လွတ်လပ်မှုကို ရှာဖွေနေတဲ့ လူငယ်

လွတ်လပ်မှုကို ရှာဖွေနေတဲ့ လူငယ်
Published 26 June 2015
ကိုထက်

ဒီနှစ်ပိုင်းတွေမှာ သတိထားမိသလောက် ပြစ်မှုကျူးလွန်သူတွေရဲ့ အသက်အရွယ်ကို ကြည့်လိုက်ရင် ဆယ်ကျော်သက် ၁၆ နှစ်နဲ့ ၂၀ ကြား ဆယ်ကျော်သက်လူငယ်တွေ ပိုများလာတာကို တွေ့ရပါတယ်။ မှုခင်းဖြစ်စဉ်တွေကို ဖတ်ရတဲ့ အများပြည်သူကတော့ ပြစ်မှုကျူးလွန်သူတွေကို ငယ်ငယ်လေးတွေ ရှိသေးတာပဲလို့သာ တွေးမိကြပေမယ့် သေချာစဉ်းစားကြည့်ရင် မိဘ၊ ဆရာ အုပ်ထိန်းမှုနဲ့ စာသင်ခန်းမှာသာ ရှိသင့်တဲ့ လူငယ်လူရွယ်တွေဟာ အကျဉ်းထောင်ရဲ့ အုပ်ထိန်းမှုအောက် ရောက်ရှိသွားရခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရင်မောစရာ ဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူတွေမှာ လူငယ်လူရွယ်တွေ ပိုမိုများပြားလာတဲ့ အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပွားတာကို တွေ့ရတာများပါတယ်။မှုခင်းပြစ်မှု ကျူးလွန်သူ လူငယ်အများစုကို သုံးသပ်ရရင် အပေါင်းအသင်းကြောင့် ပျက်ယွင်းတဲ့ လူငယ်လူရွယ်တွေက ပိုမိုများပြားပါတယ်။ လူငယ်အများစု ပါဝင်ကျူးလွန်တဲ့ မှုခင်းဖြစ်စဉ်တွေက သတိထားမိရင် ဒေါသအလျောက် ပြစ်မှုကျူးလွန်တာထက် အုပ်စုဖွဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ ပြစ်မှုတွေက ပိုများတာကို တွေ့ရပါတယ်။ဆယ်ကျော်သက်လူငယ်အများစု ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကြည့်လိုက်ရင် Online ပေါ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ လှိုင်သာယာ လက်ဖက်ရည်ဆိုင်အတွင်း လူသတ်မှု CCTV မှတ်တမ်းမှာ ကျူးလွန်သူတွေက အသက် ၂၀ မပြည့်သေးတဲ့ လူငယ်တွေသာ ဖြစ်ပါတယ်။ မြကန်သာအိမ်ရာ ကစားကွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဟာ ဖုန်းတစ်လုံးကို ရောင်းစားလိုက်ရာကနေ သူငယ်ချင်း အချင်းချင်း အရက်သောက်ရင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှုဖြစ်ပြီး ကျူးလွန်သူတွေဟာ ၁၉၊ ၂၀ ဝန်းကျင် လူငယ်တွေသာ ဖြစ်ပါတယ်။မေလ ၂၅ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းဆရာမတစ်ဦးနဲ့ ဖခင်ဖြစ်သူ နေအိမ်အတွင်း ပစ္စည်းလု အသတ်ခံရတဲ့ အမှုမှာလည်း ကျူးလွန်သူ လူငယ်ခြောက်ဦးဟာ အသက် ၂၀ မကျော်သေးတဲ့ လူငယ်လေးတွေသာ ဖြစ်ပါတယ်။ မေ ၃၁ ရက်ကလည်း သမ္မတရုပ်ရှင်ရုံ အနားမှာ အမျိုးသမီးတစ်ဦး အသတ်ခံရမှု ကျူးလွန်ခဲ့တဲ့ လူငယ်တွေဟာ ခုံးတံတားအောက်မှာ ပိုက်ဆံလိုက်တောင်းတဲ့ ကော်ရှူတဲ့လူငယ်တွေဖြစ်ပြီး အသက် ၁၇၊ ၁၈ အရွယ်တွေသာ ဖြစ်ပါတယ်။ဒါ့အပြင် မင်္ဂလာဈေးဝင်းအတွင်းမှာရှိတဲ့ ကလပ်တွေ၊ စားသောက်ဆိုင်တွေ၊ စင်တင်တေးဂီတဆိုင်တွေကို လာရောက်တဲ့ ကားတွေကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ရာကနေ ကိုရိုလာဗင် အဖြူရောင်ကားတစ်စီးက အသက် ၁၈၊ ၁၉  နှစ်သာရှိသေးတဲ့ လူငယ်သုံးဦးစီကနေ ဓားရှည်တွေ၊ ဓားမြှောင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းကနေ သိရပါတယ်။ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ဟာ လောကကို ရင်ဆိုင်ဖို့ ပြင်ဆင်မှုတွေနဲ့ အားယူနေရမယ့် အချိန်မှာ အကျဉ်းထောင်ထဲ၊ လူငယ်ပြုပြင်ထိန်းသိမ်းရေး စခန်းထဲသွားပြီး နုပျိုမှု အချိန်တစ်ချိူ့ကို ကုန်ဆုံးလိုက်တာဟာ နှမျောဖို့ အလွန်ကောင်းပါတယ်။ ကျွန်တော်တို့ လူငယ်တွေအမြင်မှာ ပိုက်ဆံရှိမှ နောက်ခံအင်အားတောင့်တင်းမှ လောကမှာ အောင်မြင်နိုင်မယ်လို့ ယူဆမိတာ များပါတယ်။ ကိုယ်နဲ့ သက်တူရွယ်တူ လူငယ်တွေ အောင်မြင်နေတာကိုတွေ့ရင် မိဘနောက်ခံက ဘယ်လိုဆိုတာကို ထည့်သွင်းတွက်ဆပြီး အားငယ်တတ်ပါတယ်။ ဒါတွေဟာ လူငယ်တစ်ယောက်ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝမို့လို့ အပြစ်ပြောစရာတော့ မရှိပါဘူး။ ဒါပေမဲ့ အောင်မြင်သူတွေရဲ့ လားရာကို ကြည့်လိုက်ရင် မိဘက ချမ်းသာလို့ အောင်မြင်လာတဲ့ လူငယ်အရေအတွက် အင်မတန် နည်းပါးပါတယ်။လူငယ်တစ်ယောက်ရဲ့ အဓိက အခန်းကဏ္ဍမှာ မိဘဖြစ်သူရဲ့ ငွေကြေးအင်အား ဆိုတာထက် မိဘရဲ့မေတ္တာစိတ်နဲ့ ဂရုစိုက်မှုက ပိုအရေးကြီးပါတယ်။ အထူးသဖြင့် ကျိုးပျက်နေတဲ့ အိမ်ထောင်တွေမှာ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ မိဘမေတ္တာ ပိုမိုငတ်မွတ်နေတတ်ပါတယ်။ သားသမီးကို ချစ်လို့၊ ပြောမရလို့ လွှတ်ထားတယ်ဆိုတာမျိုး ဘယ်တော့မှ မဖြစ်သင့်ပါဘူး။မိဘဖြစ်သူဟာ ကိုယ့်သားသမီး ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံနေတယ်ဆိုတာ အမြဲတမ်းစောင့်ကြည့်နေရပါမယ်။ သားသမီးဖြစ်သူရဲ့ လူငယ်သဘာ၀ ပြောင်းလဲလာတဲ့ စိတ်ခံစားမှုကို သိရပါမယ်။ ဖြစ်လာတဲ့ စိတ်ခံစားမှုအလိုက် မိဘနဲ့ ဆရာတွေက လိုအပ်သလို ပြုပြင်ထိန်းသိမ်းပေးရပါမယ်။ လူငယ်တစ်ဦးဟာ မသိလို့ မသင့်တော်တာ တစ်ခုကို လုပ်ချင်တဲ့အခါ မလုပ်သင့်ဘူးလို့ပြောပြီး ထိန်းချုပ်တာထက် အကျိုးအပြစ် သဘာဝကို မြင်အောင်ပြတဲ့ ချဉ်းကပ်နည်းနဲ့သာ ထိန်းကျောင်းသင့်ပါတယ်။ကမ္ဘာနဲ့အမီ ရင်ပေါင်တန်းဖို့ လိုအပ်နေတဲ့ ခေတ်ကြီးမှာ အတင်းအကျပ် ထိန်းချုပ်ရင်လည်း ဘာကြောင့်လဲဆိုတဲ့ မေးခွန်းနဲ့ ရေလိုက်လွဲပြီး မိဘကွယ်ရာမှာ လုပ်ချင်တာလုပ်မှာကို စိုးရိမ်ရတဲ့အတွက် ထိန်းချုပ်လို့မရသလို လွှတ်ထားလို့လည်း မဖြစ်ပါဘူး။ မိဘဖြစ်သူက သားသမီးကို လိုအပ်သလို ထိန်းကျောင်းပြီး တခြားသောကောင်းမွန်တဲ့ ကဏ္ဍတွေဖြစ်တဲ့ အားကစား၊ စာပေ၊ အနုပညာ၊ လက်မှုပညာ အစရှိတဲ့ သူစိတ်သန်ရာ ဝါသနာပါရာကိုသာ အားပေးရမှာ ဖြစ်ပါတယ်။ဒီဘက်ခေတ် ဆယ်ကျော်သက် လူငယ်လူရွယ်တွေဟာ မျိုးဗီဇတစ်ဆင့် ပြောင်းလဲသွားတယ် ထင်ပါတယ်။ ပိုမိုတက်ကြွ ထက်မြက်လာတာကို တွေ့ရပါတယ်။ ထုံထိုင်းတဲ့လူငယ်တွေ တော်တော်နည်းပါးလာပါတယ်။ ဒီလိုမျိုး ထက်မြက်တဲ့ လူငယ်လူရွယ်တွေ ပေါများလာတာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်၊ မိဘနဲ့ ဆရာတွေဟာ လူငယ်တစ်ယောက်ရဲ့ တက်ကြွထက်မြက်မှုတွေကို ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ ထိန်းချုပ်ခိုင်းတာ မဟုတ်ပါဘူး။ တက်ကြွထက်မြက်တဲ့ စိတ်တွေကို ထိန်းကျောင်းတည့်မတ်ပေးနိုင်တဲ့အခါ လူငယ်တစ်ယောက်ဟာ ထက်မြက်ထူးချွန်လာနိုင်သလို ထိန်းချုပ်လိုက်တဲ့အခါ ဆန့်ကျင်ဘက် အကျိုးရလဒ်တွေ ရနိုင်တယ် ဆိုတာကို သိဖို့လိုပါတယ်။လူငယ်တစ်ယောက်ရဲ့ စိတ်ဆန္ဒ အတွေးအမြင်နဲ့ သူဖြစ်ချင်တာကို မထိန်းချုပ်ဖို့၊ လျစ်လျူမရှုမိဖို့၊ လူငယ်တစ်ယောက်ရဲ့ ဆန္ဒထက် မိဘဖြစ်သူက ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို အတင်းအကျပ် မသွပ်သွင်းဖို့ လိုအပ်ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးတဲ့ လူငယ်တစ်ယောက်ဟာ မလိုအပ်တဲ့ စည်းဘောင်တွေ၊ လျစ်လျူရှုခံရမှုတွေကြောင့် လွတ်ထွက်သွားပြီး တခြားနေရာမှာ လွတ်လပ်မှုကို ရှာဖွေမိတဲ့အခါမှာ မရင့်ကျက်သေးတဲ့ စိတ်နှလုံးကို အရောင်ဆိုးခံရနိုင်ပြီး အကျဉ်းထောင်နဲ့ လူငယ်ပြုပြင်ရေးစခန်းတွေမှာ နုပျိုတဲ့အချိန်တချို့ ကုန်ဆုံးနိုင်တယ်ဆိုတာကို မိဘနဲ့ ဆရာတွေ အနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့ ဆန္ဒပြုလျက်။