ရခိုင်ဒေသအနှံ့ မိုးကြီးရေလျှံမှုကြောင့် ရေလမ်းနှင့် ကားလမ်းများ ပျက်စီးခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်များရပ်ဆိုင်းနေ

ရခိုင်ဒေသအနှံ့ မိုးကြီးရေလျှံမှုကြောင့် ရေလမ်းနှင့် ကားလမ်းများ ပျက်စီးခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်များရပ်ဆိုင်းနေ
Published 30 June 2015
သားရွှေဦး (ကစ္ဆပ)

မိုးရွာရေလျှံမှုများကြောင့် ရေလမ်း၊ မော်တော်ကားလမ်းများ ပျက်စီးခဲ့ရသဖြင့် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်များ ရပ်ဆိုင်းနေပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးကဏ္ဍတွင် အကျဘက်သို့ ဦးတည်လာနေကြောင်း သတင်းရရှိသည်။
“မိုးက တအားရွာတော့ မယူမြစ်မှာရေလျှံတယ်။ ဘူးသီးတောင်-မောင်တောကား လမ်းကလည်း မြေပြိုလို့  ခဏခဏပျက်နေတယ်။ ပုစွန်ကလည်း ဘင်္ဂလားဒေ့ရှ်ကိုမသွားတော့ ကုန်သွယ်မှုက အကျဘက်မှာရှိနေတယ်။  အခုမိုးရွာတော့ ဘာမှမပို့ရဘူး။ ကုန်သွယ်မှုက ရပ်နေတယ်” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောကြားသည်။
ယင်းအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကနံပါတ် ၁ ပို့ကုန်ဖြစ်သော ရေငန်ပုစွန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဈေးလျှော့ချ ဝယ်ယူလာသဖြင့် ရေငန်ပုစွန် တင်ပို့သူများ အရှုံးပေါ်ကာ တင်ပို့မှုရပ်ဆိုင်းသလောက် ဖြစ်နေသဖြင့် ကုန်သွယ်မှုမှာလည်း အကျဘက်သို့  ဦးတည်နေကြောင်း ဦးထွန်းဝင်းက ပြောကြားသည်။
မောင်တော နယ်စပ်ကုန်သွယ်မှု ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးသာထွန်းစိန်က “အခုကုန်ပိုင်းအထိတော့   ဒေါ်လာ သုံးသိန်းလောက် ဆောင်ရွက်နိုင်ခဲ့တယ်။ ရေငန်ပုစွန်ကလည်း ဘင်္ဂလားဒေ့ရှ်က ဈေးချလိုက်တော့ ကုန်သည်တွေ မပို့တော့ဘဲ ဒေသထွက် ပုစွန်တွေကို စစ်တွေကို ပြန်ပို့ကြတယ်။ ကျွန်တော်တို့ မောင်တောနယ်စပ် ကုန်သွယ်ရေးအနေနဲ့က စစ်တွေက ပုစွန်ကိုအခြေခံပြီးပို့တဲ့ အခါကျတော့ အခုအနေအထားမှာ စစ်တွေက ပုစွန်တွေ လုံးဝမလာဘဲ ဖြစ်နေတဲ့အခါ ကုန်သွယ်မှု ကျနေတာဖြစ်တယ်။   နောက်ဆန်တင်ပို့မှုကလည်း ပြည်တွင်းပေါက်ဈေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဈေးထက်တောင် မြင့်နေတဲ့အခါ   ပို့ရင်ရှုံးတယ်ဆိုတော့ မတင်ပို့တော့ဘူး။ အခုပို့နေတာကတော့ ပုစွန်နည်းနည်းရယ်။ သရက်သီး၊ သနပ်ခါးခဲတို့၊ လေးမို့တို့ ပို့နေတယ်။ သွင်းကုန်မှာလည်း ပလတ်စတစ်ပစ္စည်းတွေ ဝင်နေတယ်” ဟုဆိုသည်။
လက်ရှိတွင် မောင်တောဒေသထွက် ပုစွန်များကို မောင်တော-အငူမော်-စစ်တွေ လမ်းဖြင့် နေ့စဉ် စစ်တွေသို့  တင်ပို့ရောင်းချနေကြောင်း သိရသည်။
ငွေလဲနှုန်းအနေဖြင့် မောင်တောတွင် ဘင်္ဂလားဒေ့ရှ်တာကာငွေ ၁၀၀ လျှင် မြန်မာ ငွေကျပ် ၁၄၅၀ အထိ ဈေးရှိနေကြောင်းနှင့် တာကာဈေးနှုန်း မြင့်တက်နေသေးသော်လည်း ပို့ကုန်တင်ပို့သူမရှိ ဖြစ်နေခြင်းမှာ ဘင်္ဂလားဒေ့ရှ်က ဈေးကွက်ကို ထိန်းချုပ်နေခြင်းကြောင့်ဟု ကုန်သည်ဦးထွန်းဝင်းက ဆိုသည်။
 

Most Read

Most Recent