မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုကြောင့် တောင်ကုတ်မြို့ဆေးရုံရှိ လူနာများအား အရေးပေါ်ရွှေ့ပြောင်း ကုသခဲ့ရပြီး လူနေအိမ်များနှင့် ဈေးဆိုင်ခန်း ၂၀ ကျော် ရေထဲမျောပါ ဆုံးရှုံး

မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုကြောင့် တောင်ကုတ်မြို့ဆေးရုံရှိ လူနာများအား အရေးပေါ်ရွှေ့ပြောင်း ကုသခဲ့ရပြီး လူနေအိမ်များနှင့် ဈေးဆိုင်ခန်း ၂၀ ကျော် ရေထဲမျောပါ ဆုံးရှုံး
Published 29 June 2015
အောင်ရမ္မာ (ကျောက်ဖြူ)

ရခိုင်ပြည်နယ်တွင်း မိုသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ တောင်ကုတ်မြို့ရေကြီးမှုတွင် ပြည်သူ့ဆေးရုံမှ လူနာများအား အမ္မာရာမဘုန်းတော်ကြီးကျောင်းတွင် အရေးပေါ်ရွှေ့ပြောင်း ဆေးကုသခဲ့ရပြီး ရေဘေးသင့် ဒုက္ခသည်တချို့မှာ နီးစပ်ရာ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရကြောင်း သတင်းရရှိသည်။ဆေးရုံအတွင်းရှိ လူနာများအား တောင်ကုတ်မြို့ စကခ-၅ က ဦးဆောင်ကာ တပ်မတော်သား အင်အား ၄၀ ကျော်ခန့် လာရောက်ရွှေ့ပြောင်းပေးခဲ့ခြင်းကြောင့် လူနာများမှာ ရေဘေးမှ လွတ်ကင်းခဲ့ကြောင်း လူနာရှင်တစ်ဦး၏ ဖခင်ဖြစ်သူက ပြောကြားသည်။“ကျွန်တော့်သားက သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတက်နေတာ နှစ်ရက်မြောက်နေ့မှာ ဆေးရုံမှာ ရေတွေပြည့်လာတယ်။ ဆရာ၊ ဆရာမတွေက တပ်မတော်ကို ဖုန်းနဲ့ အကူအညီ တောင်းတယ်။ ပထမတော့ တပ်မတော်သား လေး၊ ငါးယောက်လောက် ရောက်လာတယ်။ နောက် ဖိုင်ဖာလှေလေးတွေနဲ့ တပ်မတော်သားတွေ ရောက်လာပြီး ရွှေ့ပြောင်းပေးခဲ့တဲ့အတွက် လူနာတွေ အဆင်ပြေသွားပါတယ်” ဟု လူနာရှင်တစ်ဦး၏ ဖခင်ဖြစ်သူ ဦးနိုင်လင်းက ပြောကြားသည်။ရေဘေးသင့် ဒုက္ခသည်များ၊ လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ရေပူရေနွေးများကို ရခိုင်အမျိုးသားပါတီ (ANP)က ဦးဆောင်ကာ ချက်ပြုတ်ကျွေးမွေးခဲ့ကြောင်းနှင့် ထူးဆန်းစွာ ရေကြီးရက်မှာ မွေးလူနာတစ်ယောက်က သုံးမြွှာပူးမွေးသော လူနာရှင်အားလည်း လိုလေသေးမရှိ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။“ဆေးရုံကရွှေ့ပြောင်းလာတဲ့ လူနာရှင်နဲ့ လူနာစောင့် ၈၀ ကျော်၊ ရေနက်ပိုင်းဖြစ်တဲ့ ချောင်းကောက်ရပ်ကွက်က ချက်ပြုတ်စားသောက်ရ ခက်ခဲနေတဲ့ လူပေါင်း ၂၀၀ ကျော်ကို ကျွန်တော်တု့ိ (ANP) ပါတီက လက်လှမ်းမီသလောက် ထမင်းထုပ်တွေ သွားရောက်ကူညီခဲ့တယ်။ လူနာတွေကို ရွှေ့ပြောင်းပေးခဲ့တဲ့ တပ်မတော်သားတွေကိုလည်း ကျွန်တော်တို့ ထမင်းထုပ်တွေကို ဝေငှပေးခဲ့ပါတယ်။ ညအချိန် ဘုန်းတော်ကြီးကျောင်းမှာ ကလေးသုံးမြွှာပူးမွေးတဲ့ လူနာအတွက် ရေပူရေချမ်းများကိုပါ ကူညီပေးနိုင်ခဲ့တယ်။ အခုရေမြုပ်သွားတဲ့ ရေတွင်းတွေကိုလည်း ရေစုပ်စက်နဲ့ ပက်ထုတ်ပေးတဲ့ အစီအစဉ်ကို လုပ်နေပါတယ်” ဟု ANP ပါတီမှ ဦးသန်းလွင်(ခ)ညီပုချေက ဆိုသည်။အဆိုပါရေကြီးမှုကြောင့် ချောင်းကောက်ရပ်ကွက် မော်တော်ဆိပ်ကမ်းရှိ လူနေအိမ်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ယာယီဆောက်လုပ် ရောင်းချခွင့်ပေးထားသည့် အရက်ဆိုင်၊ ကုန်စုံဆိုင်၊ အိမ်ဆောက်ပရိဘောဂ ပစ္စည်းဆိုင်နှင့် လျှပ်စစ်ပစ္စည်းဆိုင်များ အပါအဝင် ဈေးဆိုင်ခန်းပေါင်း ၂၀ ကျော် ရေစီး၏ ပြင်းအားအရှိန်ကြောင့် ရေထဲမျောပါခဲ့ရပြီး ကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့ကြောင်း ယင်း၏ ဆိုင်ပိုင်ရှင်များထံမှ သိရသည်။ဇွန် ၂၆ နှင့် ၂၇ ရက်များက တောင်ကုတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေအမြင့် သုံးပေမှ  ရှစ်ပေအထိ မြင့်တက်ခဲ့ပြီး ဂူတာရပ် ကွက် ပြည်သူ့ဆေးရုံကြီးသို့ ရေအမြင့် သုံးပေအထိ ရေလျှံတက်မှု ဖြစ်ပေါ်ခဲ့ကာ အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည့် လူနာ ၈၀ ကျော်အား ရွှေ့ပြောင်းကုသခဲ့ရခြင်းဖြစ်ကြောင်း တောင်ကုတ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။ချောင်းကောက်၊ ဂူတာ၊ သိမ်တောင်နှင့် ကံပိုင်ရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေအိမ် ၂၀၀ ကျော်မှာလည်း ရေအမြင့် လေးပေမှ ရှစ်ပေအထိ မြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ပြည်သူ ၃၀၀ ကျော်ကို ကုန်းမြင့်လူနေအိမ်အချို့တွင် ရခိုင်အမျိုးသားပါတီနှင့် မြို့ခံများက အရေးပေါ် နေရာချထားပေးပြီး ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် ရေကျဆင်းသွားသော်လည်း ရွှံ့နွံများ တင်ကျန်နေသည့်အတွက် တောင်ကုတ်မြို့မဈေးမှ ဈေးဆိုင်ခန်းများ ရောင်းချရန် ခက်ခဲနေကြောင်း သိရသည်။မြို့ပေါ်လမ်းမများ၌ တင်ကျန်နေသည့် ရွှံ့နွံများကို မီးသတ်ကားများဖြင့် ဖယ်ရှားပေးနေရပြီး ဌာနဆိုင်ရာ ရုံးများတွင်လည်း မီးသတ်ကားများဖြင့် သန့်ရှင်းအောင် ပြုလုပ်သွားပြီးနောက် မြို့မဈေးအား ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း မီးသတ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။“ရခိုင်ရိုးမပေါ်က စီးဆင်းလာတဲ့ တောင်ကျရေနဲ့ တစ်မြို့လုံးနီးပါး ရေလျှံမှု ဖြစ်ပေါ်ခဲ့တယ်။ တောင်ကုတ်မှာ နှစ်ပေါင်း ၁၀ နှစ်အတွင်း ရေလွှမ်းမှု အကြီးမားဆုံး ဖြစ်တယ်” ဟု တောင်ကုတ်မြို့ခံများက ပြောကြားသည်။

Most Read

Most Recent