ငပလီကမ်းခြေတွင် BOT စနစ်ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီတစ်ခု ထပ်မံခွင့်ပြု

ငပလီကမ်းခြေတွင် BOT စနစ်ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီတစ်ခု ထပ်မံခွင့်ပြု
Published 6 July 2015
ချမ်းမြေ့သူ

ငပလီကမ်းခြေတွင် BOT စနစ်ဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်  Adventure Myanmar Tours & Incentives ကုမ္ပဏီကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
အဆိုပါကုမ္ပဏီအား ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၂/၂၀၁၅ ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသည့် Adventure Myanmar Tours & Incentives အနေဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ ရှိ မြေ ၄ ဒသမ ၃၃ ဧကပေါ်တွင် BOT စနစ်ဖြင့် အကောင်အထည်ဖော် လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ပြည်တွင်းကုမ္ပဏီများနှင့် ပြည်ပ ကုမ္ပဏီများ၏ ဝင်ရောက်မြှုပ်နှံမှုမှာ များပြားလျက်ရှိလာပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုတင်ပြလာမှုအပေါ် အစည်းအဝေးများမှတစ်ဆင့် စိစစ်ကာ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးမှုအရ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပြီး ပြည်တွင်းဟိုတယ်အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟိုတယ်၊ ပြည်ပနှင့် ဖက်စပ်ဟိုတယ်နှင့် ဌာနပိုင် ငှားရမ်းဟိုတယ်များ ပါဝင်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် နှစ်သန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧည့်သည် သုံးသန်းကျော် အသီးသီး ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် လေးသန်းကျော် ဝင်ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
နှစ်စဉ် ခရီးသွားဝင်ငွေ ရရှိမှုများအရ ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၅၃၄ သန်း၊ ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၉၂၆ သန်းနှင့် ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလျံကျော် အသီးသီးရရှိထားကြောင်း သိရသည်။                     
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇန်နဝါရီလအတွင်း ပြုလုပ်သည့် ၁/၂၀၁၅ ကြိမ်မြောက် အစည်းအဝေးတွင်လည်း ငပလီကမ်းခြေ၌ပင် BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှု  လုပ်ငန်းလုပ်ကိုင်ရန် f Eden Hotel & Resort Co.,ltd ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent