မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်တွင် အကောင်အထည်ဖော်နေသော စီမံကိန်းများကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး စီမံကိန်း၏ ရာခိုင်နှုန်း ၂၀ ခန့်သာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွ

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်တွင် အကောင်အထည်ဖော်နေသော စီမံကိန်းများကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး စီမံကိန်း၏ ရာခိုင်နှုန်း ၂၀ ခန့်သာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွ
Published 29 June 2015
အငယ်ထွေး၊ နီလာ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်များကို စီမံကိန်းများအတွက် သုံးစွဲမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး ရာခိုင်နှုန်း ၂၀ လောက်သာ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့မှ ဇွန် ၂၉ ရက် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အစီရင်ခံစာအား ရှင်းလင်းတင်ပြ ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည်။
ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအပေါ် Institute for Peace  and Social Justice(IPSJ)၊ Capacity Development Center(CDC) နှင့် Renaissance Institute (RI) တို့မှ ပူးပေါင်း၍ လေ့လာသုံးသပ်သည့် အစီရင်ခံစာ တစ်ရပ်အား ဇွန် ၂၉ ရက်တွင် တော်ဝင်နှင်းဆီတွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ အစီရင်ခံစာအရ ဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲရာတွင် အလေအလွင့် ဖြစ်နေမှုများ၊ စီမံကိန်းများ အကောင်အထည်ဖော်မည်ဟု ဘတ်ဂျက်တင်ထားသော်လည်း လက်တွေ့တွင် အကောင်အထည် မဖော်ဖြစ်သေးသည့် ဝန်ကြီးဌာနများ ရှိနေကြောင်း၊ အထူးသဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၁၄-၂၀၁၅ ဘတ်ဂျက်ပါ ဆောက်လုပ်ရေး လုပ်ငန်းများအပေါ် လေ့လာစောင့်ကြည့်နိုင်မှုကို ဇယား-၃ တွင် ဖော်ပြထားပြီး ဇယား-၄ တွင်မူ ဝန်ကြီးဌာနအလိုက် ပြန်လည်စုစည်း၍ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် လုံးဝဆောင်ရွက်ခြင်း မရှိသည့် လုပ်ငန်းများ ကို ခွဲခြားတင်ပြ ထားသည်ကို တွေ့ရသည်။
အဆိုပါဇယား-၄ အရ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် စုစုပေါင်း အကောင်အထည် ဖော်ရမည့်လုပ်ငန်း၂၃၃ ခုတွင် ၆၇ ခု ကျန်နေသေးကြောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် လုပ်ငန်း ၁၆၁ ခုတွင် ၆၃ ခု လုပ်ရန် ကျန်ရှိနေသေးကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ၁၄၅ ခုတွင် ၃၇ ခု လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် လုပ်ငန်း ၃၄၅ ခုတွင် ၂၉ ခုလုပ်ရန် ကျန်ရှိနေသေးကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနသည်  လုပ်ငန်း ၄၁ ခု တွင် ၁၆ ခုလုပ်ရန် ကျန်နေသေးကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် လုပ်ငန်း ၈၂ ခုတွင် ၁၅ ခုလုပ်ရန် ကျန်ရှိနေသေးကြောင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း ၃၂ ခုတွင် ၁၄ ခုလုပ်ရန် ကျန်ရှိနေသေးကြောင်း၊ စုစုပေါင်း ဝန်ကြီးဌာန ၂၈ ခု၏ လုပ်ငန်းပြီးစီးမှု အခြေအနေကို ဖော်ပြထားပြီး အဆိုပါ ၂၈ ခုမှ လုပ်ဆောင်သည့် စီမံကိန်း ၁၂၉၃ ခုတွင် ၂၇၈ ခုသည် မလုပ်ဆောင်ရသေးသည့် စီမံကိန်းများဖြစ်ကြောင်း၊ လုပ်ဆောင်ဆဲစီမံကိန်း ၇၄၀ နှင့် လုပ်ဆောင်ပြီးစီမံကိန်း ၂၇၅ ခုရှိကြောင်း ဖော်ပြထားသည်။
ရာခိုင်နှုန်းအနေဖြင့်မူ ပြီးစီးအောင် ဆောင်ရွက်နိုင်သည့် စီမံကိန်း ၂၂ ရာခိုင်နှုန်းရှိပြီး ဆောက်လုပ်ဆဲစီမံကိန်း ၅၆ ရာခိုင်နှုန်းနှင့် လုံးဝဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် စီမံကိန်း ၂၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
“ဝန်ကြီးဌာနတွေကနေ ဘတ်ဂျက်တွေကို တောင်းခံပြီးရင် စနစ်တကျ သုံးစွဲနိုင်ဖို့ လိုပါတယ်။ ဒါမှဘတ်ဂျက်တွေ အလေအလွင့်ဖြစ်တာကို ကာကွယ်နိုင်မှာပါ။ ကျွန်တော်တို့က အခုလိုဘတ်ဂျက် လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာကို ထုတ်ပြန်ရတာက အပြုသဘောနှင့် ထုတ်ပြန်တာပါ” ဟု အဆိုပါ အကြံပေးအဖွဲ့မှ တာဝန်ရှိသူ ကိုလွင်ကိုလတ်က ပြောကြားခဲ့သည်။
“ဝန်ကြီးဌာနတွေအနေနဲ့ တကယ်သုံးစွဲသင့်တဲ့ နေရာမှာပဲ သုံးစွဲဖို့ လိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဘတ်ဂျက်လိုငွေဟာ ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက် မကျော်ဖို့လည်း လိုပါတယ်။ ကျော်သွားမယ် ဆိုရင်တော့ တစ်နှစ်၊ နှစ်နှစ်မှာ မသိသာပေမယ့် ကြာသွားတဲ့ အခါမှာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ပါတယ်” ဟု အဆိုပါပွဲသို့ တက်ရောက်လာသူ Institute for Peace  and Social Justice(IPSJ) မှ Executive Director ဒေါက်တာသောင်းထွန်းက  ပြောကြားသည်။
 

Most Read

Most Recent