တင်ဒါခေါ်ယူရာတွင် ကျွမ်းကျင်အင်ဂျင်နီယာမရှိသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ တင်ဒါစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြောကြားသည်။
ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက နေပြည်တော်တွင် ဇူလိုင် ၁၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ၏ မေးခွန်းအားဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ဂွမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက “ဒီနေ့ ၂၀၁၃ ခုနှစ်လောက်ကစပြီး နိုင်ငံပိုင်သတင်းစာများမှာ အစိုးရဌာနများ က လုပ်ငန်းများကို တင်ဒါခေါ်ယူတဲ့ ကြော်ငြာတွေဟာ နေရာတော်တော်များ ယူထားတာကို ကြည့်ခြင်းအားဖြင့် အစိုးရရဲ့လုပ်ငန်းတော်တော်များများကို တင်ဒါစနစ်နဲ့ ပုဂ္ဂလိကများကို ပြန်ပြီးပေးနေရကြောင်း သိရပါတယ်။ ဒါပေမဲ့ ဒီနေ့အခြေအနေကို ဆန်းစစ်ကြည့်မယ်ဆိုလို့ရှိရင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အတွေ့အကြုံနည်းပညာ၊ ရင့်ကျက်မှုအပိုင်းမှာရော၊ စာရင်းဇယားအင်အား တောင့်တင်းမှုအပိုင်းမှာရော အစိုးရဌာနတွေက များစွာသာလွန်ကြောင်း တွေ့ရပါ တယ်။ အဲဒီတော့ ဒီနေ့တချို့ အစိုးရဌာနတွေက အင်ဂျင်နီယာအင်အား တောင့်တောင့်တင်းတင်းရှိပါလျက်နဲ့ ကိုယ်လုပ်နိုင်တဲ့ လုပ်ငန်းတော်တော်များများကို တင်ဒါစနစ်နဲ့ ပုဂ္ဂလိကတွေကို ပြန်ပြီးတော့ ပေးနေတာ တွေ့ရပါတယ်။ အချုပ်အားဖြင့်ဆိုလျှင် ဌာနတွေက ယန္တရားတွေရဲ့ တစ်နှစ်မှာလုပ်တဲ့ working hour ဆိုတဲ့အလုပ်ချိန်ဟာ နာရီ ၅၀၀ လောက်ပဲ ရှိရတယ်။ ကိုယ့်ဌာနက ယန္တရားတွေကို အပြည့်အဝအသုံးမပြုဘဲနဲ့ တင်ဒါခေါ်တဲ့ ပုံစံမျိုးတွေလည်း ရှိနေပါတယ်။ ဒီကိစ္စကို နိုင်ငံတော်အနေနဲ့ ပြန်ပြီး ဆန်းစစ်ပြီးတော့ တင်ဒါခေါ်ယူခြင်းကြောင့် လုပ်ငန်းတွေဟာ အရည်အသွေးကောင်းမွန်ပါသလား။ ဒါမှမဟုတ်ရင် ကုန်ကျမှုရော သက်သာလားဆိုတာတွေကို ပြန်ပြီးဆန်းစစ်ဖို့ လိုအပ်ကြောင်း ဒုတိယဥက္ကဋ္ဌကြီးမှ တစ်ဆင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ “ဒီနေ့ နိုင်ငံတော်မှာ အစိုးရဌာနက လုပ်ငန်းများကို ဘယ်လိုပေါ်လစီနဲ့ တင်ဒါစနစ်ဖြင့် ဆောင်ရွက်နေပါသလဲ”ဟု မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း က “အစိုးရဌာနအဖွဲ့အစည်းများ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန်အတွက် နိုင်ငံတော်သမ္မတရုံးမှ ၅-၄-၂၀၁၃ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် ၁/၂၀၁၃ ဖြစ်သည့် “ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါစည်းကမ်းများ”တွင် ဝယ်ယူရေးဆိုင်ရာ တင်ဒါများနှင့် စပ်လျဉ်းပြီး လည်းကောင်း၊ တည်ဆောက်မှုဆိုင်ရာ တင်ဒါများနှင့် စပ်လျဉ်းပြီးလည်းကောင်း၊ ဝန်ဆောင်မှုတင်ဒါများနှင့် စပ်လျဉ်းပြီးလည်းကောင်း၊ ငှားရမ်းရောင်းချရေးတင်ဒါများနှင့် စပ်လျဉ်းပြီး လည်းကောင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်သဖြင့် အစိုးရဌာနအဖွဲ့အစည်းများသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ပစ္စည်းဝယ်ယူရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ငွေပမာဏနည်းလျှင် (Quotation) ဈေးနှုန်း တင်သွင်းလွှာများခေါ်ယူ၍ လည်းကောင်း၊ ငွေပမာဏများလျှင် အိတ်ဖွင့် (Open Tender) အား ပွင့်လင်းမြင်သာမှုရှိစေရန် နိုင်ငံတော်ပိုင်သတင်းစာများတွင် ထည့်သွင်းကြော်ငြာ၍ လည်းကောင်း ခေါ်ယူဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် တင်ဒါရွေးချယ်ရေးအတွက် တင်ဒါ်ခေါ်ယူရေးကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီ၊ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးကော်မတီ တို့ကို ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားသည်။
ထိုသို့ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက် တင်ဒါစည်းမျဉ်းစည်းကမ်းများဖြင့် ဆောင်ရွက်ပုံချင်း မတူညီကြသည့်အတွက် ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအားလုံး တင်ဒါခေါ်ယူရာတွင် တစ်ပြေးညီ ပုံစံဖြစ်စေရန်အတွက်နှင့် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ လွယ်ကူချောမွေ့မြန်ဆန်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်ယူ စာချုပ်ချုပ်ဆိုရာတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရန်နှင့် ဝန်ကြီးဌာနအသီးသီး၏ ကန်ထရိုက်စနစ်ဖြင့် ခွင့်ပြုသည့်လုပ်ငန်းများတွင် တူညီသော မူဝါဒများကိုအခြေခံ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Focal Ministry အဖြစ် ဦးဆောင်၍ United Nation Office for Project (UNOPS) Myanmar ၏အကြံဉာဏ်များရယူကာ “ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်” စာအုပ်အား ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှ ၈-၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအားလုံးသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်ဖြင့် ဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း က ဆိုသည်။
“အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် တင်ဒါခေါ်ယူရသည့် ရည်ရွယ်ချက်မှာ မိမိဌာနတွင် ဆောင်ရွက်မည့် လုပ်ငန်းသည် ဌာနအနေဖြင့် ကျွမ်းကျင်သူ အခက်အခဲရှိသောကြောင့် ဌာနအစား ဆောင်ရွက်နိုင်သော ပုဂ္ဂလိက (သို့မဟုတ်)အစုအဖွဲ့ကို ငှားရမ်း၍ ဆောင်ရွက်စေရာတွင် ဆောင်ရွက်သော တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်(သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်နိုင်ရန် လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ရှင်းလင်းသည်။
ဆက်လက်ပြီး ၎င်းက “တင်ဒါ စည်းကမ်းများ၊ လုပ်ငန်းလမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်လျက်ရှိရာတွင် ကျွမ်းကျင် အင်ဂျင်နီယာရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများအနေဖြင့် ဌာနရှိ လူအင်အား၊ စက်ယန္တရားအင်အားရှိနိုင်မှု၊ လုပ်ငန်းပမာဏနှင့် တာဝန်ပေးအပ်နိုင်မှုအပေါ်မူ တည်၍ ဌာနဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။
ရာသီဥတုကိုမှီ၍ ဆောင်ရွက်ရသည့်လုပ်ငန်းများ၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်းများဌာနမှ အင်ဂျင်နီယာများ၊ ယန္တရားအင်အားများဖြင့် တည်ဆောက်ရန် လုံလောက်မှုမရှိသည့် လုပ်ငန်းများအား ပြင်ပလုပ်ငန်းရှင်များဖြင့် ဆောင်ရွက်ရန် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိပါတယ်။ထိုသို့ ဆောင်ရွက်ခြင်းဖြင့်လည်း ပုဂ္ဂလိကပိုင် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေပါတယ်”ဟု ဒုဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ဖြေကြားသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက “ကျွမ်းကျင်အင်ဂျင်နီယာ မရှိသော ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ တင်ဒါစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်”ဟု ရှင်းလင်းဖြေကြားသည်။
နိုင်ငံတော်တွင် အစိုးရဌာနက လုပ်ငန်းများကို မည်သည့်ပေါ်လစီ၊ တင်ဒါစနစ်ဖြင့် ဆောင်ရွက်နေကြောင်း လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် မေးမြန်း