ပန်းတောင်းမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် ၂၁၉ သန်းဖြင့် တည်ဆောက်ခဲ့သည့် ရွှေတံငါတံတား ဖွင့်လှစ်ပြီး နှစ်လအကြာတွင် ကျိုးကျသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်

ပန်းတောင်းမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် ၂၁၉ သန်းဖြင့် တည်ဆောက်ခဲ့သည့် ရွှေတံငါတံတား ဖွင့်လှစ်ပြီး နှစ်လအကြာတွင် ကျိုးကျသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်
Published 4 July 2015
ဝေလင်း (ပြည်)

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ရွှေတံငါချောင်းတံတား ကျိုးကျခဲ့ရာ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
 
အဆိုပါတံတားမှာ ဂျင်းရဲကျွန်းကျေးရွာနှင့် ဆိတ္တဲကျေးရွာကို ဆက်သွယ်ထားပြီး ကျွန်းမီးကျေးရွာအုပ်စုနှင့် ရေလယ်ကျွန်းအုပ်စုအတွင်းရှိ ကျေးရွာ ၁၁ ရွာက အသုံးပြုနေသည့် တံတားဖြစ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ၂၁၉ သန်းဖြင့် တည်ဆောက်ခဲ့ကာ ပြီးခဲ့သည့် ဧပြီ ၂၂  ရက်က ဖွင့်လှစ်ခဲ့ပြီး နှစ်လအကြာ ဇွန် ၂၆ ရက် ညနေက မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ချောင်းရေစီးဖြင့် ကျိုးကျမျောပါသွားကြောင်း သိရသည်။
 
“ကျွန်မတို့မိန်းကလေးတွေအတွက် ပိုပြီးအခက်အခဲဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ တစ်ယောက်တည်းသွားချင်ရင်တောင် လှေပေါ်မှာ ဆိုင်ကယ်ကို ခွမထိုင်ရဲဘူး။ တံတားနဲ့ဆိုတော့ စီးသွားလို့ရတယ်လေ။ လှေဆိုတော့ ခက်ခဲတယ်။ 
အတင်အချပေါ့။ ကျောင်းသားတွေလည်း လှေနဲ့သွားရတယ်။ ကျိုးတဲ့နေ့က ကျောင်းသားတွေ လွတ်ရုံလေးပဲ ရှိတယ်။ တံတားက ရေစီးကိုမခံနိုင်တာဖြစ်မယ်” ဟု ရဲကျွန်းကျေးရွာမှ မရီစန်းက ဆိုသည်။
 
အဆိုပါတံတားရှိရာ ရွှေတံငါချောင်းအထက်နားတွင် ဘူးရိုးချောင်း၊ သနီချောင်း၊ ညောင်ခြေထောက်ချောင်းတို့ စီးဝင်ပြီး ရေစီးသန်သည့်အပြင် တံတားနှင့် မလှမ်းမကမ်း၌ ဧရာဝတီမြစ်အတွင်းပေါင်းဆုံရာ မြစ်ဝလို ဖြစ်နေသည့်အတွက် ရေစီးဒဏ် မခံနိုင်ခြင်း ဖြစ်ကြောင်း၊ ကျိုးကျရာတွင် တံတားရေလယ်တိုင် နှစ်တိုင်နှင့် အခန်းသုံးခန်း ပျက်စီးမျောပါခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
 
“မိုးရွာရင် လှေနဲ့ကူးတဲ့အခါ ဆိုင်ကယ်သမားတွေ အခက်အခဲဖြစ်တယ်။ လှေပေါ်က ပြုတ်ကျတာတွေရှိတယ်။ ချော်လဲတာတွေကတော့ အများကြီးပါပဲ။ ခိုင်ခိုင်လုံလုံ ကောင်းကောင်းမွန်မွန် ဆောက်ပေးစေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်လို့ ဆိုပေမယ့် သူတို့ ဆောက်တာ ခိုင်ခန့်မှုလိုတယ်လို့ သုံးသပ်ပါတယ်”ဟု သာယာသစ်ကျေးရွာမှ ကိုကြည်ခိုင် က ပြောကြားသည်။
 
တံတားမှာ အလျားအရှည် ပေ ၃၅၀၊ အနံ ၁၄ ပေ၊ အမြင့် ၄၅ ပေရှိကာ ဖူးဝေဟိန်း ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သိရပြီး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက“ကျေးလက်ဖွံ့ ဖြိုး ရေး ရန်ပုံငွေနဲ့လုပ်တယ်။ တံတားရေလယ်တိုင် နှစ်တိုင် ပေ ၁၂၀ လောက် ပါသွားတယ်။ အခုတော့ ကျေးလက်က တွက်ချက်ပြီး ပြန်တင်ပြဖို့ လုပ်ထားတယ်။ တံတားကျိုးပြီးနောက် ရက်မှာ ကျေးလက်က ဒုညွှန်ချုပ်လားမသိဘူး လာပြီးကြည့်တယ်။ ပြန်ပြင်ဖို့ တင်ပြထားတယ်။ နောက်တံတားတစ်စင်းလည်း ပြင်ဖို့လုပ်နေတယ်။ လတ်တလောမှာ ဒေသခံတွေ အဆင်ပြေဖို့အတွက် အရင်က လှေနဲ့ကူးခဲ့ရတာဆိုတော့ အခမဲ့ကူးရအောင် လှေသမားကို ကုမ္ပဏီက စီစဉ်ပေးထားတယ်။ 
 
ကုမ္ပဏီနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဘက်က စာချုပ်စာတမ်းတွေတော့ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ကတော့ တံတားကို မြန်မြန်ပြန်ရဖို့ တင်ပြထားတယ်။ စစ်ဆေးလိုက်လို့ သဘာဝဘေးကြောင့်လားဆိုတာ အဖြေတစ်ခုတော့ ထွက်လာမှာပါ။  အရည်အသွေးကြောင့်လား သဘာဝဘေးကြောင့်လားဆိုတာတော့ သိရမယ်။ တကယ်လည်း အဲဒီနေရာက ချောင်းနှစ်ချောင်း ဆုံစီးတာဆိုတော့ ရေစီးကကြမ်းတယ်” ဟု ပြောကြားသည်။ 

Most Read

Most Recent