သံတွဲမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ဒါဝကျေးရွာတွင် နေအိမ် ၉၀ ကျော် ပျက်စီးကာ ကျပ်သိန်း ၁၅၀ ဖိုး ဆုံးရှုံး

သံတွဲမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ဒါဝကျေးရွာတွင် နေအိမ် ၉၀ ကျော် ပျက်စီးကာ ကျပ်သိန်း ၁၅၀ ဖိုး ဆုံးရှုံး
Published 29 June 2015

သံတွဲမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်ခဲ့သဖြင့် ဒါဝကျေးရွာတွင် နေအိမ်  ၉၀ ကျော် ပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၅၀ ဖိုးရှိကြောင်း သံတွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
အဆိုပါ ဒါဝကျေးရွာကို ဇွန် ၂၇ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခတ် ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၉၁ လုံး ပြိုပျက်ခဲ့ကြောင်းနှင့် လူဦးရေ ၃၀၀ ခန့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ယာယီခိုလှုံ ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဒါဝကျေးရွာ လေဘေးကယ်ဆယ်ရေးအတွက် ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်ပြီး သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က “မိုးရွာပြီးလေပြင်း တိုက်တဲ့အတွက် ဒါဝရွာကတော့ အိမ်ခြေ ၉၁ လုံးမှာ အလုံး ၂၀ ပြိုသွားတယ်။ ကျန်တဲ့အလုံး ၇၀ လောက်ကတော့ အမိုးလန်တာတော့၊ အကာအရံ ပွင့်သွားတာတို့ ရှိသွားတယ်။ လူတွေကတော့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ အခုဒီနေ့သွားတာက အိမ်မှာလိုအပ်တဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆားတို့ ထောက်ပံ့မှုတွေ၊ နောက်အိမ်ပြန်ဆောက်လုပ်ဖို့အတွက် အိမ်ပြန်ကာရံဖို့၊ မိုးဖို့အတွက် လိုအပ်တဲ့သွပ်တို့၊ အခင်းစတို့၊ နောက်အကာတို့၊ မိုးကာတို့ အဲဒါတွေကိုလည်း ကျွန်တော်တို့ ထောက်ပံ့ခဲ့တယ်။ ပျက်စီးဆုံးရှုံးမှု အနေနဲ့ဆိုရင်တော့ သိန်း ၁၅၀ ဖိုးလောက် ရှိပါတယ်။ ကြီးကြီးမားမား ပြိုသွားတယ် ဆိုတာကလည်း စောင်းရွဲ့သွားတာ။ အဲဒါကြောင့် ဒေသခံတွေကလည်း ကိုယ့်အိမ်ကိုယ်ပြန် ပြုပြင်နေ နေကြပါပြီ။ အခုဒီနေ့ သွားတာကလည်း ဒုတိယအကြိမ်သွားတာပါ။ ပထမအကြိမ်မှာ ရှေ့ပြေးကယ်ဆယ်ရေး အဖွဲ့တွေနဲ့ လိုအပ်တဲ့ သွပ်တို့ပါတို့က ပို့ပြီးသား။ အခုပြုပြင်တာလည်း ရာခိုင်နှုန်း ၉၀ လောက် ပြီးနေပါပြီ။ ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ မိသားစု ခုနစ်စုကလည်း သူတို့နေအိမ်တွေကို ပြန်ပြင်ပြီး ဒီနေ့ပြန်ရွှေ့ပေးလိုက်ပါပြီ” ဟု ဆိုသည်။
အဆိုပါ ဒါဝကျေးရွာသည် သံတွဲမြို့မှ ရှစ်မိုင်ခန့်ဝေးကွာပြီး သံတွဲမြို့နယ် ပြည့်ချောင်းတိုက်နယ်ထဲတွင် တည်ရှိသည့် နေအိမ်အလုံး ၁၆၀ ရှိသည့် ကျေးရွာဖြစ်ကာ လေမုန်တိုင်း ဒဏ်ကြောင့် နေအိမ်ထက်ဝက်ကျော် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေ့လှေကျေးရွာနှင့် ပေါက်တောကျေးရွာတို့တွင် နေအိမ်ခုနစ်လုံးခန့် ဖြိုဖျက်ပြောင်းရွှေ့ ခဲ့ရကြောင်းနှင့် လက်ရှိတွင် ရေကျသွားပြီ ဖြစ်သော်လည်း မြို့တွင်း လမ်းများတွင် နွံများတင်ကျန် နေသည့်အတွက် သန့်ရှင်းရေးများအား ဆက်လက်လုပ်ဆောင် နေရသေးကြောင်းနှင့် ရုံးများနှင့် ဈေးအတွင်း ဆိုင်အချို့ ပြန်ဖွင့်နေပြီ ဖြစ်သော်လည်း စာသင်ကျောင်းတို့ ပိတ်ထားဆဲဖြစ်ကာ သန့်ရှင်းရေး လုပ်ဆောင်မှုမှာ တစ်ပတ်ခန့် ကြာဦးမည်ဟုလည်း သံတွဲဒေသခံတစ်ဦးက ဆိုသည်။

Most Read

Most Recent