နောင်. . ဥဒါန်း ဘယ်မကျေစရာ (၄)

နောင်. . ဥဒါန်း ဘယ်မကျေစရာ (၄)
Published 26 June 2015
ဦးသိန်းသန်းဦး(မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

၁၈-၆-၂၀၁၅ မှအဆက်
 
(၆)
 
ထိုစဉ်အတောအတွင်း ဆရာတော်ကြီးနှစ်ပါး၏ အယူခံနိုင်ကြောင်း သတင်းကောင်းကြားရသည်။ ဆရာတော်ကြီးနှစ်ပါးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၉၅ (က) ဖြင့် ထောင် နှစ်နှစ်ချထားသည်။ မြန်မာနိုင်ငံ သာသနာဝင် တိပိဋကသမိုင်းတွင် အသက်အငယ်ဆုံးဖြင့် တိပိဋကဘွဲ့တံဆိပ်တော် ရရှိသူ ဆရာတော် ဦးသုမင်္ဂလလင်္ကာရကိုလည်း သာသနာညစ်နွမ်းမှုဖြင့် ထောင်ချသည်။ ဤဆရာတော်ကြီး သုံးပါးက ဗုဒ္ဓသာသနာကို ညစ်နွမ်းစေပါသတဲ့။ စစ်ခုံရုံးက ချမှတ်ခြင်းဖြစ်သည်။ (ကောသလအိပ်မက် ၁၆ ချက် ဒက်ထိမှန်နေပေသည်) ထိုပြစ်ဒဏ်ကို သက်ဆိုင်ရာ စစ်တိုင်းမှူးထံ အယူခံတင်ရသည်။ ဆရာတော်ကြီးများ၏ အယူခံလွှာမှာ တိုင်းမှူးဗိုလ်ချုပ်ထွန်းကြည်ထံ ရောက်သည်ဖြစ်ရာ ကျွန်တော်တို့အားလုံး အကောင်းဘက်က မျှော်လင့်ခဲ့ကြသည်။ 
ဗိုလ်ချုပ်ထွန်းကြည်အနေဖြင့် ထောက်လှမ်းရေးကို အာခံဝံ့ပါ့မလား။ အယူခံနိုင်ကြောင်းကြားရသော်လည်း ဘယ်လောက်နိုင်သည်။ ဘယ်လောက်နေရဦးမည် ဘာမှမသိရ။ ကျွန်တော်၏ သင်ကြားရေးမှာလည်း သင်္ဂြိုဟ် ကိုးပိုင်းတွင် စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ပကိန်းပြီး၍ ဝီထိကိုကျော်သင်ပေးသည်။ ကျွန်တော်ကလည်း ဆရာတော်ကြီးထံ ဝီထိအပြီး ရုပ်ပိုင်းသင်ရန် နားပူသည်။ ဦးကောဝိဒကလည်း “မင်းရဲ့အားကြီးတဲ့စိတ်က ဆွဲထားလို့နေမှာကွာ။ ငါတို့လည်း လွတ်ရက် မရသေးဘူး”ဟု ပြောရှာသည်။ ဆရာတော်ကြီးက ထောင်မကြီးသုံးတိုက်တွင် သံဃာငယ်များကို အတင်းအကျပ် လူဝတ်လဲသည့်ကိစ္စပြောပြသည်။ လူဝတ်လဲမခံသည့် မစိုးရိမ်တိုက်ဟောင်း သံဃာနှစ်ပါးကို ထောင်ဝန်ထမ်းများနှင့် အင်အားသုံးရိုက်နှက် လူဝတ်လဲသော်လည်း မရကြောင်း သိရ၏။ 
ဆရာတော်ဦးကောဝိဒ သွားရောက်ပြီး “သိက္ခာဆိုတာ ကိုယ်ချမှ ကျတာကွ။ သိက္ခာမချတဲ့ ရဟန်းဟာ သင်္ကန်းဆီးခွင့်မရလည်း ရဟန်းပဲကွ”ဟု ဖျောင်းဖျမှ သံဃာငယ်နှစ်ပါးမှာ ဆရာတော်ကြီး၏ ခြေအစုံဖက်၍ ငိုယိုရင်း သင်္ကန်းချွတ်ခံသည်ဟု သိရပါသည်။ ရဲဘက်စခန်းပို့ခံရသော သံဃာတော်များနှင့် ပတ်သက်၍လည်း ဆရာတော်နှစ်ပါး အလွန်စိတ်ထိခိုက်ကြသည်။ “ဦးသုမင်္ဂလတောင် ပါတယ်ကြားတယ်ကွာ”ဟု ညည်းတော်မူကြသည်။ ဦးသုမင်္ဂလကို ထောင်ချပြီး မြစ်ကြီးနားထောင်တွင် ထားသည်။ 
ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များက လိုလေသေးမရှိ စောင့်ရှောက်ခဲ့ကြကြောင်း ဤနေရာမှ မှတ်တမ်းတင်ပါသည်။ ထောင်အရာရှိ၊ ထောင်ဝန်ထမ်းများကလည်း ကြည်ညိုလေးစားကူညီကြကြောင်း သိရပါသည်။
 
ရဲဘက်စခန်းတွင် ပျံလွန်တော်မူရှာကြသော သံဃာတော်များနှင့် ပတ်သက်၍ မန္တလေးနန်းတွင်းထောင်မှ အိုးဘိုထောင်အရောက်တွင် ကချင်ပြည်နယ် ကြိမ်ခရန်ခ ရဲဘက်စခန်းမှ ပြန်လာသည့် အကျဉ်းဦးစီးဝန်ထမ်းများနှင့် တွေ့ရမှ ဖြစ်စဉ်အတိအကျကို သိရခြင်းဖြစ်ပါသည်။ ကြိမ်ခရန်ခ ရဲဘက်စခန်းမှ သံဃာတော်များအပါအဝင် သာမန်ရာဇဝတ်သားများနှင့် ထောင်ဝန်ထမ်းများ ခရီးထွက်ရင်း စခန်းချရန်နေရာရှာရာ ရွာပျက်ကြီး တစ်ခုတွေ့ရသည်ဆို၏။ လူသူမနေ စွန့်ပစ်ထားသဖြင့် ရွာပျက်ဟု ခေါ်ရသော်လည်း အိမ်ခြေ ၅၀ ခန့်ရှိပြီး အကြောင်းကိစ္စ တစ်စုံတစ်ရာကြောင့် ရွာသားများက ရုတ်တရက် ရွာကို စွန့်ခွာထွက်သွားကြပုံပေါက်နေသည်။ အိုး၊ ခွက်၊ ပန်းကန်များ အပြည့်အစုံ၊ တန်းတွင် အဝတ်အစားများ လှန်းလျက်၊ တံခါးများ ပွင့်လျက်တွေ့ရသည်။  ရဲဘက်များ နှင့် ဝန်ထမ်းများက အိမ်များတွင် ဝင်ရောက်အိပ်စက်စခန်းချရင်း ဆန်၊ ဆီ၊ ဆား၊ ရေတို့ သုံးသည်။ ကြက်များကိုဖမ်း၍ ချက်စားသည်။ မနက်လင်းတော့ သံဃာတော် ၁၂ ပါး အပါအဝင် အကျဉ်းသားများ၊ ထောင်ဝန်ထမ်းများပါ ကာလဝမ်းရောဂါဖြင့် အသက်ဆုံးကြရသည်။ 
အမှန်မှာ သာမန်ရွာပျက်မဟုတ်ဘဲ ကာလဝမ်းရောဂါကြောင့် ရွာလုံးကျွတ်နီးနီး အသက်ဆုံးရသဖြင့် ကျန်ရွာသားများက ထွက်ပြေးစွန့်ခွာသည့် “ရွာဆိုး” ကြီးဖြစ်ပါသည်။ 
 
ဆရာတော်ကြီးနှစ်ပါး အယူခံနိုင်၍ လွတ်သည့်နေ့တွင် ကံအားလျော်စွာ ကျွန်တော်တို့ တိုက်တန်းစီး ထောင်ဆေးရုံတက်နေချိန်ဖြစ်သည်။ ကလေးသပိတ်မှ မိုက်ကယ်ဝင်းကျော်က ယာယီတန်းစီးအဖြစ် ဆောင်ရွက်နေချိန်ဖြစ်ရာ တိုက်ဝင်းဝတွင် ကင်းချထားပြီး တိုက်ခန်းများအားလုံးကို တံခါးဖွင့်ထားသည်။ မှတ်မှတ်ရရ ထိုနေ့က ဝီထိအပိုင်းမှ ဇောစိတ်များ စောပုံကို သင်ပေးနေခြင်း ဖြစ်သည်။ လူတို့၏ဘဝတွင် စုတိစိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ခဏမခြားဘဲ ဇာတိစိတ်ဖြစ်သည်။ ထိုဇာတိစိတ်ကို “ဘဝင်”စိတ်ဟုလည်းခေါ်သည်။ ထိုသူ၏ တစ်ဘဝလုံးတွင်  အိပ်မောကျချိန်အပါအဝင် အမှတ်မဲ့အချိန်များတွင် လူတို့ မနောဝိညာဉ်၌ “ဘဝင်”စိတ်ဖြစ်ပေါ်၏။ ပုံမှန်အားဖြင့်  ဖြစ်စိတ်၏အမျိုးအစားကို ဝုဋ္ဌောစိတ်ဖြင့် ဆုံးဖြတ်ပြီးနောက် “ဇော” ခုနစ်ကြိမ် အရှိန်အဟုန်ဖြင့် ဖြစ်သည်။ ရေနစ်ချိန်၊ မေ့မြောနေချိန် သေငယ်ဇောဖြင့် မျောချိန်တွင် “ ဇော” ငါးကြိမ်သာစောသည်။ ဗုဒ္ဓအဘိဓမ္မာတွင် စိတ်များ ဖြစ်ပေါ်ပုံကို ရှင်းလင်းသည့်  “ဝီထိ” အခန်းမှာ “စိတ်သိပ္ပံပညာ”  Mind Science  ဟုပင် နိုင်ငံခြားသုတေသီများက ဆိုကြသည်။ ဆရာတော် ဦးကောဝိဒက “ဒကာ ဒေါသဖြစ်ရင် အလိုမကျရင် ဘာစိတ်ဖြစ်သလဲ”။ “ဒေါသမူ စိတ်နှစ်ပါးဖြစ်ပါတယ် ဘုရား”။ “အကျယ် ပြောပါ။ “တင်ပါ့။ ဒေါမနဿသဟဂုတ် ဒိဋ္ဌိ ဂတသမ္ပယုတ် အသင်္ခါရိကနဲ့ သသင်္ခါရိက စိတ်နှစ်ပါးဖြစ်ပါတယ်ဘုရား။ သူတစ်ပါးတိုက်တွန်းလို့ ဒေါသဖြစ်တဲ့ သသင်္ခါရိကစိတ် နဲ့ မတိုက်တွန်းဘဲဖြစ်တဲ့ အသင်္ခါရိကစိတ်ပါဘုရား။ ဒေါသဟာ အကုသိုလ်ဖြစ်တဲ့အတွက် ပညာမယှဉ်ဘဲ ဒိဋ္ဌိယှဉ်ပါတယ်ဘုရား” ဘုန်းကြီးက “အံမယ် ငါ့ကောင် အတော်ဟုတ်နေပြီ။ အဲဒီတော့ ဒေါသစိတ်ဖြစ်ရင် စေတသိက်တွေနဲ့အတူ ဘယ်လိုရုပ်မျိုးယှဉ်မလဲ” ဟု ဆက်မေးသည်။ “အသက်ရှူ မြန်လာမယ်။ သွေးအရမ်းတိုးမယ်။ သိပ်ဆိုးရင် အသားတွေတုန်လာမယ်။ အသံတုန်လာမယ်”ဟု ကျွန်တော်က ဖြေသည်။ ဆရာတော်ဦးကောဝိဒက “အဲဒါ စိတ်ကြောင့် ရုပ်ဖြစ်တာပေါ့ကွ” ဟု ပြုံးပြုံးကြီးပြောသည်။ 
 
ထိုစဉ် မိုက်ကယ်ဝင်းကျော်နှင့် ဝန်ထမ်းတစ်ဦးက အော်ဟစ်ပြီး အပြေးအလွှား တိုက်ရှေ့ပြေးဝင်လာကြသည်။ မိုက်ကယ်မှာ အပျော်လွန်ပြီး “ဗိုလ်ရာဇနဲ့ ဗိုလ်ကော လွတ်ပြီကွ။ လွတ်လူ လွတ်လူ”ဟု ကျုံးအော်သည်။  တိုက်သားများ၊ အိပ်နေသူများပင် လူးလဲထပြီး ဆရာတော်ကြီးနှစ်ပါး အခန်းသို့ စုပြုံ ရောက်လာကြသည်။ ထိုနေ့က ရေချိုးပြီးအပြန် ဆရာတော်ဦးရာဇဓမ္မကို တော်ဝင်ဦးခင်မောင်သန်း၊ ကျွန်တော်နှင့် ဇာနည်အောင်တို့က နှိပ်နင်း ဝတ်ဖြည့်ခဲ့ကြသေးသည်။ ဆရာတော်နှစ်ပါးမှာ ဘာပစ္စည်းမှမယူ။ ခါးဝတ်ခါးစားဖြင့် ထွက်သည်။ ဆရာတော်နှစ်ပါးက ၎င်းတို့ ထောင်ဝင်စာထုပ်နှင့် ပစ္စည်းများကို တိုက်သားများကို ခွဲဝေပေးရန်မှာသည်။ ကျွန်တော်တို့အားလုံး မြေကြီးပေါ်တွင် ထိုင်ရှိခိုးကြတော့ ဆရာတော်ကြီး ဦးကောဝိဒမှာ မျက်ရည်ဝဲပြီးဆုပေးသည်။ ဦးရာဇဓမ္မလည်း  စိတ်ကောင်းဟန်မတူ မျက်နှာလွှွဲထားသည်။ ဆရာတော်နှစ်ပါး စိုက်စိုက်စိုက်စိုက်ဖြင့် တိုက်ဝင်းပေါက်သွားစဉ် ဆရာတော် ဦးရာဇဓမ္မက နောက်ပြန်လှည့်ကြည့်ပြီး ကျွန်တော့်ကို လက်ညှိုးထိုး၍ပြောသည်။ “ဟေ့ကောင် ခွေးမသား သိန်းသန်းဦး ကောင်းကောင်းနေ ကြားလား” “တင်ပါ့ဘုရား” ကျွန်တော်က ဆို့နင့်စွာပြန်ဖြေသည်။ “နင်က အောင်ဆန်းစုကြည် မဟုတ်ဘူး။ နင့်ကို သတ်လိမ့်မယ်” ဟု ဆိုပြီးလျှင် ချာခနဲလှည့်၍ တိုက်ပေါက်၀ မှ ထွက်သွားသည်။ (ထိုသို့ သတိပေးခြင်းမှာ လွန်ခဲ့သည့် နှစ်ရက်၊ သုံးရက်က ထမင်းထဲ တွင် သဲများ၊ ရေများပါလာသည့်အတွက် ကျွန်တော်က ထမင်းပန်းကန်ကို ခြေထောက် နှင့် ကန်ပစ်သည်။ ထို့ကြောင့် ဒေါက်ခြေချင်းခတ်ခံထားရသဖြင့် ဆရာတော်ကြီးက ဆုံးမခြင်းဖြစ်သည်) ထောင်ကျရုံးသို့ လိုက်ခွင့်မရှိ၍ ကျွန်တော်တို့ လိုက်မပို့နိုင်တော့။ နာရီဝက်ခန့်အကြာတွင် ဆရာတော်နှစ်ပါး ထောင်ဘူးဝမှ ထွက်ခွာသွားကြသည်။ ဆရာတော်ကြီးနှစ်ပါးကို စစ်ခုံရုံးက ထောက်လှမ်းရေးအမိန့်အရ သာသနာညစ်နွမ်းမှုဖြင့် ထောင် နှစ်နှစ်ချသည်။ သို့ရာတွင် တိုင်းမှူးဗိုလ်ချုပ်ထွန်းကြည်၏ ကောင်းမှုဖြင့် ဆရာတော် နှစ်ပါးလုံး လေးလခန့်ဖြင့် ပြန်လည်လွတ် မြောက်သွားကြပါသည်။ 
 
မကြာမီ မိုက်ကယ်ဝင်းကျော်မှတစ်ဆင့် ကျွန်တော့်ထံ ဒေါက်တာမင်းတင်မွန်၏ “အဘိဓမ္မတ္ထသင်္ဂဟ” စာအုပ်ရောက်လာသည်။ ဆရာတော်ဦးကောဝိဒ ပို့ပေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော်က အဆိုပါစာအုပ်ကို တိုက်ခန်းမျက်နှာကြက် မီးခံပြားကိုထိုးခွဲပြီး နှစ်ယောက်ဆင့်တက်၍ ဖွက်ရသည်။ ညကျမှ ထုတ်ပြီး သင်္ဂြိုဟ်ကိုးပိုင်းစလုံး လေ့လာရသည်။ ဆရာတော်ကြီးကောင်းမှုကြောင့် နောက်ပိုင်း ထောင်ကျလာသူများကို ကျွန်တော်က သင်္ဂြိုဟ်ကိုးပိုင်း ပြန်သင်ပေးရသည်။ စာရေး၊ စာဖတ်ခွင့်မရှိသဖြင့် ထောင်ဝင်စာ ပလတ်စတစ်အိတ်ကို သံချွန်ဖြင့် ဖောက်၍လည်းကောင်း၊ ကော်ဇလုံကို ထုံးသုတ်ပြီး ဖျာစကို ကညစ်လုပ်၍လည်းကောင်း စာရေးရသည်။ ဆရာတော် ဦးရာဇဓမ္မက ကျွန်တော့်ဇနီး၏ မုန့်ဟင်းခါးဆိုင်မှ အော်ဒါမှာပြီး မစိုးရိမ်တိုက်သစ် တစ်ကျောင်းလုံးကို မုန့်ဟင်းခါးကျွေးသည်။ ဆရာတော်ကြီးများက တတ်နိုင်သည့်နည်းဖြင့် ကျွန်တော့်ကို စောင့်ရှောက်ကြခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးနှစ်ပါး သင်္ကန်းပြန်ဝတ်ခွင့်ရကြောင်း ကြားရ၍ ကျွန်တော်တို့ ဝမ်းသာကြသည်။ 
သံဃာငယ်များမှာ ထောင်မှလွတ်သော်လည်း သင်္ကန်းပြန်ဝတ်ခွင့်မရ။ ကျောင်းတိုက်များကလည်း ထောက်လှမ်းရေး ဖိအားကြောက်၍ ပြန်လက်မခံရဲကြ။
 
၂၀၀၁ ခုနှစ် ကျွန်တော်ပြန်လွတ်လာတော့ စစ်အစိုးရက ဆရာတော်နှစ်ပါးစလုံး ဘွဲ့တံဆိပ်ဆက်ကပ်ကြောင်းကြားရသည်။ ဘုန်းကြီးခေါင်းခေါက်ပြီးပြီကိုး။ သို့ရာတွင် ဆရာတော်ဦးကောဝိဒက ဘွဲ့လက်ခံရမည် စိုး၍ အမေရိကန်ပြည်ထောင်စုထွက်သွားကြောင်းကြားရ၏။ ဦးရာဇဓမ္မကိုလည်း အတင်းချဉ်းကပ်ကိုးကွယ်ကြောင်း သိရပါသည်။ ၂၀၀၂ ခုနှစ်တွင် ထင်သည်။ ကျွန်တော့်အိမ်မှာ ဝါဆိုသင်္ကန်းကပ် ဆွမ်းကျွေးတော့ ကိုယ့်အရိပ်ခိုခဲ့ရသည်။ ကျောင်းတိုက်များမှ သပိတ်ကံဆောင်ဆရာတော်များကို ပင့်သည်။ ဝမ်းနည်းရသည်မှာ ကျွန်တော်တို့က “ရကောက်ကြီး”ဟု အမည်ဝှက်ပေးထားသည့် ဆရာတော် ဦးရေဝတမှာ ထောင်ကလွတ်ပြီး ရှစ်လအတွင်း ပျံလွန်တော်မူခဲ့ရှာပါသည်။ ဆရာတော် ဦးကဝိန္ဒမှာလည်း ထောင်မှလွတ်ပြီး သိပ်ကြာကြာမနေရဘဲ အသက်ငယ်ငယ်တွင် နှလုံးရောဂါဖြင့် ပျံလွန်ပြီးဖြစ်ပါသည်။ ဤဆရာတော်များကို မဖိတ်နိုင်တော့။ ဘုရားကြီးတိုက် ဦးခေမာစာရ (တောကျွဲအင်း)နှင့် နယားတိုက်မှ ဘုန်းကြီး  ဦးဖိုးဆိုး (ယခုပျံလွန်) တို့ကို ပင့်သည်။ ဆရာတော် ဦးရာဇဓမ္မကို ပင့်ရန်  မစိုးရိမ်တိုက်သစ်သို့ ကျွန်တော်သွားသည်။ ဦးဇင်းတစ်ပါးကို အကျိုးအကြောင်းလျှောက်တော့ အပေါ်ထပ် ကျောင်းဆောင်အရှည်ကြီးမှာ စာဝါချနေကြောင်း မိန့်သည်။ ကျွန်တော်က အမည်နာမနှင့်ပြောပြီး ပင့်ပေးပါရန် တောင်းပန်သည်။ ဦးဇင်းက ကျောင်းဆောင်အပေါ်ထပ်သွားပြီး မကြာမီ ကျွန်တော့်ကို အပေါ်တက်လာရန် လက်လှမ်းပြသည်။ အပေါ်ထပ် ကျောင်းဆောင်ကြီးတွင် သံဃာအပါး ၃၀၀ ကျော်ခန့် ကြမ်းခင်းပေါ်တွင် ပျပ်ဝပ်ရိုကျိုး စွာ စာဝါလိုက်နေသည်။ 
ကြားလျှောက်လမ်းတွင် စာအုပ်ကိုင်ကာ လမ်းလျှောက်ရင်း စာချနေသော ဆရာတော်ကြီးကို ဖူးတွေ့ရသည်။ ကျွန်တော် ဝပ်ချကန်တော့၏။ “မင်းဘယ်တုန်းက လွတ်လာသလဲကွ”။ “နှစ်နှစ်ရှိပါပြီ ဘုရား”။ “ဟင် ခွေးမသား ခုမှလာရသလားကွ”။ “မလာဝံ့ဘူး ဘုရား။ အရှင်ဘုရားက ဘွဲ့တံဆိပ်တော်တွေနဲ့ နိုင်ငံတော်ဘုန်းကြီး ဖြစ်နေပြီ။ တပည့်တော်က သူပုန်ဘုရာ့”။ “ဟေ့ကောင် ငါတောင်းတာ မဟုတ်ဘူးကွ။ သူတို့ဘာသာ အတင်းပေးတာ” ကျွန်တော်က ရယ်ရယ်မောမောဖြင့် လာရင်းကိစ္စ ဆရာတော်ကြီးကို လျှောက်သည်။ ဆရာတော်ကြီး က “မင်းထောင်ထွက်ဘုန်းကြီးတွေ ပင့်ရဲ့လား”ဟု မေးသည်။ “ဘယ်နေလိမ့်မလဲ အကုန်ပါတယ်ဘုရား”ဟု ကျွန်တော်က ပြန်ဖြေသည်။ ထိုနေ့ က ဆရာတော်ကြီးမှာ စာဝါနားလိုက်ပြီး ကျွန်တော်နှင့် တစ်နာရီကျော်ကြာခန့် စကားပြောဖြစ်ပါသည်။ 
 
ထိုဝါဆိုသင်္ကန်းကပ်တွင် ဆရာတော်ကြီးက တရားချီးမြှင့်သည်။ အိမ်အပေါ်ထပ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်များ၊ NLD များ၊ အောက်ထပ်တွင် သူပုန်ဟောင်းများနှင့် စည်ကားလှသည်။
 
ကျွန်တော့်အိမ်နှင့် မျက်နှာချင်းဆိုင် မင်းသီဟလက်ဖက်ရည်ဆိုင်ဘက်တွင်လည်း ထောက်လှမ်းရေးများ အလုပ်ရှုပ်နေကြသည်။ ကင်မရာတဖျပ်ဖျပ်။ ၂၀၀၃ ခုနှစ် တွင် ထင်သည်။ ထိုစဉ်က အစိုးရအဖွဲ့က သံလျင်မင်းကျောင်းတွင် ဆွမ်းကပ်၊ ရေစက်ချ သည်။ ရေစက်ချတရားကို ဆရာတော် ဦးရာဇဓမ္မအား လျှောက်ထား ဟောကြားခိုင်းသည်ဟု သိရသည်။ ထိုစဉ်က ဦးနေဝင်း ကွယ်လွန်ပြီးခါစဖြစ်သည်။ ဆရာတော် ဦးရာဇက မင်းကျင့်တရားနှင့်မညီ။ ပြည်သူကို နှိပ်စက်လျှင် တစ်နိုင်ငံလုံး မေတ္တာတုံးပြီး သေသည့်အခါ မရှုမလှဖြစ်ရကြောင်း ဘုရားဟော ကိုးကားဟောပြောသည်။ အစိုးရတစ်ဖွဲ့လုံး ခေါင်းငုံ့ထားကြသည်ဟု ဆိုသည်။ တရားပြီးတော့ အစိုးရအဖွဲ့ ထိပ်သီးတစ်ဦးက “ဆရာတော် တရားသိပ်ကောင်းပါတယ် ဘုရား။ တပည့်တော်တို့ သိပ်ကြိုက်ပါတယ် ဘုရား” ဟု လျှောက်သည်ဆို၏။ ဦးရာဇက “ဟေ့ကောင် ဒါ ငါဟောတဲ့တရား မဟုတ်ဘူး။ ဘုရားဟောတရား။ မင်းကြိုက်အောင် ဟောတာမဟုတ်ဘူး။ ဒေသနာအတိုင်းဟောတာ”ဟု တဲ့တိုးပြောချလိုက်သည်ဟု ဆိုသည်။ 
 
ဆရာတော်ဦးရာဇဓမ္မနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့်အခေါက်မှာ ၂၀၁၃ ခုနှစ် ရွှေဥသြ ဦးမောင်ကို၏ မစိုးရိမ်တိုက်သစ်လုံးကျွတ် ကထိန်တော်တွင်ဖြစ်သည်။ ဆရာတော်ကြီး၏ တရားပွဲများတွင် ကျွန်တော်က မကြာခဏ ဝင်ရောက်နှုတ်ဆက်လေ့ရှိသည်။ ထိုနေ့က ဆရာတော်ကြီး၏နောက်တွင် အာဏာပိုင် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ ခြံရံလိုက်ပါလာသည်။ လက်အုပ်ချီဆီးကြိုနေသည့် ကျွန်တော့်ကိုမြင်တော့ “ခွေးမသား မင်းရှေ့နေ လိုင်စင်ရပြီဆို”ဟုမေးသည်။ “တင်ပါ့ဘုရာ”။ “ခင်မောင်သန်းကော ရလားကွ”။ “တင်ပါ့ဘုရား၊ နှစ်ယောက်လုံး ရပြီဘုရား။” “မင်းတို့ နှစ်ကောင် အလျှော့ပေးလိုက်တာလားကွ” ဆရာတော် က ထုံးစံအတိုင်း ခပ်ထေ့ထေ့မေးသည်။ “အရှင်ဘုရား၊ အဓမ္မဝါဒီတွေကို တပည့်တော် ဘယ်တော့မှ အရှုံးမပေးဘူးဘုရား” ဆရာတော်ကြီး က နောက်ကပါလာသူများကို အလျင်းဂရုမစိုက်ဘဲ “ဒါပေါ့ကွာ အဓမ္မသမားကို ဓမ္မက ဘာလို့အရှုံးပေးရမှာလဲ”ဟု မိန့်ကြားပြီး ဆက်ကြွသွားသည်။ ဤသည်မှာ ဆရာတော် ဦးရာဇဓမ္မနှင့် ကျွန်တော် နောက်ဆုံးတွေ့ဆုံ စကားပြောခဲ့ရခြင်းဖြစ်ပါသည်။
 

မစိုးရိမ်ကျောင်းတိုက်၏ နာယကဆရာတော်တစ်ပါးဖြစ်သည့် ဦးကောဝိဒါဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်းမစိုးရိမ်ကျောင်းတိုက် (တိုက်ဟောင်း)၏ နာယကဆရာတော် ဦးကောဝိဒါဘိဝံသအား ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ် မှန်ကုန်းကျေးရွာတွင် ခမည်းတော် ဦးအောင်ခင်နှင့် မယ်တော် ဒေါ်ဝဲ တို့မှ မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ် နတ်တော်လဆန်း ၁၂ ရက် တနင်္လာနေ့၌ ဖွားမြင်ခဲ့သော သားဦး ရတနာဖြစ်သည်။အသက် ကိုးနှစ်သားအရွယ်တွင် ညောင်ပင်ဂရက်ရွာ သိမ်ကုန်းကျောင်းဆရာတော် ဦးကေသရ ကို ဥပဇ္ဈာယ်ပြုလျက် ခမည်းတော်နှင့် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူ၍ ရှင်သာမဏေဘောင်သို့ ဝင်ရောက်ခဲ့သည်။ ၁၃၃၂ ခုနှစ်တွင် မအူပင်မြို့နယ် ညောင်ပင်ဂရက်ရွာ သိမ်ကုန်းကျောင်းဆရာတော် အား ဥပဇ္ဈာယ်ပြုလျက် မြင့်မြတ်သော ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ အစိုးရ၏ပါဠိပထမပြန်စာမေးပွဲ များဖြစ်သည့် ပထမငယ်တန်း၊ ပထမလတ်နှင့် ပထမကြီးတန်းများအား နှစ်စဉ်အောင်မြင်ခဲ့သည်။ ယင်းအပြင် အဌကထာကြီး သုံးကျမ်းကို သတ်မှတ်ထားသော ငါးနှစ်အတွင်း၌ထူးချွန်စွာအောင်မြင် ခဲ့သည်။ ၁၉၈၈ အရေးအခင်းဖြစ်ပြီး ၁၉၉၀ ခုနှစ် သြဂုတ်တွင် ရှစ်လေးလုံး နှစ်နှစ် ပြည့်အထိမ်းအမှတ်တွင် စစ်အစိုးရအား သံဃာတော်များမှ ပတ္တနိက္ကုဇနကံဆောင်သပိတ်မှောက်ခဲ့ရာ စစ်အစိုးရမှ မန္တလေးနန်းတွင်း ထောင်အတွင်း၌ မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိမဟာနာယကချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တရာဇဓမ္မာဘိဝံသနှင့်အတူ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရရှာသည်။ မန္တလေးမြို့ရှိ မစိုးရိမ်ကျောင်းတိုက် ပရိယတ္တိနယူပဒေသကျောင်းတွင် မစိုးရိမ်နာယကအဖြစ် စာပေများပို့ချပေးခဲ့ပြီး တိပိဋကပါဠိ-မြန်မာ အဘိဓာန်ကျမ်းကိုပြုစုခဲ့ သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းဖြစ်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စုတွင်ရောက်ရှိနေစဉ် ဘဝနတ်ထံပျံလွန်ခဲ့သည်။

 
 
နောင်. . ဥဒါန်း ဘယ်မကျေစရာ  (၁) ဖတ်ရန်
 
နောင်. . ဥဒါန်း ဘယ်မကျေစရာ  (၂) ဖတ်ရန်
 
နောင်. . ဥဒါန်း ဘယ်မကျေစရာ  (၃) ဖတ်ရန်နောင်..ဥဒါန်း ဘယ်မကျေစရာ (၅) ဖတ်ရှုရန်