မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁ သိန်းကျော်ရှိရာ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းအထိ ရှိနေ

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁ သိန်းကျော်ရှိရာ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းအထိ ရှိနေ
Published 30 June 2015
ငြိမ်းဇော်လင်း

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁ သိန်းကျော်ရှိရာ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရသည်။၂၀၁၄ ခုနှစ် မတ် ၂၉ ရက်တွင် ကောက်ယူထားသော သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်း မည်သည့်ကတ်မျှ မကိုင်ဆောင်သူဦးရေမှာ ၁၁၀၄၂၂၈ ဦးရှိပြီး တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၂၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။သန်းခေါင်စာရင်း၏ အသက် ၁၀ နှစ်နှင့်အထက် ရှိသူများကို ကောက်ယူထားမှုအရ မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်သူမှာ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး ၃၉၀၃၉၈၀ ဦးရှိကြောင်း၊ ဧည့်နိုင်ငံသားကတ် ကိုင်ဆောင်သူမှာ ၄၃၉၄ ဦး၊ နိုင်ငံသားပြုခွင့်ရသူကတ် ကိုင်ဆောင်သူ ၁၄၂၀၀ ဦး၊ အမျိုးသားမှတ်ပုံတင်ကတ် ကိုင်ဆောင်သူ ၅၅၄၂၃ ဦး၊ သာသနာဝင်ကတ် ကိုင်ဆောင်သူ ၄၄၂၇၃ ဦး၊ ယာယီသက်သေခံကတ် ကိုင်ဆောင်သူ ၁၄၅၇၉ ဦး၊ နိုင်ငံခြားသား မှတ်ပုံတင်ကတ် ကိုင်ဆောင်သူ ၁၀၀၃ ဦးနှင့် နိုင်ငံခြားသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ဦးရေမှာ ၄၃၆၀ ဦးရှိကြောင်း သိရသည်။၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက် ညတွင်ရှိသော မန္တလေးတိုင်းဒေသကြီး၏ လူဦးရေစုစုပေါင်းမှာ ၆၁၆၅၇၂၃ ဦးရှိပြီး အမျိုးသား ၂၉၂၈၃၆၇ ဦးနှင့် အမျိုးသမီး ၃၂၃၇၃၅၆ ဦး ပါဝင်ကြောင်းနှင့် မြို့ပြနေ လူဦးရေ ရာခိုင်နှုန်းမှာ ၃၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး၏ လူဦးရေမှာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့နောက် တတိယမြောက် လူဦးရေအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ထို့အပြင် မန္တလေးတိုင်းဒေသကြီး၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၂၀၀ ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေ သိပ်သည်းဆဖြစ်သည့် တစ်စတုရန်း ကီလိုမီတာတွင် ၇၆ ဦးနှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားနေကြောင်း ဖော်ပြထားသည်။

Most Read

Most Recent