၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ် မေလကုန်အထိ ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီစုစုပေါင်း ၄၉၀၇၄ ခုရှိကြောင်း အမျိုးသားစီမံကိန်း ဒုတိယဝန်ကြီး ပြောကြား

၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ် မေလကုန်အထိ ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီစုစုပေါင်း ၄၉၀၇၄ ခုရှိကြောင်း အမျိုးသားစီမံကိန်း ဒုတိယဝန်ကြီး ပြောကြား
Published 29 June 2015
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ် မေလကုန်ထိ ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၄၉၀၇၄ ခုရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ဇွန် ၂၉ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ရခိုင်ပြည်နယ် ဂွမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာက “မြန်မာနိုင်ငံတွင် ယခုအခါ ကုမ္ပဏီလီမိတက်၊ အများပိုင်ကုမ္ပဏီ၊ ကော်ပိုရေးရှင်းနှင့် ဟိုးလ်ဒိန်းဟု ကုမ္ပဏီများ ပေါ်ပေါက်လျက်ရှိရာ ကုမ္ပဏီနှင့်ဆိုင်သည့် ဥပဒေအဖြစ် The Burma Companies Act ၁၉၁၄ ခုနှစ်နှင့် ၁၉၅၀ ပြည့်နှစ် အထူးအက်ဥပဒေများသာ ရှိပါတယ်။ အဆိုပါ ကုမ္ပဏီအက်ဥပဒေမှာ လီမိတက် ကုမ္ပဏီများအတွက် အဓိကထားပြဋ္ဌာန်းသည့် ဥပဒေဖြစ်ရာ ယခုနိုင်ငံတော်မှ မှတ်ပုံတင်ခွင့် ပြုထားသော အများပိုင်ကုမ္ပဏီ၊ ကော်ပိုရေးရှင်းနှင့် ဟိုးလ်ဒိန်းများကို မည်သည့်ဥပဒေနှင့် ထိန်းသိမ်းကွပ်ကဲမှု ပြုလုပ်နေပါသနည်း၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီလီမိတက်၊ အများပိုင်ကုမ္ပဏီ၊ ကော်ပိုရေးရှင်းနှင့် ဟိုးလ်ဒိန်းတို့၏ အရေအတွက် မည်မျှရှိသနည်း” ဟု မေးခွန်းမေးမြန်းမှုအား ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။အဆိုပါ ကုမ္ပဏီ ၄၉၀၇၄ ခုအနက် မြန်မာကုမ္ပဏီအဖြစ် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ ၄၄၄၉၈ ခု၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ ၁၉၉ ခု၊ နိုင်ငံခြားကုမ္ပဏီ ၄၂၉၉ ခုနှင့် ဖက်စပ်ကုမ္ပဏီ ၇၈ ခုရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ ကော်ပိုရေးရှင်းနှင့် ဦးပိုင်ကုမ္ပဏီများကို ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေများနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးလျက်ရှိကြောင်း၊ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၅ တွင် တာဝန်ကန့်သတ်၍ ဖြစ်စေ၊ မကန့်သတ်ဘဲ ဖြစ်စေ ဥပဒေနှင့်အညီ ကုမ္ပဏီများကို ဖွဲ့စည်းမှတ်ပုံတင်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။ထို့ပြင် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေ နိဒါန်းတွင်လည်း “မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေရှိ အချို့သော ပြဋ္ဌာန်းချက်များနှင့် အကြောင်းအားလျော်စွာ လိုအပ်လျှင် မသက်ဆိုင်သော ကုမ္ပဏီမျိုး ဖွဲ့စည်းရန် ရည်ရွယ်သည်တစ်ကြောင်း၊ ထိုကုမ္ပဏီကို ဖွဲ့စည်းရန် ကိစ္စနှင့် အခြားကိစ္စများအတွက် ပြဋ္ဌာန်းရန် လိုအပ်သည်လည်း တစ်ကြောင်း၊ ထိုအကြောင်းကြောင်းများကြောင့် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်” ဟု ဖော်ပြပါရှိပြီး ဖြစ်သဖြင့် အဆိုပါ ဥပဒေများသည် လီမိတက်ကုမ္ပဏီများအတွက်သာ အဓိက ပြဋ္ဌာန်းထားသည့် ဥပဒေ မဟုတ်ကြောင်း၊ အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ ကော်ပိုရေးရှင်းနှင့် ဦးပိုင်ကုမ္ပဏီများအားလုံး မှတ်ပုံတင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။“ဖော်ပြပါ ဥပဒေများဖြင့် ဖွဲ့စည်းမှတ်ပုံတင်ထားပြီးသော ကုမ္ပဏီများသည် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၈၇ အရ ဒါရိုက်တာများ ခန့်အပ်ခြင်းနှင့် ပြောင်းလဲခြင်း၊ ပုဒ်မ ၁၀၄ အရ အစုရှယ်ယာများ ခွဲဝေသတ်မှတ်ခြင်းနှင့် ရောင်းချခြင်း၊ ပုဒ်မ ၃၄ အရ အစုရှယ်ယာများ လွှဲပြောင်း အမည်ပြောင်းလဲခြင်း၊ ပုဒ်မ ၇၂ အရ ရုံးခန်းတည်နေရာ ပြောင်းရွှေ့ခြင်း၊ ပုဒ်မ ၇၆ အရ ကုမ္ပဏီများ၏ နှစ်ပတ်လည် အထွေထွေအရပ်ရပ် အစည်းအဝေး ကျင်းပခြင်း၊ ပုဒ်မ ၁၄၅ (က) အရ စာရင်းစစ် ခန့်ထားခြင်း၊ ပုဒ်မ ၁၅၅ မှ ၂၄၇ အရ ဖျက်သိမ်းခြင်းနှင့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများသည် အဆိုပါ ပုဒ်မများကို လိုက်နာရမည့်အပြင် ဥပဒေအရ ကျင်းပမည့် ကုမ္ပဏီ အစည်းအဝေး အစီရင်ခံစာကို ပုဒ်မ ၇၇ အရ ထပ်မံတင်ပြရခြင်း၊ ပုဒ်မ ၁၀၃ အရ လုပ်ငန်းစတင် ဆောင်ရွက်ခွင့်လက်မှတ် ရရှိစေရေးအတွက် ပုဒ်မ ၉၂၊ ၉၃ အရ မိမိကုမ္ပဏီ၏အကြောင်း ပြည့်စုံစွာ ဖော်ပြထားသည့် လုပ်ငန်းလမ်းညွှန်ချက်ရှင်းတမ်း သို့မဟုတ် အလားအလာ စာတမ်းကို တင်ပြရခြင်းများဖြင့်လည်း ထိန်းသိမ်းကွပ်ကဲမှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြောကြားသည်။ထိုသို့ ဒုတိယဝန်ကြီး ဖြေကြားမှုအပြီး ဦးကြည်သာက ထပ်ဆင့်မေးခွန်းအဖြစ် ကုမ္ပဏီပေါင်း ၄၉၀၀၀ ကျော် ရှိသောကြောင့် ကုမ္ပဏီတစ်ခုလျှင် မှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်း ဖြစ်သဖြင့် စုစုပေါင်း သန်းပေါင်း ၄၉၀၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဒုတိယဝန်ကြီး တင်ပြသည့် ဥပဒေအရ ဆောင်ရွက်ရန် ကိစ္စများကို ကုမ္ပဏီ အများအပြားက ဆောင်ရွက်ရန် အားနည်းလျက်ရှိကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ကုမ္ပဏီများက ဥပဒေ မလိုက်နာသောကြောင့် မလိုအပ်ဘဲ ဖျက်သိမ်းခြင်းခံရသည်မျိုး မဖြစ်ရန် ပညာပေးခြင်း၊ စစ်ဆေးခြင်းများ စီမံချက်ချမှတ် ဆောင်ရွက်ရန် ရှိမရှိ မေးမြန်းသည်။ထို့နောက် ဒုတိယဝန်ကြီးက ကုမ္ပဏီများ မှတ်ပုံတင်ရာတွင် လွယ်ကူချောမွေ့စေရန် ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုမ္ပဏီလုပ်ငန်းရှင်များအား အသိပညာပေး ဆောင်ရွက်နေမှုများကို ပြန်လည်ဖြေကြားသည်။

Most Read

Most Recent