တရားမဝင် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်းကို တွေ့ရှိပါက လက်နက်များအက်ဥပဒေ ပုဒ်မအရ အရေးယူမည်ဖြစ်ပြီး တရားမဝင် ကိုင်ဆောင်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

တရားမဝင် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်းကို တွေ့ရှိပါက လက်နက်များအက်ဥပဒေ ပုဒ်မအရ အရေးယူမည်ဖြစ်ပြီး တရားမဝင် ကိုင်ဆောင်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
Published 4 July 2015
ဝေလင်းအောင်

တရားမဝင် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်း တွေ့ရှိပါက ၁၈၇၈  ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင် လက်နက်ကိုင်ဆောင်ထားပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင် ၄ ရက်ထုတ်  အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့သည်။
 
ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော လေသေနတ် အပါအဝင် သေနတ်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုသဖြင့် လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ရရှိရန် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန (လက်နက်ကိုင်ဆောင်ရွက်ခွင့်လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့)သို့တင်ပြလျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိသည်။
 
တရားမဝင် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုများနှင့် ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ထက်မနည်း ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
 
သို့ဖြစ်ပါ၍ တရားမဝင် လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်၊ ရဲစခန်းများနှင့် ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာရောက်အပ်နှံကြရန်နှင့် လာရောက်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ထားရှိ၍ စုံစမ်းဖော်ထုတ်ရရှိပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ဖော်ပြပါရှိခဲ့သည်။
 
ထို့အပြင် လိုင်စင်မဲ့ ကိုင်ဆောင်လျက်ရှိသော လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အစဉ်တစိုက် စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိရာ ၂၀၁၅ ခုနှစ် ဇွန်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွင်းမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူလျက်ရှိပြီး ဆက်စပ်တရားခံများကိုလည်း  ဆက်လက်ဖော်ထုတ် အရေးယူလျက်ရှိသည်ဟုလည်း ပါရှိခဲ့သည်။
 
မန္တလေးတိုင်းဒေသကြီးတွင် ဇွန် ၂၆ ရက်ည ၉ နာရီခန့်က စဉ့်ကူမြို့-ရွှေဘို ကားလမ်းတွင် အမြွှာညီအစ်ကို မောင်းနှင်လာသော ကားပေါ်၌ သေနတ်ငါးလက်နှင့် ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများအား စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
 ၎င်းတို့အား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းခဲ့ရာ ဇူလိုင် ၂ ရက်တွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့ နယ်များတွင် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ယင်းနေ့တွင်ပင် လေသေနတ်နှင့် ဆက်စပ် လက်နက်ခဲယမ်းများ အား ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ၁၀ ရပ်ကွက်၊ ကန်လမ်းရှိ အမျိုးသားတစ်ဦး၏ နေအိမ်တွင် CID ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာမြို့မ ရဲစခန်းများမှ စုံစမ်းသိရသည်။
 
အဆိုပါဖြစ်စဉ်များမှ စစ်ဆေးတွေ့ရှိခဲ့သည့် သေနတ်၊ လေသေနတ် စုစုပေါင်း ၃၆ လက်ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent