ဖားကန့်-မိုးကောင်း လမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ

ဖားကန့်-မိုးကောင်း လမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ
Published 30 June 2015
အောင်ဟိန်းမင်း(ဖားကန့်)

ဖားကန့်-မိုးကောင်း လမ်းပိုင်းရှိ ဆိုင်းဖရာ ကျေးရွာအနီးတွင် ဇွန်၂၉ ရက်က ခရီးသည်တင်ယာဉ်တစ်စီး လက်နက်ဖြင့် ပစ်ခတ်ခံခဲ့ရကာ ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်များထဲမှ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ပစ်ခတ်ခံခဲ့ရသည့်ကားမှာ ဖားကန့်မြို့ အူမားဘွမ်ကားဂိတ်မှဖြစ်ပြီး ဇွန် ၂၉ ရက်တွင် ဖားကန့်မြို့မှ မိုးကောင်းမြို့သို့ ထွက်ခွာလာရာ ဆိုင်းဖရာကျေးရွာ အနီးတွင် မွန်းလွဲ ၂ နာရီခန့်၌ လက်နက်ကိုင် အဖွဲ့တစ်ခု၏ ပစ်ခတ်ခံခဲ့ရပြီး ကားတွင်လိုက်ပါလာသော ခရီးသည်တစ်ဦး သေဆုံးကာ ကားသမား အပါအဝင် သုံးဦးမှာ ဒဏ်ရာများရရှိ၍ မိုးကောင်းဆေးရုံသို့ တင်ထားရကြောင်း သိရသည်။ သေဆုံးသူမှာ အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာမှ သိန်းဇော်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူ သုံးဦးမှာ ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူ မောင်သက်လင်းအောင် အသက် ၁၇ နှစ်၊ အင်းတော်မြို့နယ်နေ မောင်ဌေးဦး အသက် ၂၂ နှစ်နှင့် ယာဉ်မောင်းတို့ ဖြစ်ကြောင်း သိရသည်။
“မနက်က ကားပေါ်မှာ ခရီးသည်က လေးဦးပါသွားတယ်။ ဒဏ်ရာရရှိထားတဲ့ တစ်ယောက်က ကားထွက်ခါနီးမှ တက်စီးတာဆိုတော့ ဘယ်ကိုအကြောင်း ကြားရမလဲမသိဘူး ဖြစ်နေတယ်။ သူတို့ဘာနဲ့ ပစ်ခတ်ခံရတယ် ဆိုတာတော့ သေသေချာချာမသိ ရသေးဘူး။ လက်နက်ကြီး ကျတယ်လို့လည်း ကြားတယ်” ဟုအူမားဘွမ် ကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါပစ်ခတ်မှုအား သက်ဆိုင်ရာသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာတွင်  ပြန်လည်ဖြေကြားခြင်း မရှိသည့်အတွက် မည်သည့်လက်နက်ဖြင့် ပစ်ခတ်ခံရသည်ကို အတည်မပြု နိုင်သေးသော်လည်း ကား၏ဘယ်ဘက် ခရီးသည်စီးသည့် အခြမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံထားရသည့် ကျည်ရာ ၁၀ခုထက်မနည်း တွေ့မြင်ရကြောင်း ကားသမားများက ပြောကြားသည်။
ဖားကန့်မြို့ မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်စိုးက “ယာဉ်တစ်စီးလက်နက်နဲ့ အပစ်ခံရတယ်ဆိုတာ ဟုတ်ပါတယ်။ ခရီးသည်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရပါတယ်။ အခုညနေမှာ ဖြစ်သွားတာဆိုတော့ ကျွန်တော်တို့ သေသေချာချာတော့ မသိရသေးပါဘူး။ ကားဆရာတွေဆီမှာပဲ မေးကြည့်ပါ” ဟု ပြောကြားသည်။
အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်အသွားအလာ ခေတ္တနားခဲ့ရကြောင်း ညနေတွင် ဖားကန့်မြို့သို့ ရောက်ရှိလာသော ကားသမားများက ပြောကြားသည်။
 

Most Read

Most Recent