သရပါထက်မှ တိမ်တိုက်များ

သရပါထက်မှ တိမ်တိုက်များ
Published 29 June 2015
ကိုနော် (ပုဂံ)

(၁)
ကောင်းကင်ထက်မှာ မိုးတိမ်တွေက သိုင်းလို့ဝိုင်းလို့။ မနေ့ကလည်း ဒီနေ့လိုပင်။ တစ်နေ့ကလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ပုဂံမှာ အယောင်ဆောင် တိမ်တိုက်တွေ ရစ်ဝိုင်းနေတာ၊ ဟန်ရေးပြနေတာ ကြာခဲ့ပါပြီ။
ဟန်ရေးပြနေတဲ့၊ အယောင်ဆောင် တိမ်တိုက်တွေနဲ့ နေလာတာ ကြာတော့လည်း ဒီနေ့တော့ဖြင့် တန့်ကြည့်တောင် အထက်က တိမ်တိုက်တွေရယ်၊ လောကနန္ဒာဘုရား အထက်ဘက်ဆီက မိုးတိမ်တွေရယ်၊ ပုဂံမြို့ဟောင်းလေးတစ်ဝိုက် အရောက်မှာ ငွေ့ရည်လေးဖွဲ့လို့ ရွာတန်ကောင်းရယ်လို့ မျှော်မှန်းတောင့်တတာမျိုး မရှိတော့ပါဘူး။ ပုဂံသူ၊ ပုဂံသားတွေ အတွက်တော့ တိမ်တောင်တွေ၊ တိမ်စိုင်တွေဟာ ကောင်းကင်ထက်မှာ ဘယ်လိုပဲ ဟန်ရေးတွေ ပြင်ဆင်နေပါစေ ရင်မခုန်တော့ပါဘူး။
“တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရန်းဘက်၍၊ တိမ်သက်တံ့ရောင်၊ အဝါဘောင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညို့ခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုံခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့” ဆိုတဲ့ တိမ်လားထဲက လိုပါပဲ ပုဂံဝန်းကျင် တစ်ခွင်မှာ ဂဠုန်တွေ၊ နဂါးတွေ၊ ခြင်္သေ့တွေလို မာန်ဟုန်ပြင်းပြင်းနဲ့ ဟန်ရေးပြင်နေပေမယ့် မိုးတော့ ရွာတန်ကောင်းရဲ့လို့ မမျှော်လင့်တော့တာ ကြာခဲ့ပါပြီ။
ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဂုဏ်ချင်းပြိုင်နေတဲ့ တိမ်တိုက်တွေ ခုမြင်ပြီး ခုပျောက်သွားလို့လည်း မအံ့သြတော့ပါဘူး။  အတွေ့အကြုံတွေက များလာတော့ တိမ်တောင်၊ တိမ်တိုက်တွေမြင်ရင် မိုးတော့ရွာပဲဆိုတဲ့ ယုံကြည်မှုမျိုးထက် နေပူဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်မယ့် စိတ်ဓာတ်မျိုးတွေသာ ရှင်သန်ပေါက်ဖွား လာတော့တယ်။
ကောင်းကင်မှာ အယောင်ဆောင် တိမ်တိုက်တွေနဲ့ တွေ့မြင်ရင်းနှီးဖန် များတော့လည်း မိုးကို မျှော်လင့်ခြင်းထက် မကြာခဏ ပြောင်းလဲတတ်၊ ဖွဲ့စည်းတတ်၊ မတည်မြဲတတ်တဲ့ တိမ်တွေရဲ့ သဘောသဘာဝကို စိတ်ဝင်စားသလို ဖြစ်လာတယ်။ တောင်တန်းကြီး တစ်ခုပမာဖြစ်လိုက်၊ နဂါးကြီးပမာ ပြောင်းသွားလိုက်၊ ခြင်္သေ့ကြီး ဖြစ်သွားလိုက်၊ ဆင်ပုံသဏ္ဌာန် ပြောင်းသွားလိုက်၊ အဲဒီကမှတစ်ဆင့် လှိုင်းကြက်ခွပ်လေးတွေ လိုလို၊ ပိုးချည်မျှင်တန်းလေးတွေ လိုလိုနဲ့ ပျောက်ကွယ်သွားလိုက် ဖြစ်နေတဲ့ တိမ်တွေစောင့်ကြည့်တတ်တဲ့ အကျင့်တစ်ခု ရလာတယ်။
တကယ်တမ်း တိမ်တွေကို မြင်ရင် မိုးကိုမျှော်ရမယ့် ကျွန်တော်ဟာ ခုတော့ မိုးကိုမမျှော်တော့ဘဲ သူတို့ဘယ်လိုများ ပြောင်းလဲဦးမှာလဲလို့ပဲ စောင့်ကြည့်နေမိတယ်။
(၂)
တစ်နေ့ကပဲ တိမ်စုံမြူးကြွနေတဲ့ အာနန္ဒာဘုရားကို ရောက်သွား ပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ ဆောင်းပါးတစ်ပုဒ်လည်း ရေးဖြစ်ခဲ့သေးတယ်။ ပြီးတော့ ရွှေဆံတော်ပေါ်တက်ပြီး တုရင်တောင်၊ တန့်ကြည့်တောင်၊ ဧရာဝတီနဲ့ ပုဂံရှေးဟောင်း စေတီပုထိုးတွေ အထက်က ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ တိမ်တိုက်တွေကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။
အယောင်ဆောင်ကောင်းတဲ့ တိမ်တိုက်တွေ ကျွန်တော့်ကို နောက်ထပ်ဖမ်းစား လိုက်တဲ့နေရာက သရပါတံခါး။ သရပါတံခါးကို တိမ်တွေနဲ့ တွဲစပ်နေတာ အရင်က တစ်ခါမှ ကျွန်တော် မမြင်တွေ့ဖူးခဲ့ဘူး။ ဒီလိုနဲ့ သရပါတံခါးကြီးနဲ့ တိမ်တွေရဲ့ တွဲစပ်နေမှုကို ဓာတ်ပုံရိုက်ဖြစ်တယ်။ ဓာတ်ပုံတွေရိုက်ရင်းကပဲ သရပါတံခါးကြီးနဲ့ ဆက်စပ်နေတဲ့ သမိုင်းအဖြစ်အပျက်တွေဆီ စိတ်ကရောက်သွားခဲ့တယ်။
သရပါတံခါးဆိုတာ ကျွန်တော်တို့ ပုဂံသမိုင်းမှာ အထင်ကရ ပြယုဂ်ကြီးတစ်ခု။ အေဒီ ၉ ရာစုကတည်းက တည်ထားတဲ့ မြို့ရိုးလို့ဆိုဆို၊ တရုတ်တွေတက်လာလို့ ကသုတ်ကရက် တည်ဆောက်ခဲ့တဲ့ အေဒီတစ် ၁၃ ရာစု လက်ရာပဲပြောပြော တန်ဖိုးမဖြတ်နိုင်တဲ့ ပုဂံခေတ်ရှေးဟောင်း အမွေအနှစ် လက်ကျန်တစ်ခု ဆိုတာတော့ အသေအချာ ပြောလို့ရတယ်။ ဒါ့ထက်ပြောချင်တဲ့ အကြောင်းအရာလေးတစ်ခုက သရပါတံခါးကြီးနဲ့အတူ ကျန်ရစ်ခဲ့တဲ့ ယနေ့ထက်တိုင် အတုယူဖွယ်ကောင်းတဲ့ သမိုင်းဖြစ်ရပ်လေးတစ်ခု။
“တစ်ရံရောအခါ မင်းကြီးနှင့် ငရမန်ကန်း အန်ကစားကြရာတွင် ငရမန်ကန်း နိုင်လေ၏။ မလမ်းပေါက်ထ၍ ခတ်လေ၏။ မင်းစောလူးလည်း “နင်ငါ့ကို အန်တစ်ပွဲမျှ နိုင်သည်ကို မလမ်းပေါက်ထ၍ ခတ်သည်ကား နင်ယောကျ်ား ဟုတ်နိုးသော် နင်စားသော ပဲခူးနှင့် ပုန်စားလေ” ဟူ၍ မိန့်တော်မူ၏။ ငရမန်ကန်းလည်း “အ ကယ်လော” ဟုမေး၏။ မင်းကြီးလည်း “ငါတို့မင်းမည်သည်ကား မဟုတ်သောအရာကို ဆိုရာသည်လော” ဟုမိန့်တော်မူ၏။” (မှန်နန်းရာဇဝင်)(မလမ်းပေါက်=လက်ခမောင်းခတ်)
ဆိုခဲ့သလို ပုဂံခေတ်မှာ စောလူမင်းနဲ့ ပဲခူးစား ငရမန်တို့ ကြွေအန် ကစားရာကနေ အစပြုပြီး စစ်ရေးပြင်ကြ၊ စစ်ဖြစ်ကြတယ်။
ငရမန်က အစကတည်းက ထီးနန်းလိုချင်တဲ့ အကြံရှိသူဆိုတော့ ရတဲ့အခွင့်အရေး လက်လွှတ်မခံဘူး။ ပဲခူးပြန်ပြီး ရဲမက်၊ ဗိုလ်ပါ၊ ဆင်လုံး မြင်းရင်းနဲ့ ရေကြောင်း၊ ကြည်းကြောင်းနဲ့ ပုဂံကို ချီတက်လာတယ်။ ပြည်တော်သာ ရောက်တော့ တပ်မချပြီး နေသတဲ့။
စောလူးမင်းကလည်း ပြည်တော်သာကျွန်းကို ငရမန်ရောက်နေပြီလို့ ကြားလိုက်တာနဲ့ စစ်ပြင်ပြီး ကျန်စစ်သားကို ရှေ့ကလွှတ် သူကနောက်ကနေ တပ်မနဲ့လိုက်တယ်။ ငရမန်က စစ်ပွဲကို ရိုးရိုးတန်းတန်းတိုက်လို့ အောင်နိုင်မယ် မထင်တော့ ပရိယာယ်ဆင်တယ်။ ရွှံ့ညွန်တွေထူပေါတဲ့ နေရာမှာ ဆင်ရုပ်၊ မြင်းရုပ်၊ ဒိုင်း၊ လွှားကာနဲ့ လူရုပ်တွေ ဖန်တီးပြီး စစ်မြှူတယ်။ ဒါကိုညကြီးမိုးချုပ် ရောက်လာတဲ့ စောလူးမင်းက မစူးစမ်း၊ မဆင်ခြင်ဘဲ သွားတိုက်တော့ သူ့ရဲ့ စီးတော်ဆင် သန်မြင်စွာလည်း ရွှံ့ထဲနစ် သူလည်း ရုပ်ပျက်ဆင်းပျက် ထွက်ပြေးနဲ့ စစ်ရေးနိမ့်သွားတယ်။ ကျန်စစ်သားလည်း စစ်ရေးနိမ့်မှတော့ ပုဂံဘက် မြင်းနဲ့ ပြန်နှင်လာခဲ့ရသတဲ့။

ပုဂံဒေသရှိ စေတီပုထိုးများနှင့် တိမ်တိုက်များကို တွေ့ရစဉ် (ဓာတ်ပုံ - ကိုနော် - ပုဂံ)
သရပါတံခါးကို ကျွန်တော် ရောက်တိုင်း သတိရမိတဲ့ သမိုင်းဖြစ်ရပ်လေးက ဒီနေရာကစပါတယ်။ ငရမန်ရဲ့ စစ်ပရိယာယ်နွံထဲ အရှင်သခင်ဖြစ်သူ စောလူးမင်းရဲ့ မဆင်မခြင် ထိုးစစ်ဆင် ဝင်ရောက်မိတာကြောင့် အသက်လုပြေးခဲ့ရတဲ့ ကျန်စစ်သားကို သရပါတံခါးမှာ စောင့်ကြိုနေတဲ့ မှူးကြီးမတ်ရာတွေက-
“ငါတို့အရှင် မင်းစောလူးမရှိပြီသော် အရှင်မင်းကြီးမှတစ်ပါး ဤပြည်ကို စိုးအုပ်ထိုက်သသူ မရှိပြီ” ဆိုပြီး မင်းမြောက်တန်ဆာ ငါးပါးနဲ့ ဆက်သပြီး ခရီးဦးကြို ပြုသတဲ့။ အဲဒီအခါ ကျန်စစ်သားရဲ့ တုံ့ပြန်စကားက-
“ငါ့အရှင် ရှိ၊ မရှိကို စူးစမ်းဦးမည်၊ ငါ့အရှင် ရှိသော် ငါ့အရှင်ကိုယူ၍ နန်းတင်မည်” လို့ဆိုတဲ့ပြီး မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ရွှေစည်းခုံရှေ့မှာ ထားလိုက်တယ်လို့ ဆိုတယ်။ ဘုရင်ကိုသတ်ရင် ဘုရင် ဖြစ်တဲ့ခေတ်၊ သက်ဦးဆံပိုင်ဘုရင် ဖြစ်ဖို့အတွက် သားအဖချင်း၊ ညီအစ်ကိုချင်းပင် သနားညှာတာမှု မပေးဘဲ သတ်ဖြတ်ကြတဲ့ ခေတ်မျိုးမှာ မှူးကြီးမတ်ရာတွေ ကိုယ်တိုင်က ပေးအပ်လာတဲ့ မင်းမြောက်တန်ဆာ ငါးပါးနဲ့ ရာထူးအာဏာကို ငြင်းဆန်လိုက်တာ သူ့ခေတ်သူ့အခါနဲ့ကမ္ဘာမှာ ရှာမှရှားတဲ့ ဖြစ်ရပ်တစ်ခုလို့ ထင်မိတယ်။ ဒါကြောင့်လည်း ဆရာဇော်ဂျီက သူ့ရဲ့ “သရပါတံခါးမှ ပဲ့တင်သံ” ကဗျာရဲ့ နောက်ဆုံးပိုဒ်မှာ-
“ကျန်စစ်သားမင်း၊ မြင်းမှဆင်း၍
နှင်းဆက်ထီးဖြူ၊ ခံယူမည်ထား
လက်ကာ တား၏
မတ်များသခင်၊ ငါ့အရှင်သည်
ကယ်ပင် ရှိမရှိ
အတပ်သိအောင်၊ ငါလှည့်စုံစမ်း
ကြိုးပမ်းဦးမည်၊ ရှာဦးမည်တည့်
ရှိသည်သိလျှင်၊ ငါ့အရှင်ကို
နန်းတင်ရမည်၊ ဦးညွှတ်မည်ဟု
ဤသို့မိန့်ကြား၊ ကျန်စစ်သား၏
စကားသစ္စာ၊ သရပါ၌
ညင်သာပဲ့တင်၊ ခက်ခဲထင်၏
ညီခင်စိတ်မှာ၊ ကြားခဲ့ပါသည်
လွမ်းစရာပါ့၊ တံခါးဝ
အစ်ကိုသတိရ လွမ်းကြည့်က။” လို့ စပ်ဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။ စောလူးမင်းဟာ တိုင်းပြည်မှာ ပြည့်ရှင်မင်း တစ်ပါးအဖြစ် အသုံးမကျမှန်း၊ မထိုက်တန်မှန်း လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြီးပြည့်စုံတဲ့ ကျန်စစ်သားဟာ သိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်သိက္ခာနဲ့၊ အစဉ်အလာ ကျင့်ထုံးတွေကို လေးစားလိုက်နာတဲ့စိတ်၊ ပွဲလန့်တုန်း ဖျာခင်းတာမျိုး အခွင့်အရေး မယူတတ်တဲ့ မွန်မြတ်တဲ့ စိတ်ထားကြောင့်ရယ်၊ ပြီးတော့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ထီးနန်းစွန့်ခွာခြင်း မရှိသေးတဲ့ သက်ရှိထင်ရှားလည်း ရှိနေသေးတဲ့ စောလူးမင်းရဲ့ မျက်ကွယ်မှာ ထီးနန်းကို လက်ခံလိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် တိုင်းပြည် မငြိမ်သက်မှု မျိုးတွေကို ဆင်ခြင်မိလို့ မှူးကြီးမတ်ရာတွေက တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ အပ်နှင်းတဲ့တိုင် ကျန်စစ်သားဟာ ဆင်ခြင်တုံတရား ကြီးစွာနဲ့ ငြင်းခဲ့တာဖြစ်မယ်။     
ကျန်စစ်သားဟာ စောလူးမင်းကို သူ့ရဲ့ကတိအတိုင်း မတွေ့တွေ့အောင်ရှာတယ်။ ငရမန်လက်ကကယ်တယ်။ မတတ်သာတဲ့အဆုံးမှ စွန့်ခဲ့တယ်။ ဒီလိုပဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ အချိန်မှာလည်း သားတော် အရင်းအချာဖြစ်တဲ့ ရာဇကုမာရကို ထီးနန်းမပေးဘဲ မြေးဖြစ်သူ အလောင်းစည်သူကို ရင်ခွင်ပိုက်မင်း တစ်ပါးအဖြစ် အိမ်ရှေ့အရာ အပ်နှင်းထားခဲ့တယ်။ ဒါတွေဟာ တကယ်တော့ ဆင်ခြင်တုံတရား ကြီးမားစွာနဲ့ စွမ်းဆောင်ခဲ့တဲ့ အချက်တွေပါ။ မွန ်- မြန်မာ စည်းရုံးရေးအတွက်၊ ဗုဒ္ဓသာသနာတော် ထွန်းကားရေးအတွက်၊ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ ကိုးကွယ်ယုံကြည်မှုတွေ အတူတကွ ပေါင်းစည်းနေထိုင်နိုင်ဖို့အတွက် ကျန်စစ်သားရဲ့ စွမ်းဆောင်ချက်တွေပါပဲ။
(၃)
သရပါတံခါးဆီရောက်တိုင်း ကျန်စစ်သားရဲ့ တိုင်းပြည်အတွက် ဆင်ခြင်တုံတရားကြီးစွာနဲ့ ဆောင်ကြဉ်းခဲ့တာတွေ သတိရမိပါတယ်။
ကျွန်တော်ပြန်တဲ့အချိန်ထိ သရပါတံခါးရဲ့အထက်မှာတော့ အယောင်ဆောင် တိမ်တိုက်တွေ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဖွဲ့စည်းပြင်ဆင် နေတုန်းပါပဲ။ ပူချင်သလောက်ပူပါစေ။ တိမ်တွေကိုကြည့်ပြီး မိုးကိုတော့ မမျှော်လင့်တော့ပါဘူး။