ဆည်မြောင်းနှင့် လျှပ်စစ်များသည် စီမံကိန်းကို စတင်ဆောင်ရွက်နိုင်သည်မှတစ်ပါး ပီပီပြင်ပြင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ ကော်မတီ သုံးသပ်

ဆည်မြောင်းနှင့် လျှပ်စစ်များသည် စီမံကိန်းကို စတင်ဆောင်ရွက်နိုင်သည်မှတစ်ပါး ပီပီပြင်ပြင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ ကော်မတီ သုံးသပ်
Published 29 June 2015
စိုးမင်းထိုက်

ဆည်မြောင်းနှင့် လျှပ်စစ်များသည် စီမံကိန်းကို စတင်ဆောင်ရွက်နိုင်သည်မှတစ်ပါး ပီပီပြင်ပြင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာ ကော်မတီတို့၏ စီမံကိန်းများအား ကွင်းဆင်းစစ်ဆေးချက်များအပေါ် အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။မဏိပူရ ရေလှောင်တမံ ဘက်စုံစီမံကိန်းအား စစ်ဆေးရာတွင် ယင်းစီမံကိန်းအား ၂၀၁၁ ခုနှစ် မေတွင် စတင်ဆောင်ရွက်ခဲ့ကာ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် သက်ဆိုင်ရာ လုပ်ငန်းဌာနများက ယာယီရပ် ဆိုင်းခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် တိုင်းရင်းသားကုမ္ပဏီဖြစ်သည့် Sein Enterprise (SEIN)/China Harbour Engg Co. (CHEC) ပူးပေါင်းအဖွဲ့နှင့် JV/BOT စနစ်ဖြင့် ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။“ဆည်မြောင်းနဲ့ လျှပ်စစ်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းကို စတင်ဆောင်ရွက်နိုင်သည်မှတစ်ပါး ပီပီပြင်ပြင်နဲ့ အရှိန်မြှင့် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတာကို လေ့လာတွေ့ရှိရပါတယ်” ဟု ကော်မတီဝင်တစ်ဦးက ပြောကြားသည်။ထို့ပြင် CHEC/SEIN ပူးပေါင်းကော်မတီသည် တမံအူကြောင်းသစ် ပြန်လည်စဉ်းစားရွေးချယ်နိုင်ရန် စိန်လွန်တွင်း သုံးခု၊ လက်ရှိ တမံနေရာတွင် စိန်လွန်တွင်း ငါးခု တူးဖော်စမ်းသပ်ရန် လျာထားကြောင်း၊ လက်ရှိတမံ၏ အောက်ဘက် ငါးမိုင်ခန့်အတွင်း အနက်မီတာ ၂၀ မှ ၃၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည့် စိန်လွန်တွင်း ၃၆ ခုကို တူးဖော်လျက်ရှိကြောင်း၊ တမံ၏ အောက်ခံအုတ်မြစ်နှင့် မည်သို့ဆက်စပ်မှု ရှိသည်ကို မရှင်းလင်းကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ဆည်မြောင်းနှင့် ရေအားလျှပ်စစ်အတွက် ဦးတည်ခြင်း မသက်ရောက်ကြောင်း၊ အခြားရည်ရွယ်ချက် တစ်ခုခု ဥပမာ သတ္တုမိုင်း ရှာဖွေခြင်း စသည်တို့အတွက် ရည်ရွယ်လုပ်ဆောင်နိုင်ဖွယ် ရှိသည်ဟု သံသယဖြစ်မိကြောင်း၊ ပြည်ပကုမ္ပဏီများသည် ဝန်ကြီးဌာနများမှ စာရွက်စာတမ်း အချက်အလက်များကို တောင်းယူခြင်း၊ မိမိတို့ ရည်ရွယ်ဦးတည်သည့် လိုအပ်ချက်များအတွက် ကွင်းဆင်းလေ့လာစူးစမ်းခြင်းများ ပြုလုပ်ပြီးနောက် MoU ပါ ကတိကဝတ်များအတိုင်း မှီခိုအားထားရနိုင်မှု နည်းပါးသော အစီရင်ခံစာများကို တင်ပြလေ့ရှိကြောင်း၊ လက်တွေ့ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လုပ်ကိုင်လိုသူ အလွန်နည်းပါးသည်ကို ကြုံတွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ကော်မတီ၏ အစီရင်ခံစာတွင် မဏိပူရ စီမံကိန်းသည် မူလဒီဇိုင်း စနစ်ချမှတ်ခဲ့စဉ် ကတည်းက အဘက်ဘက်မှ လွန်စွာများပြား ကြီးမားသည့် လုပ်ငန်းထုထည် ပမာဏ စဉ်းစားရာတွင် ယင်းဒေသနှင့် လိုက်ဖက်ပြီး နိုင်ငံတော်နှင့် ဒေသအတွက် အမှန်တကယ် လိုအပ်မည့် စိုက်ပျိုးရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး၍ ထိရောက်အကျိုးရှိမှုအတွက် စဉ်းစားရာတွင် အားနည်းခဲ့သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။လက်ရှိတွင် MoU ရေးထိုးထားသော CHEC/SEIN အနေဖြင့် လည်းကောင်း၊ လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် လည်းကောင်း၊ လယ်/ဆည်ဝန်ကြီးဌာန အနေဖြင့် လည်းကောင်း၊ လက်တွေ့ကျကျ စီမံကိန်း ရုပ်လုံးပေါ်လာနိုင်စေရန် တမံအမြင့်ကို ၅၂၇ ပေအစား ၃၅၀ ပေမှ ၄၄၀ ပေအတွင်း လည်းကောင်း၊ လက်ရှိ စက်တပ်ဆင်အင်အား ၃၈၀ မဂ္ဂါဝပ် စဉ်းစားခြင်းအစား ၂၀၀ မှ ၂၈၀ မဂ္ဂါဝပ်အတွင်း လည်းကောင်း၊ အဓိကဦးတည် စဉ်းစားလျက် ဒီဇိုင်းစနစ်ကို စဉ်းစားချမှတ်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့ပြင် စီမံကိန်းတွင် မူလဆည် ရေသောက်ဧရိယာ ဧက ၅၀၀၀၀ အပြင် တိုးချဲ့ရရှိနိုင်သော ဧက ၃၀၀၀၀ များအတွက် စိုက်ပျိုးရေနှင့် လျှပ်စစ်ကဏ္ဍ နှစ်ခုလုံးအတွက် အကျိုးရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်သော စီမံကိန်းဟု ယူဆသည့်အတွက် အကောင်အထည်ဖော်မှုကို တုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent