မူဆယ်ဆန်ဈေးကွက်တွင် အရောင်းအဝယ် အေးနေသော်လည်း မန္တလေးဆိပ်ကမ်းမှတစ်ဆင့် မူဆယ်သို့ နေ့စဉ် ဆန်တင်ပို့လျက်ရှိ

မူဆယ်ဆန်ဈေးကွက်တွင် အရောင်းအဝယ် အေးနေသော်လည်း မန္တလေးဆိပ်ကမ်းမှတစ်ဆင့် မူဆယ်သို့ နေ့စဉ် ဆန်တင်ပို့လျက်ရှိ
Published 5 July 2015
လဲ့လဲ့အောင်

မူဆယ်ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေးနှုန်း လျော့ကျကာ အရောင်းအဝယ် အေးနေသော်လည်း မန္တလေးဆိပ်ကမ်းမှတစ်ဆင့် မူဆယ်ဈေးကွက်သို့ နေ့စဉ် တင်ပို့လျက်ရှိကြောင်း မန္တလေး ဆန်ကုန်သည်များထံမှ သိရသည်။မူဆယ်ဈေးကွက်၌ ဗီယက်နမ်ဘက်မှ ဆန်ဝင်ရောက်မှုများကြောင့် ဈေးနှုန်းများလျော့ကျကာ အရောင်းအဝယ် အေးလျက်ရှိပြီး မြန်မာဆန်ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ ခန့်အထိ လျော့ကျလျက်ရှိကြောင်း သိရသည်။“မူဆယ်ဈေးကွက်မှာက ဝယ်လိုအားနည်းပြီး ဈေးလည်းကျနေတယ်။ ဗီယက်နမ်ဘက်က ဆန်ဝင်နေပြီး ဆန်ဈေးက မြန်မာဆန်ဈေးထက် လျော့တဲ့အတွက် ဝယ်လက်အနေနဲ့ ယှဉ်ဝယ်တဲ့ အခါမှာ မြန်မာ့ဆန်ကို ဈေးပေးမဝယ်တော့ဘဲ ဗီယက်နမ်ဆန် ဝယ်လိုအားများနေတယ်။ မူဆယ်မှာ ဈေးကွက်အေးပေမယ့် ကုန်ဝင်ရောက်မှုကတော့ လျော့သွားတာ မရှိဘူး။ အရင်တစ်လလောက်က ဝယ်ထားတဲ့ ဆန်တွေက အခုမှ မန္တလေးဆိပ်ကမ်းကို ရောက်တဲ့ အခါကျတော့ ဒီမှာလည်း လှောင်မထားနိုင်တဲ့အတွက် မူဆယ်ဈေးကွက်ကိုပဲ တိုက်ရိုက်ပြန်တင်ပို့ ရောင်းချမှုတွေကြောင့် ဆန်တင်ပို့မှုက လျော့မသွားတာပါ” ဟု မန္တလေးမှ မူဆယ်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် ဆန်ကုန်သည် ဦးစိုင်းကျော်က ပြောကြားသည်။မူဆယ် ဆန်ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ ငါးသောင်းခန့် ဝင်ရောက်လျက်ရှိပြီး မန္တလေးမှ တင်ပို့ရောင်းချသည့် ဆန်ကုန်သည်များ အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ဆန်များအား ရေလမ်းခရီးဖြင့် သယ်ဆောင်ကာ မန္တလေး-မူဆယ်လမ်းပိုင်းမှတစ်ဆင့် ကုန်ကားများဖြင့် သယ်ယူပို့ဆောင် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။“ပြည်တွင်းဆန်ဈေးကွက်မှာက အခုမှ ဆန်အသစ်ထွက်တဲ့ နယ်တွေမှာ ဆန်အမျိုးအစားလိုက်ပြီး ဈေးနှုန်းနည်းနည်း လျော့ကျသွားတယ်။ မူဆယ်ဈေးကွက် အနေနဲ့ကလည်း အခုကျသွားတဲ့ ဈေးကနေ အရင်ဈေးကွက်ကို ပြန်ရောက်ဖို့ မလွယ်သေးဘူး” ဟု ဦးစိုင်းကျော်က ဆက်လက်ပြောကြားသည်။မူဆယ်ဈေးကွက်တွင် ပြီးခဲ့သည့် လများက မြန်မာဆန်ဝယ်လိုအား မြင့်တက်မှုနှင့်အတူ ဈေးပေးဝယ်ယူမှုများကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် နယ်စပ်တင်ပို့သည့် ဆန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ခဲ့သည်။မန္တလေး-မူဆယ် လမ်းပိုင်းမှတစ်ဆင့် တရုတ်ပြည်သို့ ဆန်တင်ပို့ရောင်းချမှု ပမာဏမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၅၈၁၁၇၇ တန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၉၄၁၆၃၂ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။   

Most Read

Most Recent