သင်ယူခြင်းအတွက် သော့ချက်အချို့

သင်ယူခြင်းအတွက် သော့ချက်အချို့
Published 30 June 2015
ကျွန်း

အလုပ်လုပ်ပြီး ကျောင်းတက်နေရသူတစ်ဦးက အလုပ်မလုပ်ဘဲ စာကို အာရုံစိုက် ကြိုးစား၊ အဘက်ဘက်က လိုလေသေးမရှိအောင် ထားပေးခံရသူတစ်ဦးထက် စာမေးပွဲမှာ အမှတ်သာ၊ အဆင့်ကောင်းသွားတဲ့အဖြစ်မျိုး ဝတ္ထုတွေထဲမှာ ဖတ်ဖူးပါတယ်။ ဒါတွေက စာရေးသူက လုပ်ကြံဖန်တီးပြီး ရေးတာလား၊ ဒါမှမဟုတ် အလုပ်လုပ်ပြီး ကျောင်းတက်ရသူရဲ့ ပင်ကိုအနေအထားအရ အခြားသူထက် ပိုတော်နေတာလား စသဖြင့် မေးစရာလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ဦးနှောက်ရဲ့ သင်ယူမှုနဲ့ဆိုင်တဲ့ အလုပ်လုပ်ပုံတွေကို သိရင်တော့ ဒါက ဖြစ်နိုင်တဲ့ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ အလုပ်လုပ်ပြီး ကျောင်းတက်ရခြင်းက သင်ယူမှုအတွက် မှန်ကန်တဲ့ ပုံစံဘက်ရောက်အောင် အကူအညီပေးသလို ဖြစ်နေကြောင်းတွေကို နားလည်နိုင်ပါလိမ့်မယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂို၊ ကယ်လီဖိုးနီးယားတက္ကသိုလ်က သင်ကြားပို့ချသူ ဒေါက်တာ ဘာဘရာအိုကလေနဲ့၊ ထင်ရှားတဲ့ ဦးနှောက် နဲ့ အာရုံကြောသိပ္ပံသုတေသီ ဒေါက်တာတယ်ရန့်စ်စီနော့စကီးတို့ပြောပြတဲ့ သင်ယူမှုနဲ့ ပတ်သက်တဲ့ သိသင့်တာလေးတွေကို အတိုချုပ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။  သင်ယူမှုတွေအတွက် ဦးနှောက်က ဆောင်ရွက်တဲ့ပုံစံကို အခြေခံအားဖြင့် နှစ်မျိုးခွဲနိုင်ပါတယ်။ အဲဒါက အာရုံစူးစိုက်တဲ့ အနေအထား (Focus Mode) နဲ့ ဖြန့်ကျက်ထားတဲ့ အနေအထား (Diffuse Mode) ဖြစ်ပါတယ်။ ကျွန်မတို့က အာရုံစူးစိုက်သင်ယူတဲ့ပုံစံနဲ့ ပိုပြီး အကျွမ်းတဝင် ရှိကြပါတယ်။ အားထုတ်ပြီး စာတစ်ပုဒ်ကို ဖတ်နေကျက်နေတဲ့ကာလ၊ ပုစ္ဆာတစ်ပုဒ်ကို တွက်နေတဲ့ကာလတွေမှာ ဦးနှောက်က အာရုံစူးစိုက်တဲ့ပုံစံထဲမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ဖြန့်ကြက်ထားတဲ့ အနေအထားနဲ့ သင်ယူမှုကို နေသားကျလေ့မရှိကြပါဘူး။ အဲဒါက ပိုမို သက်သောင့်သက်သာရှိပြီး၊ အာရုံကြောတွေ အနားယူနေတဲ့ ကာလတွေမှာ ဖြစ်လာတာပါ။ သင်ယူမှုတွေကို ပြည့်ပြည့်စုံစုံ ပြုလုပ်နိုင်ဖို့ အာရုံစူးစိုက်တဲ့ အနေအထားတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဖြန့်ကြက်ထားတဲ့ အနေအထားကိုပါ အသုံးပြုမှသာ ကောင်းမွန်ထိရောက်စွာ သင်ယူနိုင်မှာ ဖြစ်ပါတယ်။လေ့လာသင်ယူတဲ့ ပုံစံနှစ်မျိုးကို မြင်သာအောင် နှိုင်းယှဉ် ဥပမာနဲ့ ပြောရရင် အတားအဆီး တုံးကလေးတွေ ခံထားတဲ့ နေရာထဲကို ဘောလုံးသေးသေးလေးတွေ အရှိန်နဲ့ ပစ်သွင်းပြီး ကစားတဲ့စက် (Pinball Machine) နဲ့ ဆင်တူပါတယ်။ အတားအဆီး တုံးကလေးတွေ စပ်စိပ်ကလေးရှိနေရင် ဘောလုံးက ခပ်ဝေးဝေး မသွားနိုင်ပါဘူး။ အတားအဆီးတုံးကလေးတွေ ခပ်ကျဲကျဲ ရှိနေတဲ့ အခါမှာ ဘောလုံးက ပိုဝေးဝေးသွားနိုင်ဖို့၊ သွားချင်တဲ့ဘက်ကို သွားနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အာရုံစူးစိုက်တဲ့ ပုံစံက အတားအဆီးတုံးတွေ စိပ်စိပ်ရှိနေတာနဲ့ တူပြီး၊ ဖြန့်ကြက်တဲ့ပုံစံက အတားအဆီးတုံးတွေ ခပ်ကျဲကျဲ ရှိနေတာနဲ့ တူပါတယ်။ အဲဒီပုံစံ နှစ်ခုက အချိန်တစ်ခုတည်းမှာ တစ်ပြိုင်နက်တည်း မဖြစ်ပေါ်နိုင်ပါဘူး။ တစ်ခုမရှိမှ နောက်တစ်ခု ဖြစ်ပေါ်ပါတယ်။သင်အတွေးတစ်ခုကို တွေးလိုက်တာနဲ့ အဲဒီအတွေးတွေက ဘောလုံးကလေးကို အရှိန်နဲ့ ပစ်လွှတ်လိုက်သလို ဝုန်းခနဲ စတင်ထွက်ခွာသွားပါတယ်။ ချောချောမွေ့မွေ့နဲ့ သွားနေရာက တစ်နေရာမှာ အတားအဆီး တုံးကလေးတွေနဲ့ တိုက်မိခြင်း ပြန်ကန်ထွက်ခြင်းတွေ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ သင်နားလည်ဖို့ ကြိုးစားနေတဲ့ သဘောတရားတွေ၊ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ပုစ္ဆာတွေကို စတင်သဘောပေါက်လာပါလိမ့်မယ်။ အဲဒါက သင်နဲ့ ရင်းနှီးနေပြီးသားဖြစ်တဲ့ သဘောတရားတွေ၊ အကြောင်းအရာတွေ အတွက်ပါ။ အကြောင်းအရာအသစ်တစ်ခု၊ မူလက မရင်းနှီးတဲ့ သဘောတရားတစ်ခုကို သင်ယူမယ်ဆိုရင် အဲဒီအတွေးတွေက အရင်က မရှိခဲ့ဖူးတဲ့အတွက် ဦးနှောက်ရဲ့ ဘယ်လိုနေရာမျိုးမှာ တည်ရှိမလဲ၊ ဘယ်လိုပုံသဏ္ဌာန်မျိုး တည်ရှိမလဲ ဆိုတာကို ကြိုမသိပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ စတင်ထွက်ခွာလာတဲ့ အတွေးတွေကို သင်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ လမ်းကြောင်းဘက်ကို သွားလို့မရအောင် အတားအဆီးတုံးတွေက ပိတ်ဆို့ထားပါတယ်။ အဲဒီအချိန်မှာ ဖြန့်ကြက်တဲ့ ပုံစံကို သုံးစွဲဖို့ လိုအပ်လာပါတယ်။ ဖြန့်ကြက်တဲ့ ပုံစံမှာ အတွေးက အတားအဆီးတုံးတွေကို မတိုက်မိဘဲ အချိန်ကြာကြာ သွားလာလို့ ရပါတယ်။ အဲဒီပုံစံမှာ သင်က အကြောင်းအရာသစ်တွေကို မြင်ကွင်းကျယ်အနေနဲ့ ကြည့်နိုင်သလို ရှုထောင့်သစ်တွေကနေလည်း ကြည့်လို့ရပါတယ်။ အတွေးတွေက လမ်းကြောင်းသစ်ပေါ်မှာ သွားလာရင်းနဲ့ ဦးနှောက်ဆဲလ် အချင်းချင်းကြားထဲမှာ ဆက်သွယ်မှု အသစ်တွေ ပေါ်ထွက်လာပါတယ်။ သဘောတရား အသစ်ရဲ့ အသေးစိတ် အချက်အလက်တွေကို နားလည်ဖို့၊ ပုစ္ဆာတစ်ခုကို အပြီးသတ် ဖြေရှင်းနိုင်ဖို့အတွက် သုံးနေကျ အာရုံစူးစိုက်တဲ့ ပုံစံကို အသုံးပြုလို့ မရပါဘူး။ ဒါပေမဲ့ အာရုံစူးစိုက်မှုက အစပိုင်း နေရာကလေးတွေကို ရောက်ရှိအောင်တော့ အကူအညီပေးနိုင်ပါတယ်။ဖြန့်ကျက်တဲ့ ပုံစံအနေအထားထဲကို ရောက်ရှိနိုင်ဖို့ အလွန်တော်တဲ့ သိပ္ပံပညာရှင်တွေ၊ အနုပညာရှင်တွေ အသုံးပြုခဲ့ကြတဲ့ နည်းလမ်းအချို့ ရှိပါတယ်။ ဆာရီယယ်လစ် ပန်းချီဆရာ ဆယ်လ်ဗေဒေါဒါလီက လက်ထဲမှာ သော့တွဲတစ်ခုကိုင်၊ ကြမ်းပြင်နဲ့ မထိတထိလေးမှာထားပြီး ထိုင်ခုံမှာ အိပ်တတ်ပါတယ်။ သူအိပ်ပျော်သွားတာနဲ့ သော့တွဲ လွတ်ကျသွားတဲ့အတွက် အဲဒီအသံနဲ့ လန့်နိုးသွားပါတယ်။ အဲဒီအချိန်မှာ ရလာတဲ့ စိတ်ကူးတွေနဲ့ သူ့ရဲ့ ပြောင်မြောက်တဲ့ ပန်းချီကားတွေကို ဖန်တီးပါသတဲ့။ တီထွင်ဖန်တီးသူ သောမတ်စ်အက်ဒီဆင်ကတော့ လက်ထဲမှာ ဘောလုံးလေး တစ်လုံးကိုင်ပြီး ထိုင်ခုံမှာ အိပ်တတ်ပါတယ်။ ဘောလုံး လွတ်ကျသွားချိန်မှာ လန့်နိုးလာပြီး အဲဒီကရလာတဲ့ အတွေးတွေ၊ အဖြေတွေကို အာရုံစူးစိုက်တဲ့ ပုံစံထဲထည့်ပြီး အလုပ်လုပ်ပါသတဲ့။ဖြန့်ကြက်တဲ့ ပုံစံထဲ ရောက်ရှိဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတစ်ခုက ကိုယ်လက်လှုပ်ရှားခြင်း ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ဦးနှောက်ကို ကျွန်မတို့ ပေးနိုင်တဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်လည်း ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေက ဦးနှောက်ရဲ့ ဆဲလ်တစ်မျိုးဖြစ်တဲ့  နျူရွန်တွေကို အသစ်မွေးဖွားလာအောင်၊ မွေးဖွားလာတဲ့ နျူရွန်တွေ ပိုမိုရှင်သန်နိုင်အောင် အကူအညီပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေ၊ ပြေးလွှားကစားမှုတွေက ဈေးကွက်ထဲမှာ ရှိနေတဲ့၊ ဉာဏ်ကောင်းစေနိုင်တယ်ဆိုတဲ့ ဆေးတွေအားလုံးထက် ပိုမိုသာလွန် ကောင်းမွန်တဲ့ ဆေးဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုနေတဲ့ အချိန်တွေမှာ မသိစိတ်ထဲမှာ ဖြန့်ကြက်တဲ့ပုံစံနဲ့ သင်ယူမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဖြေရှင်းဖို့ ခက်ခဲနေတဲ့ ပြဿနာတွေရဲ့ အဖြေကို ရလာတာ၊ နားလည်ဖို့ ခက်ခဲနေတဲ့ သဘောတရားတွေကို နားလည်လာတာ၊ တစ်စုံတစ်ခုကို ဖန်တီးဖို့ အတွေးသစ်တွေ ရလာတာမျိုးတွေ ဖြစ်တတ်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ပြေးလွှားကစားခွင့်ရတဲ့ ကလေးတွေက စာပဲတစ်ချိန်လုံး ကြိုးစားနေရတဲ့ ကလေးတွေထက် ရေရှည်မှာ ပိုမိုဉာဏ်ထက်မြက်ကြတာ မတော်တဆ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ ကလေးတွေကို ကစားခွင့်ပိတ်ပင်၊ အနားမပေးဘဲ စာကို ဆက်တိုက်လေ့လာခိုင်းတာတွေက အလွန်ကို မှားယွင်းတဲ့ သင်ယူစေမှုနည်းလမ်း ဖြစ်ပါတယ်။ ခက်ခဲပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားဖို့ မလိုအပ်ပါဘူး။ ရိုးစင်းစွာ လမ်းလျှောက်ရုံနဲ့ များစွာ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကလည်း သင်ယူမှုတွေအတွက် အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့က နိုးနေရုံသက်သက်နဲ့ကို ဦးနှောက်ထဲမှာ အဆိပ်တွေ ထွက်နေပါတယ်။ အိပ်တဲ့အချိန်မှာ ဦးနှောက်ဆဲလ်တွေ ကျုံ့သွားတဲ့အတွက် ဆဲလ်တွေကြားက နေရာတွေ ကျယ်လာပါတယ်။ အဲဒီအခါမှာ အရည်တွေက ဆဲလ်တွေကို ဖြတ်သန်းစီးဆင်းပြီး အဆိပ်တွေကို ဆေးထုတ်လိုက်ပါတယ်။ ဒါကြောင့် မနက်ဖြန်လို စာမေးပွဲဖြေမယ်ဆိုရင် ဒီနေ့ညလိုမျိုးမှာ အိပ်ရေးဝဖို့ အလွန်အရေးကြီးပါတယ်။ မဟုတ်ရင် အဆိပ်တွေ လွင့်မြောနေတဲ့ ဦးနှောက်နဲ့ စဉ်းစားနေရတဲ့အတွက် ဖြေဆိုမှုတွေ မှားယွင်းလွဲချော်နိုင်ပါတယ်။ ဦးနှောက်က သင်အိပ်ပျော်နေတဲ့ အချိန်တွေမှာ မှတ်သားထားတာတွေကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြုပြင်ပေးတာ၊ မလိုတာတွေကို ဖျက်ပစ်တာမျိုးတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ဦးနှောက်ရှေ့ခြမ်း၊ နဖူးအောက်တည့်တည့်မှာရှိတဲ့ ပရီဖရွန်တယ်ကော့တက်စ်နေရာက သိခြင်းတွေကို ရပ်တန့်ပစ်လိုက်ပါတယ်။ အဲဒီအခါမှာ ဦးနှောက်ရဲ့ အခြားအစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခု ပိုပြီးအဆင်ပြေပြေ ဆက်သွယ်နိုင်လာပါတယ်။ သူတို့က သင်အိပ်ပျော်နေချိန်မှာ သင့်အတွက် လိုအပ်နေတဲ့ အဖြေတွေကို ရှာပေးခြင်း၊ ပြဿနာတွေကို ဖြေရှင်းခြင်းတွေကို အတူတူ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ သို့ပေမဲ့ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် မအိပ်ခင်မှာ အာရုံစူးစိုက်လေ့လာမှုတွေ ပြုလုပ်ပြီး မျိုးစေ့ချပေးခဲ့ရမှာ ဖြစ်ပါတယ်။ထိရောက်စွာ သင်ယူနိုင်ဖို့အတွက် အာရုံစူးစိုက်တဲ့ ပုံစံနဲ့ ဖြန့်ကြက်တဲ့ ပုံစံနှစ်ခုကြားထဲကို အပြန်အလှန် သွားနေနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ကြွက်သားတွေ သန်စွမ်းလာအောင် အလေးမခြင်းနဲ့ ဥပမာပြုလို့ ရပါတယ်။ မနက်ဖြန်မှာ ပြိုင်ပွဲရှိတယ်ဆိုမှ ဒီနေ့မှာ တစ်နေကုန် အလေးမ,ပစ်လို့ မရနိုင်ပါဘူး။ နေ့စဉ် ပုံမှန်လေ့ကျင့်ပြီး ကြွက်သားတွေ တဖြည်းဖြည်းချင်း တက်လာအောင် ဆောင်ရွက်ရပါတယ်။ အဲဒီလိုပဲ နေ့စဉ်နေ့တိုင်း သင့်တော်တဲ့ လေ့လာသင်ယူမှုတွေကို ပြုလုပ်ပြီး အတွေးတွေကို ဆွဲခိုထားစေမယ့် ဦးနှောက်ထဲက အာရုံငြမ်းကလေးတွေ ကြီးထွားလာအောင် တည်ဆောက်ပေးရပါတယ်။ ဦးနှောက်က သင်ယူရတဲ့ အကြောင်းအရာ အသစ်တွေနဲ့ လုံးထွေးသတ်ပုတ်ရတဲ့ ကာလတွေ၊ အဲဒါတွေကို လက်ခံနိုင်အောင် ကြိုးစားရတဲ့ ကာလတွေမှာ သင်ယူမှုပုံစံ နှစ်မျိုးစလုံးကို တလှည့်စီ အသုံးပြုနေဖို့ လိုအပ်ပါတယ်။တစ်လှည့်စီ သင်ယူဖို့ နည်းလမ်းကောင်း တစ်ခုက အချိန်တိုတစ်ခု သတ်မှတ်၊ အာရုံစူးစိုက် လေ့လာပြီးတဲ့နောက်မှာ အနားယူခြင်း ဒါမှမဟုတ် မိမိနှစ်သက်တဲ့ အရာတွေကို ခေတ္တပြုလုပ်ခြင်းပါ။ ဥပမာ တစ်ကြိမ်ကို ၂၅ မိနစ် အာရုံစူးစိုက်လေ့လာပြီး ကြားထဲမှာ ကစားတာ၊ အနားယူတာ၊ သီချင်းနားထောင်တာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။ အချိန်တို သတ်မှတ်လေ့လာခြင်းက အချိန်ဆွဲ ရွှေ့ဆိုင်းတတ်တဲ့ အကျင့်ကို ကုစားဖို့အတွက်လည်း များစွာအထောက်အကူ ဖြစ်ပါတယ်။ အချိန်တိုကာလတစ်ခု စူးစိုက်လေ့လာပြီးချိန်မှာ မိမိနှစ်သက်ရာ တစ်ခုခုကို လုပ်ခွင့်ရမယ်ဆိုတဲ့ အသိက သင်ယူလိုစိတ်တွေ ပိုမိုဖြစ်ထွန်းစေနိုင်ပါတယ်။သင်ယူမှုမှာ အဖန်တလဲလဲ ပြန်လည်လေ့ကျင့်မှုတွေ၊ ပြန်လည်စဉ်းစားမှုတွေကလည်း အလွန်အရေးပါတဲ့ အရာတွေ ဖြစ်ပါတယ်။ ပြန်မစဉ်းစားဘဲ မိမိဖတ်နေတဲ့ စာတွေ၊ အကြောင်းအရာတွေကို ဒီအတိုင်း ဆက်ဖတ်နေ၊ လိုင်းတားနေတာတွေက အဲဒီစာတွေကို ရနေ၊ နားလည်နေပြီလို့ ထင်မှတ်မှားပြီး အချိန်ကုန်စေပါတယ်။ စာအုပ်ကို မကြည့်ဘဲ ပြန်စဉ်းစားမှုတွေ၊ အဖြေကိုမကြည့်ဘဲ ပြန်တွက်ချက်မှုတွေက ဦးနှောက်ထဲမှာရှိတဲ့ သင်ယူမှု အာရုံလမ်းကြောင်း ကလေးတွေကို ပိုမိုထင်ရှား နက်ရှိုင်းလာအောင် အကူအညီပေးပါတယ်။ ပြန်လည်လေ့ကျင့်မှု၊ စဉ်းစားတွေ ပြုလုပ်ရာမှာ နေ့စဉ် နည်းနည်းစီ ပြုလုပ်သွားတာက တစ်နေ့ထဲမှာ အများကြီး ပြုလုပ်တာထက် ပိုမို ထိရောက်ပါတယ်။ ဥပမာ - အကြောင်းအရာ တစ်ခုကို တစ်နေ့ထဲမှာ အခေါက်နှစ်ဆယ် ပြန်ဖတ်တာ၊ စဉ်းစားတာထက် တစ်နေ့ကို တစ်ခေါက်၊ ရက်နှစ်ဆယ် ဖတ်တာ၊ စဉ်းစားတာက ရေရှည်မှာ ပိုမှတ်မိစေပါတယ်။ နံရံကို အုတ်စီပြီး ဆောက်တဲ့အခါ အင်္ဂတေခြောက်ဖို့ အချိန်ပေးရသလိုပါပဲ။ သင်ယူမှုတွေမှာလဲ အာရုံလမ်းကြောင်း ဆုံမှတ်တွေမှာ ဆက်သွယ်မှုတွေ ဖြစ်ထွန်းလာအောင်၊ ဖြစ်ထွန်းလာတဲ့ ဆက်သွယ်မှုတွေ ပိုမိုသန်စွမ်းလာအောင် အချိန်ပေးရပါတယ်။ အားလုံးကို စုပြုံထိုးသိပ်ပြီး ဆက်တိုက်လေ့လာခြင်းက အခြေခံမကောင်းတဲ့ အဆောက်အအုံ တစ်ခုကို တည်ဆောက်တာနဲ့ အလားသဏ္ဌာန် တူသွားတတ်ပါတယ်။မှန်ကန်တဲ့ အသိတွေက နာကျင်ခံစားရမှု၊ စိတ်ပင်ပန်းမှုတွေ နည်းပါးစွာနဲ့ ထိရောက်စွာ သင်ယူနိုင်ဖို့ များစွာ အထောက်အကူ ပြုနိုင်ပါတယ်။ သင်ယူခြင်းဆိုတာက ကျောင်းသား၊ ကျောင်းသူ ဘဝအတွက်သာ အရေးပါတာ မဟုတ်ပါဘူး။ ဘဝတစ်လျှောက်လုံးမှာလည်း ပုံစံမျိုးစုံ၊ နည်းမျိုးစုံနဲ့ လိုအပ်နေဆဲအရာ ဖြစ်ပါတယ်။ သင်ယူခြင်းကို နှစ်သက်မြတ်နိုးသူတွေ များပြားလာခြင်းက လူ့အဖွဲ့အစည်းကို ကောင်းမွန်တိုးတက်စေနိုင်မယ့် နည်းလမ်းတစ်စလို့လည်း ယုံကြည်ယူဆမိပါတယ်။  (ညွှန်း - www.coursera.org - ဆန်ဒီယေဂို၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ‘သင်ယူမှုအကြောင်း သင်ကြားခြင်း’ ပို့ချချက်)