မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးမည်

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးမည်
Published 5 July 2015

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၈၀၀ ကျော် ထုတ်ချေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ 
 
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ ဂျပန် ယန်း ဘီလျံ ၉၉ ဒသမ ၈၅ (အမေရိကန်ဒေါ်လာ ၈၁၂ ဒသမ ၃၅ သန်း) ကို ချေးငွေအဖြစ် ထုတ်ချေးရန် ဇူလိုင် ၄ ရက်က ကတိပေးခဲ့ကြောင်း သိရသည်။ 
 
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျိုမြို့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ထိုသို့ ချေးငွေထုတ်ချေးရန် ကတိပေးပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။
 
စုစုပေါင်းချေးငွေအနက် ဂျပန် ယန်း  ၄၁ ဒသမ ၁၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၃၄ ဒသမ ၅၀ သန်း) ကို အမျိုးသား ဓာတ်အားပေးကွန်ရက်ဖွံ့ဖြိုးရန်အတွက် လည်းကောင်း၊ ဂျပန် ယန်း  ၃၃ ဒသမ ၈၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၇၅ ဒသမ ၅၅ သန်း) ကို မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံ တို့ကို ကားလမ်းဖြင့် ဆက်သွယ်မည့်  အရှေ့အနောက် စီးပွားရေးစင်္ကြ၏ မြန်မာဘက်ခြမ်း တိုးတက်ရေးအတွက် လည်းကောင်း၊  ဂျပန်ယန်း  ၂၄ ဒသမ ၈၇ ဘီလျံ (အမေရိ ကန်ဒေါ်လာ ၂၀၂ ဒသမ ၃၀ သန်း) ကို ရန် ကုန်မြို့ရှိ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် အခြေအနေ တိုးတက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ 
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ 
 
ဂျပန်အစိုးရ တာဝန်ရှိသူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ဂျပန်ကုမ္ပဏီများ၏ အရေအတွက်သည် ၂၀၁၂ ခုနှစ် ဇွန်လတွင် ကုမ္ပဏီ  ၅၆ ခုသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် ဇွန်လတွင် ကုမ္ပဏီ ၁၆၈ ခုအထိ များပြားလာကြောင်း  သိရသည်။ 
 
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် မဲ ခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံဆွေး နွေးခဲ့ခြင်းဖြစ်သည်။ 
 
မဲခေါင်ငါးနိုင်ငံမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ကြသည်။ 
 
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်သည့် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသော နိုင်ငံတော် သမ္မတဦးသိန်းစိန်အား မြန်မာနှင့် ဂျပန်နိုင်ငံတို့မှ ဆန္ဒပြသူ ၁၀၀ ခန့်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တိုကျိုမြို့တွင် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းအရ သိရသည်။ 
 
နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ပြည်ပခရီးစဉ်အချို့တွင် အဆိုပါနိုင်ငံရောက် မြန်မာလူမျိုးများက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဆန္ဒပြမှုအချို့ ရှိခဲ့သည်။

Most Read

Most Recent