ကြွက်နဲ့ လူသား

ကြွက်နဲ့ လူသား
Published 28 June 2015
နီမင်းဆွေ

လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ သတ္တဝါမှန်ရင် ကိုယ့်ဘဝအနာဂတ်အတွက် မျှော်မှန်းချက်လေး တစ်ခုတလေလောက်တော့ ထားချင်ကြတာဟာ ဓမ္မတာပါပဲ။ စိတ်ကူးယဉ်အိပ်မက်လို့ပဲ ခေါ်ခေါ်၊ အိပ်မက်ကမ္ဘာလို့ပဲ ပြောပြော၊ မျှော်မှန်းချက်လို့ပဲ ဆိုဆို၊ ခုပြောခဲ့တဲ့ ကိုယ့်ရဲ့အနာဂတ် ရည်မှန်းချက်ကို ကာယကံရှင် တော်တော်များများဟာ ခိုင်မြဲအောင် သေသေချာချာ ဆုပ်ကိုင်ထားလေ့ ရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိပ်မက်ကွယ်ပျောက်သွားရင် လူဟာ အတောင်ကျိုးတဲ့ငှက်လို ဇောက်ထိုးမိုမျှော်ဖြစ်ပြီး အောက်ကို ကျွမ်းပြန်ကျသွားလေ့ ရှိကြလို့ပါပဲ။ အတောင်ကျိုးတဲ့ ငှက်တစ်ကောင်ရဲ့ ဘဝမှာ နာလန်ထူဖို့ အတော်ကြိုးစားရမှာ ဖြစ်သလို ချက်ချင်းထပြီး အမြင့်မှာ ပျံသန်းနိုင်ဖို့ ဆိုတာကလည်း နည်းနည်းတော့ ခက်သွားပါပြီ။အမေရိကန်လူမျိုး စာရေးဆရာ ‘ဂျွန်စတိုင်းဘက် John Steinback (၁၉၀၂-၁၉၆၈) ဟာ ဒီသဘောတရားကို ကောင်းကောင်းကြီး နားလည်သူ ဖြစ်ပါတယ်။ သူဟာ ပူလစ်ဇာဆုနဲ့ စာပေနိုဘယ်ဆုတွေကို ဆွတ်ခူးခဲ့သူဖြစ်ပြီး ၁၉၃၇ ခုနှစ်မှာ ‘ကြွက်နဲ့လူသား’ ‘Of Mice and Men’ ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ကို ရေးခဲ့ပါတယ်။ အောက်ခြေလူတန်းစားဖြစ်တဲ့ လယ်ကူလီအလုပ်သမား သူငယ်ချင်းနှစ်ယောက်ရဲ့ ဖြစ်ရပ်တွေကို အခြေခံပြီး ရေးဖွဲ့ခဲ့တဲ့ ဒီဝတ္ထုထဲက အတွေးအခေါ် အယူအဆတွေဟာ စိတ်ဝင်စားစရာ ကောင်းလွန်းလို့ ဝတ္ထုဟာ ကမ္ဘာနဲ့တစ်ဝန်း အောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်အဖြစ်လည်း မကြာခဏ ပြန်ရိုက်ကူးရပြီး ၁၉၉၂ ခုနှစ်မှာ မူရင်းနာမည်နဲ့ပဲ ထွက်ပေါ်လာခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း လူကြိုက်များလှပါတယ်။စီးပွားရေး ကပ်ကြီးဆိုက်နေတဲ့ ၁၉၃၃ ခုနှစ်လောက်တုန်းက အမေရိကန်ပြည်ထောင်စုက ကာလီဖိုးနီးယားပြည်နယ်မှာ ‘ဂျော့ရှ်မင်လ်တန်’ ဆိုသူနဲ့ ‘လင်နီစမော’ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြပါတယ်။ ဂျော့ရှ်ဟာ စာကောင်းကောင်း မသင်ခဲ့ရပေမယ့် တွေးခေါ်မြော်မြင်တတ်တဲ့ အသိဉာဏ်ရှိသူဖြစ်ပြီး လင်နီကတော့ လူကောင်ထွားကြိုင်းပြီး ခွန်အားရှိပေမယ့် ကျပ်မပြည့်သူ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လင်နီဟာ ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက် ဝတ်ထားတဲ့ နူးညံ့တဲ့ ဂါဝန်အနီလေးကို လက်ချောင်းတွေနဲ့ ပွတ်သပ်ကြည့်မိရာက ပြဿနာစတက်ပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက လိုက်ဖမ်းလို့ အသက်လုပြီး ထွက်ပြေးရပါတယ်။အဲဒီမှာ သူငယ်ချင်းဖြစ်သူ ဂျော့ရှ်လည်း မနေသာတော့လို့ လင်နီနဲ့အတူ ထွက်ပြေးရပါတယ်။ နောက်တော့ သူတို့နှစ်ဦးဟာ မီးရထားတစ်စီးနဲ့ ဆက်ထွက်ပြေးကြပြီး မြို့တစ်မြို့ကို ရောက်တဲ့အခါ လယ်တောတစ်ခုမှာ အလုပ်ဝင်လုပ်ဖို့ လက်မှတ်နှစ်စောင် ရသွားပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ အလုပ်လုပ်ရမယ့် လယ်တောကို ခြေကျင်ဆက်လျှောက်ကြရင်းနဲ့ တောအုပ်တစ်ခုထဲမှာရှိတဲ့ စမ်းချောင်းလေးတစ်ခုရဲ့ နံဘေးက သစ်ပင်တွေအောက်မှာ ညအိပ်လိုက်ကြပါတယ်။ အဲဒီမှာ ဂျော့ရှ်ကလင်နီ့ကို ‘တစ်ချိန်ချိန်မှာ မင်းဒုက္ခနဲ့ ကြုံတွေ့လာရင် တခြားဘယ်နေရာကိုမှ မသွားနဲ့ ဒီနေရာလေးမှာပဲ လာစောင့်နေ၊ ငါလာတွေ့မယ်’ လို့ သေသေချာချာ မှာထားခဲ့ပါတယ်။နောက်တစ်နေ့မနက် ခရီးဆက်လာကြတဲ့အခါ အလုပ်လုပ်ရမယ့် လယ်တောကို ရောက်သွားကြပြီး အလုပ်လုပ်ခွင့်လည်း ရသွားကြပါတယ်။ နောက်တော့ အဲဒီလယ်တောက အလုပ်သမားတန်းလျားကို ရောက်တဲ့အခါ အသက်ကြီးပြီး လက်တစ်ဖက်မသန်တဲ့ အလုပ်သမားခေါင်းဖြစ်သူ ‘ကန်ဒီ’ ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့ သိကျွမ်းခင်မင် သွားကြပါတယ်။ ဒါပေမဲ့ လယ်တောပိုင်ရှင် သူဌေးရဲ့သား ‘ကာလီ’ ကိုတော့ သူတို့နှစ်ဦးက သဘောမကျကြပါဘူး။ ကာလီဟာ လူကောင်သေးပြီး သူ့ထက်လူကောင်ကြီးတဲ့ လူတွေကိုဆိုရင် ရွံ့မုန်းတတ်သူ ဖြစ်ပါတယ်။ လင်နီဟာ လူကောင်ကြီးပြီး ကျပ်မပြည့်သူဖြစ်လို့ ကာလီက အထင်သေးပြီး ကြည့်မရ ဖြစ်နေပါတယ်။ကာလ့ီဇနီး ‘မေ’ ဟာ ချောမောလှပပြီး ရုပ်ရှင်မင်းသမီးလုပ်ဖို့ ကြံစည်အားထုတ်နေတုန်း ကာလီနဲ့ အိမ်ထောင်ကျသွားလို့ ဘဝအိပ်မက် ပျောက်ဆုံးနေသူတစ်ယောက် ဖြစ်ပါတယ်။ ကာလီ့ကို စိတ်ကုန်လို့ အလုပ်သမားတန်းလျားကို မကြာခဏလာလာပြီး ဂျော့ရှ်နဲ့ လင်နီတို့ကို ပရောပရည်လုပ်လေ့ ရှိပါတယ်။ မေဟာ အလွန်လှပတဲ့အတွက် လင်နီက စိတ်ဝင်စားသွားတာကို သိလို့ ‘မင်း ဒါကို အဟုတ်ကြီးမှတ်ပြီး သွားမလုပ်နဲ့ ဘာမှတ်နေလဲ သေသွားမယ်၊ ဒါဟာ ကြွက်ထောင်ချောက်တစ်ခုနဲ့ အတူတူပဲကွ သေချာမှတ်ထားလို့’ ဂျော့ရှ်က သတိပေး ဟန့်တားထားရပါတယ်။တစ်ခါမှာတော့ ကာလီဟာ အလုပ်သမား တန်းလျားကို ရောက်လာပြီး လင်နီ့ကို ရန်စပြီး တိုက်ခိုက်ပါတယ်။ လင်နီက ဘာမှပြန်မလုပ်လို့ တော်တော်လေး ခံနေရတာကိုကြည့်ပြီး ဂျော့ရှ်က ‘လင်နီရေ ပြန်သာချတော့’ လို့ အော်လိုက်တဲ့အခါမှာ လင်နီက ပြန်လည်တိုက်ခိုက်လို့ ကာလီ့ရဲ့ ညာဘက်လက် ကျိုးသွားပါတယ်။ နောက်တော့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လူမသိအောင်လို့ ကာလီ့လက်ကို စက်ညပ်သွားတာလို့ သတင်းလွှင့်ဖို့ ကာလီနဲ့ ဂျော့ရှ်တို့ သဘောတူလိုက်ကြပါတယ်။အလုပ်သမားတန်းလျားက လက်တစ်ဖက်ပြတ်နေတဲ့ အဘိုးကြီး ကန်ဒီဟာ သူ့ဘ၀ ရှေ့ရေးကို တွေးပြီး ရတက်မအေး ဖြစ်နေရှာပါတယ်။ အသက်ကြီးလာတဲ့ အချိန်ထိ ဒီလယ်တောမှာ ဆက်နေရင် သူ့ကိုဘယ်သူကမှ ပြုစုကြတော့မှာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဂျော့ရှ်နဲ့ လင်နီတို့ဟာလည်း ပိုက်ဆံစုပြီး ဒေါ်လာ ၄၀၀ လောက်ရရင် တခြားမြို့က ဂျော့ရှ်ရဲ့ သူငယ်ချင်းတစ်ယောက် ရောင်းမယ့် နှစ်ဧကလောက်ကျယ်တဲ့ လယ်တောလေးကို ဝယ်ကြမယ်၊ ဝယ်ပြီးရင် လင်နီကလည်း ယုန်လေးတွေမွေးမယ်ဆိုပြီး စိတ်ကူးယဉ်နေကြတာကို အဘိုးကြီး သိသွားပါတယ်။ ဒါ့ကြောင့် ကန်ဒီက “ငါ့မှာ စုထားတဲ့ ဒေါ်လာ ၄၀၀ ရှိတယ်၊ အဲဒီလယ်တောကို ငါဝယ်ပေးမယ်၊ ဒါပေမဲ့ အဲဒီလယ်တောမှာ ငါ့ကိုသေတဲ့အထိ မင်းတို့ နေခွင့်ပေးရမယ်” ပြောလို့ ဂျော့ရှ်နဲ့ လင်နီတို့နှစ်ဦးဟာ ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွားကြပါတယ်။ နောက်ပြီး သူတို့သုံးယောက်စလုံးဟာ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ပျော်နေကြရှာပါတယ်။တစ်ရက်မှာတော့ အလုပ်သမားတွေ မရှိတုန်း မေဟာ ဂိုဒေါင်ကြီးတစ်ခုထဲ ဝင်လာတဲ့အခါ အဲဒီအထဲက ကောက်ရိုးပုံပေါ်မှာ ငိုနေတဲ့ လင်နီ့ကို တွေ့သွားပါတယ်။ လင်နီဟာ သူ့အချစ်တော် ခွေးပေါက်စလေးသေလို့ ငိုနေတာ ဖြစ်ပါတယ်။ ဒီခွေးပေါက်စလေးကို လယ်တောက လုပ်ဖော်ကိုင်ဖက်တစ်ဦးက လင်နီ့ကို ပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ လင်နီဟာ ခွေးလေးကို အချစ်လွန်ပြီး မရပ်မနား ပွတ်သပ်ပေးနေလို့ ခွေးသေသွားရတာ ဖြစ်ပါတယ်။ “ခွေးသေတာများ ငိုနေရသေးလား၊ နူးညံ့တာတွေကို ပွတ်သပ်ချင်တယ်ဆိုရင် ကျွန်မဆံပင်တွေကို ပွတ်ကြည့်ပါလား” ဆိုပြီး မေက ခေါင်းထိုးပေးပါတယ်။ လင်နီလည်း ဆံပင်တွေကိုပွတ်သပ်ရင်းနဲ့ မေရဲ့ ဆံပင်တွေ ရှုပ်ပွကုန်ပါတယ်။ မေက “ဆံပင်တွေ ရှုပ်ကုန်ပြီ တော်တော့” လို့ အော်လိုက်တဲ့အခါမှာ လင်နီလည်း လန့်သွားပြီး ဆက်မအော်နိုင်အောင် ကြောက်ကြောက်လန့်လန့်နဲ့ မေ့ပါးစပ်ကို အတင်းဆက်ပြီး ပိတ်ထားပါတယ်။ အဲဒီမှာ ရုန်းရင်းကန်ရင်းနဲ့ မေဟာ လည်ပင်းကျိုးပြီး သေသွားပါတယ်။ ဒါ့ကြောင့် လင်နီလည်း ထွက်ပြေးပြီး လယ်တောကို အလာတုန်းက ဂျော့ရှ်နဲ့အတူ အိပ်ခဲ့ကြတဲ့ ချောင်းနံဘေးက နေရာလေးမှာ သွားစောင့်နေပါတယ်။ကာလီနဲ့ လယ်တောက အလုပ်သမားတွေကတော့ မြင်းတွေ၊ သေနတ်တွေ၊ အနံ့ခံ ခွေးတွေနဲ့အတူ လင်နီ့ကို အပူတပြင်း လိုက်ရှာကြပါတယ်။ ဂျော့ရှ်လည်း အဲဒီလူအုပ်တွေထဲကနေ မသိမသာခွဲထွက်ပြီး ချောင်းနံဘေးကို တစ်ယောက်တည်း ထွက်ခွာလာတဲ့အခါမှာ လင်နီကို တွေ့သွားပါတယ်။ လင်နီဟာ ကာလီလက်က လွတ်အောင်မပြေးနိုင်ဘူး ဆိုတာရယ်၊ ကာလီ သူ့ကိုမိသွားရင် တဖြည်းဖြည်း အချိန်ယူနှိပ်စက်ပြီးမှ လင်နီ့ကို ကြိုးပေးသတ်မယ် ဆိုတာရယ်တွေကို ဂျော့ရှ်က သိနေပါတယ်။ ဒါ့ကြောင့် ဂျော့ရှ်က လင်နီကို “ရှေ့တည့်တည့်ကိုကြည့်နေ၊ နောက်ပြီး ငါတို့နှစ်ယောက် အတူနေကြမယ့် လယ်တောနဲ့ အိမ်လေးကို စိတ်ကူးထဲမှာ မှန်းဆကြည့်လိုက်စမ်း၊ ကဲ မြင်ပြီမဟုတ်လား” လို့ မေးပါတယ်။ လင်နီက ပြုံးသွားပြီး မြင်ပြီလို့ ပြောပါတယ်။ “အဲဒီမှာ မင်းချစ်တဲ့ ယုန်လေးတွေကိုလည်း တွေ့တယ်မဟုတ်လား၊ ယုန်စာတွေကို မင်းသွားရိတ်ပြီး ယုန်လေးတွေကို မင်းအစာကျွေးနေတာမို့လား မျက်စိထဲမှာ မြင်ပြီလား၊ ပျော်တယ်မဟုတ်လား” လို့ မေးတဲ့အခါ လင်နီက မြင်တယ်၊ ပျော်လည်းပျော်တယ်လို့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျော့ရှ်က လင်နီရဲ့ နောက်စေ့ကို ခြောက်လုံးပြူးနဲ့ ပစ်ချလိုက်တော့တာပါပဲ။ တကယ်တော့ လင်နီ မျှော်လင့်ကြံစည်ထားတဲ့ စိတ်ကူးယဉ်အိပ်မက်ထဲက ဘဝလေးထဲကို စိတ်ကူးထဲမှာ လင်နီခဏ ရောက်နေတုန်း နာကျင်ခြင်းကင်းတဲ့ သေခြင်းမျိုးနဲ့ ဘဝပြောင်းသွားနိုင်အောင် ဂျော့ရှ်က လုပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ဒီဝတ္ထုထဲက လယ်ကူလီတွေရဲ့ဘဝကို ခြယ်မှုန်းထားတာကို ဖတ်လိုက်ရတဲ့အခါမှာ ကိုယ်တိုင်လယ်တောမှာ ရောက်နေသလိုတောင် ခံစားရတယ်လို့ လူတချို့က ဆိုကြပါတယ်။ စာရေးဆရာ စတိုင်းဘက် ကိုယ်တိုင်ကလည်း သူ့ဘဝမှာ ခြေသလုံးအိမ်တိုင်အဖြစ် ကာလအတော်ကြာအောင် ကျင်လည်ခဲ့ဖူးသူ ဖြစ်တဲ့အတွက် ခြေသလုံးအိမ်တိုင်တွေရဲ့ ဘဝကို ဖော်ကျူးထားတဲ့ ဒီဝတ္ထုဟာ အင်မတန်မှ အသက်ဝင်နေခဲ့ပါတယ်။ ဝတ္ထုရဲ့နာမည်ကိုတော့ စကော့လူမျိုး အမျိုးသားကဗျာဆရာ ‘ရောဘတ်ဘန်းစ်’ Robert Burns စပ်ဆိုခဲ့တဲ့ ‘ကြွက်လေးတစ်ကောင်သို့’ To A Mouse ဆိုတဲ့ ကဗျာထဲမှာပါတဲ့ The best laid schemes of mice and men go often askew ဆိုတဲ့ စာသားထဲက တိုက်ရိုက်ယူထားခဲ့တာ ဖြစ်ပါတယ်။ဘန်းစ်ဟာ ၁၇၈၅ ခုနှစ်က လယ်ထွန်ရင်းနဲ့ ကြွက်သိုက်တစ်ခုကို အမှတ်မထင် ထွန်ခဲ့မိလိုက်ပါတယ်။ ကြွက်သိုက်ဟာ လုံး၀ ပျက်စီးသွားပြီး ဆောင်းတွင်းမှာ မွေးကင်းစ ကလေးတစ်မြုံနဲ့ အတူနေဖို့ ဆောက်လုပ်ထားတဲ့ ကြွက်မကြီးရဲ့ အသိုက်လေးဟာ ကဗျာဆရာရဲ့ ထွန်တုံးအောက်မှာ ပိုးလိုးပက်လက်လန်ပြီး အကုန်ပျက်စီးသွားပါတော့တယ်။ ဒီအဖြစ်ကိုကြည့်ပြီး ကြွက်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် အနာဂတ်ကာလအတွက် ဘယ်လောက်ပဲကောင်းအောင် ဘယ်လိုပဲ ကြံစည်ထား ကြံစည်ထား အခြေအနေမပေးရင် ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတတ်ပါလား၊ ဖရိုဖရဲနဲ့ သူဖြစ်ချင်သလို ဖြစ်သွားတတ်ပါလားဆိုတဲ့ သဘောနဲ့ ကဗျာဆရာက သံဝေဂတွေနဲ့ ဒီကဗျာကို စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ကြွက်နဲ့လူသား ရုပ်ရှင်ထဲမှာ ပါဝင်ကြတဲ့ ဇာတ်ကောင်တွေအားလုံးဟာ အနာဂတ်အတွက် ရည်မှန်းချက်တွေ ကိုယ်စီထားပြီး စိတ်ကူးယဉ် အိပ်မက်လေးတွေကို တည်ဆောက်ထားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သူရဲ့ အိပ်မက်မှ အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ ဒါကိုကြည့်ပြီး ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာကို အဖြေရှာရင်းနဲ့ ဒီဝတ္ထုရဲ့ အဓိကဆိုလိုရင်း အာဘော်က ဘာဖြစ်နိုင်မလဲလို့ တွေးကြည့်ကြတဲ့အခါ ဖြစ်နိုင်တာတချို့ကို လူတွေ စဉ်းစားလာမိကြပါတယ်။လောကမှာ ကမ္ဘာကြီးနဲ့ မထိုက်တန်တဲ့ လူသားဆိုတာ တကယ်ရှိပါတယ်။ ကာလီလို လူစားမျိုးပေါ့။ ဒီလို လူစားမျိုးဟာ လူတစ်ဖက်သားအပေါ် စီးပိုးလိုစိတ် ချုပ်ချယ်လိုစိတ် အနိုင်ယူလိုစိတ်တွေ လွန်ကဲနေပြီး ဘယ်တော့မှလည်း လူတစ်ဖက်သားအတွက် အနစ်နာခံလေ့ မရှိကြပါဘူး။ သူတို့လိုလူမျိုးဟာ လူလူချင်း နားလည်အောင် ကြိုးစားလေ့မရှိဘဲ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကိုပဲ အမြဲ ရှေ့တန်းတင်တတ်ကြလေ့ ရှိပါတယ်။ သူတို့တစ်တွေဟာ လူတစ်ဖက်သားကိုလည်း ဘယ်တော့မှ ယုံလေ့ မရှိကြပါဘူး။ ဒါ့ကြောင့် ကာလီဟာ အလုပ်သမားတန်းလျားကို ခဏခဏလာပြီး သူ့ဇနီးသည် လာသလားလို့ အမြဲမေးနေလေ့ ရှိတာမို့ အလုပ်သမားတွေလည်း အနေရအထိုင်ရ ခက်ကြရပါတယ်။ ဇနီးသည်အပေါ် ဒီလို သဝန်တိုစိတ်တွေ လွန်ကဲပြီး အမြဲချုပ်ချယ်နေလို့ ဇနီးဖြစ်သူ မေရဲ့ဘဝဟာ ပျော်ရွင်မှုကင်းမဲ့ပြီး အထီးကျန်ဆန်တဲ့ဘဝကို ရောက်နေရတာပါ။ အဲဒီလို ရောက်နေခဲ့ရာက ကာလီတို့ ဇနီးမောင်နှံရဲ့ ဘဝတွေ ပျက်သုဉ်းသွားရတဲ့ကိန်းအထိ ဆိုက်သွားခဲ့ရတာပါပဲ။ တစ်ဆက်တည်းမှာပဲ ကာလီရဲ့ အဲဒီလို စိတ်နေသဘောထားတွေကြောင့် လင်နီ၊ ဂျော့ရှ်၊ ကန်ဒီနဲ့ မေတို့ရဲ့အိပ်မက်လေးတွေအပြင် ကာလီကိုယ်တိုင်ရဲ့ဘဝနဲ့ အနာဂတ် မျှော်မှန်းချက်ဟာလည်း ပျက်စီးသွားရတာ ဖြစ်ပါတယ်။နောက်ပြီး ကမ္ဘာကြီးပေါ်မှာ အလွန်ရှိသင့်တဲ့လူမျိုး ဖြစ်နေပေမယ့် ကံမကောင်းရှာတဲ့ နောက်လူသားတစ်ယောက်ကတော့ လူသားဆန်တဲ့ ဂျော့ရှ်ပါပဲ။ အခြေအနေ ရှိရှိမရှိရှိ ပိုက်ဆံ ရှိရှိမရှိရှိ လူကိုလူလိုမြင်ပြီး လူသားတစ်ယောက်အပေါ်မှာ ထားရှိတဲ့ စာနာတရားကြောင့် ကိုယ့်ဘဝရဲ့ အိပ်မက်ကို အပျက်စီးခံပြီး သူငယ်ချင်းဖြစ်သူ ဘဝကူးကောင်းအောင် ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို စိတ်နေသဘောထားမတူတဲ့ လူသားတွေကို အခြေခံပြီး စာရေးဆရာက ဖန်တီးခဲ့တာမို့ ဒီဝတ္ထုဟာ ထူးခြားပြီး စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။ ဒါကို အခြေခံပြီး စာဖတ်ပရိသတ်တွေက လူသားတွေအကြောင်း မိသားစုတွေအကြောင်းကို သာမက နိုင်ငံတွေအကြောင်းအထိ ချဲ့ထွင်ပြီး စဉ်းစားလာကြတော့တာပါပဲ။ပြုစုပျိုးထောင်နေဆဲ နိုင်ငံတစ်နိုင်ငံမှာလည်း နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံကို အမှန်တကယ် တိုးတက်စေချင်လို့ရှိရင် လူသားဆန်ဆန် စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ လုပ်ပိုင်ခွင့်အာဏာနဲ့ စည်းစိမ်တစ်ကျပ်ဖိုးရှိရင် တစ်မတ်ဖိုးလောက်ကိုတော့ နိုင်ငံ့အတွက် စွန့်လွှတ်သင့်ကြပါတယ်။ ဒါမှ နိုင်ငံလည်း တိုးတက်ကြီးပွားလာပြီး ကိုယ်မသေခင် နှစ်ကျပ်ဖိုးလောက်ထိ ပြန်ရလာနိုင်တဲ့ အခြေအနေမျိုးကို မျှော်လင့်ချင်သေးသပ ဆိုရင်လည်း မျှော်လင့်လို့ ရနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ငါ့မှာရှိတဲ့ တစ်ကျပ်ဖိုးထဲက တစ်ပြားမှ အထိမခံဘူး၊ ဒီထက်ပိုရနိုင်တဲ့ ရပေါက်ရလမ်း ရှိသေးရင်လည်း လုပ်ဦးမှာပဲလို့ အားခဲနေတဲ့လူတွေသာ ဒီနိုင်ငံထဲမှာ များနေမယ် ဆိုရင်တော့ ကိုယ်တို့တစ်တွေဟာ ဘန်းစ်ရဲ့ ကဗျာထဲက ထွန်ချက်မိသွားတဲ့ ကြွက်မိသားစုလို အသိုက်အမြုံတစ်ခုလုံး ပိုးလိုးပက်လက်လန်ပြီး ဆုတ်ယုတ်ပျက်စီးရတဲ့ ဘဝမျိုးကို ရောက်သွားဖို့ အလွန်နီးစပ်လာပါလိမ့်မယ်။