လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ စီမံကိန်းသုံးခုအတွက် JICA ချေးငွေ ဒေါ်လာသန်း ၂၁၀ ပေးအပ်ရန် လက်မှတ်ရေးထိုး.

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ စီမံကိန်းသုံးခုအတွက် JICA ချေးငွေ ဒေါ်လာသန်း ၂၁၀ ပေးအပ်ရန် လက်မှတ်ရေးထိုး.
Published 1 July 2015
ရွှန်းလဲ့ဝင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ စီမံကိန်းသုံးခုအတွက် JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၁၀ ပေးအပ်ရန် ချေးငွေစာချုပ်များကို ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
 
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လုပ်ငန်းစီမံကိန်းသုံးခုကို အကောင်အထည်ဖော်ရန်အတွက် အတိုးနှုန်းသက်သာသည့် ဂျပန် တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အကူအညီချေးငွေ စုစုပေါင်း ဂျပန်ယန်း ၂၅ ဒသမ ၈၈၈ ဘီလျံ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာသန်း ၂၁၀) အား ထောက်ပံ့ရန် ချေးငွေစာချုပ်များကို ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
 
JICA မှ ယနေ့ လက်မှတ်ရေးထိုးပေးအပ်သည့် ချေးငွေသုံးရပ်မှာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာပြီး အဆောက်အအုံ ပစ္စည်းကိရိယာလိုအပ်ချက်များ ပြည့်စုံသော သီလဝါအထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ ရန်ကုန်မြို့တော်၏ အလယ်တွင် တည်ငြိမ်မှုရှိ၍ အားကိုးအားထားပြုနိုင်သော လျှပ်စစ်စွမ်းအား ရရှိနိုင်သည့် စက်မှုလုပ်ငန်းနှင့် ရောင်းဝယ်ဖောက်ကားရေးကဏ္ဍများ ဖြစ်ပေါ်လာစေရေးနှင့် ငွေကြေးကို ပိုမိုကျယ်ပြန့်စွာ ရနိုင်ခြေအားဖြင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ကြောင်း သိရသည်။
 
ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးတိုးတက်မှု စီမံကိန်းအပိုင်း (၁) သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် ပြတ်တောက်မှုမရှိအောင် ဆောင်ရွက်ခြင်းနှင့် လက်ရှိဖြန့်ဝေနေသော ပစ္စည်းများကို ပြုပြင်ခြင်းအားဖြည့်ခြင်းအားဖြင့် ဖြန့်ဝေရာတွင် ဓာတ်အားဆုံးရှုံးမှုများကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။
 
သီလဝါဧရိယာတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအပိုင်း ၁ နှင့် ၂ သည် ထိုဧရိယာအတွင်းရှိ ဆိပ်ကမ်းများကို ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများကို တိုးပွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် ကာလလတ်နှင့် ကာလရှည် ရန်ပုံငွေများကို ပါဝင်ဆောင်ရွက်သည့် ငွေကြေးအဖွဲ့အစည်းများမှတစ်ဆင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ရရှိစေခြင်းနှင့် ပါဝင်ဆောင်ရွက်သည့်  ငွေကြေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းတို့ဖြင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု များပြားလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent