရောင်းချသည့် အိတ်ဆိုင်မှ ဒေါ်ဆွေစင်က ပြောကြားသည်။
လက်ရှိတွင် ဗဟိုဘဏ်မှ ဇူလိုင် ၁၃ ရက်တွင် တစ်ဒေါ်လာဈေး ကျပ် ၁၂၀၀ သတ်မှတ်ခဲ့ခြင်းကြောင့်  ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းတွင် မရှိမဖြစ် သုံးစွဲနေရသည့် သွင်းကုန်များနှင့် မြဝတီမှတစ်ဆင့် မော်လမြိုင်သို့ ဝင်ရောက်သည့် ထိုင်းကုန်ပစ္စည်းများပါ ဈေးတက်နေခြင်းဖြစ်ကြောင်း သိရသည်။  

Most Read

Most Recent