အာဆီယံ-တောင်ကိုရီးယား ခရီးသွားလုပ်ငန်းဆွေးနွေးပွဲတွင် မြန်မာ့ခရီးစဉ်များကို တောင်ကိုရီးယားရှိ ခရီးသွားကုမ္ပဏီများ စိတ်ဝင်စားမှုမြင့်တက်ပြီး ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှုပိုများလာဟုဆို

အာဆီယံ-တောင်ကိုရီးယား ခရီးသွားလုပ်ငန်းဆွေးနွေးပွဲတွင် မြန်မာ့ခရီးစဉ်များကို တောင်ကိုရီးယားရှိ ခရီးသွားကုမ္ပဏီများ စိတ်ဝင်စားမှုမြင့်တက်ပြီး ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှုပိုများလာဟုဆို
Published 1 July 2015
မြတ်စုနိုင်

မြန်မာ့ခရီးစဉ်များကို တောင်ကိုရီးယားရှိ ခရီးသွားကုမ္ပဏီများ စိတ်ဝင်စားမှုမြင့်တက်လာပြီး ယခင်နှစ်ထက် ခရီးသွားဝင်ရောက်မှု ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် အာဆီယံ-တောင်ကိုရီးယား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် မြန်မာ့ခရီးစဉ်များကို တောင်ကိုရီးယားခရီးသွားလုပ်ငန်းရှင်များမှ စိတ်ဝင်စားမှုများပြားလာခဲ့ကြောင်း ဟိုတယ်/ခရီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
"အခုမြန်မာနိုင်ငံမှာရှိတဲ့ခရီးစဉ်တွေကို တောင်ကိုရီယားဧည့်သည်တွေ စိတ်ဝင်စားမှုက တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာတယ်။ ပြီးတော့ အာဆီယံ-တောင်ကိုရီးယား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှာလည်း မြန်မာ့ခရီးစဉ်တွေကို တောင်ကိုရီယားခရီးသွားကုမ္ပဏီတွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့ပါတယ်" ဟု ဟိုတယ် /ခရီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏  စိတ်ဝင်စားဖွယ်ရာကောင်းသော ခရီးစဉ်ဒေသများကို ဗီဒီယိုဖိုင်များတင်ဆက်ပြသခြင်းဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် တောင်ကိုရီးယားခရီးလုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဆီယံ-တောင်ကိုရီးယားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် မြန်မာ့ခရီးစဉ်များကို တောင်ကိုရီးယားနိုင်ငံရှိ ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းရှင်များပူးပေါင်း၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ပုဂံ၏ယဉ်ကျေးမှုလက်ရာများ၊ မန္တလေးနှင့် အမရပူရရှိ ဦးပိန်တံတား၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတို့နှင့် ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေ၊ အင်းလေးကန်အပါအဝင် ကျွန်းမျှောစိုက်ခင်းများနှင့် ရေပေါ်ဈေးတွင် သစ်သီးဝလံရောင်းချနေမှုများကို စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်ခဲ့ပြီး ချင်းပြည်နယ်ရှိ နတ်မတောင်ဒေသကိုလည်း  ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံရှိ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားမှုရှိလာခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ တောင်ကိုရီးယားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ် တွင် ၅၈၄၇၂ ဦးရှိကာ ယခုနှစ် မေလကုန်အထိ ခရီးသားဦးရေ ၂၈၀၈၈ ဦး ဝင်ရောက်လည်ပတ်ခဲ့သောကြောင့် ယခင်နှစ်ထက် တောင်ကိုရီးယားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Most Read

Most Recent