မြဝတီမြို့တွင် လောင်းကစားဂိမ်းရုံဝင်ဖမ်းစဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲဒုတပ်ကြပ်တစ်ဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ

မြဝတီမြို့တွင် လောင်းကစားဂိမ်းရုံဝင်ဖမ်းစဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲဒုတပ်ကြပ်တစ်ဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ
Published 1 July 2015

မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အောင်ချမ်းသာလမ်းရှိ လောင်းကစားဂိမ်းဆိုင် တစ်ဆိုင်အား ရဲတပ်ဖွဲ့ဝင်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ဇွန် ၃၀ ရက် ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က မြဝတီခရိုင် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အဆိုပါ လောင်းကစားဂိမ်းရုံသို့ ဝင်ရောက်ဖမ်းမီစဉ် ဂိမ်းရုံအတွင်းမှ ပစ်ခတ်မှုကြောင့် မြဝတီရဲစခန်းမှ ဒုတပ်ကြပ် ကျော်ကျော်ဝင်းနှင့် မောင်ဇော်ဆိုသူ ပြည်သူတစ်ဦး သေနတ်မှန်ပြီး ဒဏ်ရာရခဲ့သည်။အမှတ် ၄ ရပ်ကွက် ဟေမန်ဦးကျောင်းလမ်း နေထိုင်သူ မောင်ဇော်သည် ဇနီး၊ ကလေးနှင့်အတူ ဆိုင်ကယ်စီးလာပြီ အောင်ချမ်းသာလမ်းထိပ် ဈေးဆိုင်အနီးသို့ ရောက်ရှိစဉ်  ဆိုင်ကယ်ပေါ်မှဆင်း၍ မုန့်သွားဝယ်ရာ ယာဘက်ပေါင်ရင်းတွင် ကျည်ဆန်ထိမှန်ခဲ့ခြင်း ဖြစ်သည်။“ကလေးနဲ့ မိန်းမကို ဆိုင်ကယ်ပေါ်မှာ ထားခဲ့ပြီး မုန့်သွားဝယ်တာ၊ ပထမတော့ ကျည်ထိမှန်း မသိခဲ့ပါ။ နာကျင်ကာ ဆေးရုံရောက်မှ ကျည်ဆန်က အနောက်တင်ပါးကဝင်ပြီးအရှေ့ပေါင်ရင်းက ထွက်သွားတာ သိရတယ်။ တကယ်ကြောက်စရာ ကောင်းပါတယ်” ဟု သေနတ်ဒဏ်ရာကြောင့် မြဝတီပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသူ ကိုမောင်ဇော်က ပြောကြားသည်။မြဝတီရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်ကျော်ကျော်ဝင်းသည် လက်မောင်းဒဏ်ရာ ပြင်းထန်၍ ခွဲစိတ်ကုသမှု ခံယူနေရကြောင်း သိရသည်။အဆိုပါဂိမ်းဆိုင် ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် ရပ်ကွက်နေပြည်သူများ အထိတ်တလန့် ဖြစ်ပွားကာ မြို့တွင်း၌ လောင်းကစားဂိမ်းဆိုင်များ ရှိနေခြင်းကို လုံးဝမလိုလားကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။လောင်းကစားဂိမ်းဆိုင်အနီး နေထိုင်သူ ကိုဆန်းညွန့်က “ကျွန်တော် အပြင်က ပြန်လာတော့ ပစ်ခတ်သံတွေ ကြားနေရပြီး၊ ပတ်ဝန်းကျင်က လူတွေက အိမ်မပြန်ဖို့ တားလိုက်တော့ အသံတွေငြိမ်တဲ့အထိ စောင့်နေလိုက်ပါတယ်။ အိမ်မှာရှိနေတဲ့ မိန်းမနဲ့ တူမလေးကိုလည်း စိတ်ပူတယ်၊ ဂိမ်းဆိုင်က ကိုယ့်အိမ်နဲ့ ကပ်နေတော့ အရမ်းကို စိုးရိမ်မိပါတယ်” ဟု ဆိုသည်။မြဝတီမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်များအဖြစ် DKBA, KNU, KNU/KNLA Pc, KPDF စသည့် တိုင်းရင်းသားလက်နက်ကိုင်များရှိရာ ယခုပစ်ခတ်မှုမှာ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ ပစ်ခတ်ခြင်းဖြစ်သည်ကို သက်ဆိုင်ရာမှ စုံစမ်းေဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent