ဆင်းခွန်ဂိတ် အဆင့်တိုးမြှင့် သတ်မှတ်ပြီးနောက် မြိတ်မြို့နှင့် ကုန်သွယ်မှုပြုလုပ်ရန် ထိုင်းနိုင်ငံမှ ကုန်သည်များ စိတ်ဝင်စားလာ

ဆင်းခွန်ဂိတ် အဆင့်တိုးမြှင့် သတ်မှတ်ပြီးနောက် မြိတ်မြို့နှင့် ကုန်သွယ်မှုပြုလုပ်ရန် ထိုင်းနိုင်ငံမှ ကုန်သည်များ စိတ်ဝင်စားလာ
Published 25 June 2015
ဇော်မိုးဦး (မြိတ်)

မြန်မာနိုင်ငံ မောတောင်နယ်စပ်ဂိတ်နှင့် နယ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံရှိ ဆင်းခွန်ဂိတ်အား အဆင့်တိုးမြှင့် သတ်မှတ်ပြီးနောက် ထိုင်းနိုင်ငံမှ ကုန်သည်များ မြိတ်မြို့နှင့် ကုန်သွယ်မှု ပြုလုပ်ရန်အတွက် စိတ်ဝင်တစား လာရောက်ဆွေးနွေးမှု အများအပြား ပြုလုပ်လာကြောင်း သိရသည်။ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဒန်းသိန်ခွန်းရွာရှိ ဆင်းခွန်ဂိတ်အား ထိုင်းနိုင်ငံ အစိုးရမှ မေ ၂၃ ရက်တွင် အထူးယာယီ နယ်စပ်ဂိတ်အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။အထူးယာယီနယ်စပ်ဂိတ် ဖြစ်လာသည့်အတွက် ခရီးသွားလာခွင့်၊ ကုန်သွယ်ခွင့်များ တိုးမြှင့်ရရှိလာသောကြောင့် ထိုင်းနိုင်ငံသား အများအပြားမှာ မောတောင်နယ်စပ်ဂိတ်မှ ဖြတ်သန်းကာ မြန်မာနိုင်ငံသို့ လာရောက်လျက်ရှိကြောင်း သိရသည်။“ကျွန်တော်တို့မြို့နှင့် မြိတ်မြို့ကို ကုန်သွယ်ဖက်အဖြစ် ရှိနေစေချင်ပါတယ်။ စီးပွားရေး အခွင့်အလမ်းတွေအတွက် လာရောက်ဆွေးနွေးခြင်း ဖြစ်ပါတယ်။ တနင်္သာရီမြို့ (သို့) မြိတ်မြို့မှာ ကုန်စည်ပြပွဲကြီးတစ်ခု ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ မကြာခင်မှာ ကုန်သွယ်မှုပြုလုပ်နိုင်ဖို့ လေ့လာရေးအပြင် ဒီက ကုန်သည်တွေနဲ့ ဆွေးနွေးဖို့ လာရောက်ခြင်း ဖြစ်ပါတယ်” ဟု ကွီဘူရီမြို့ပိုင်က ပြောကြားသည်။ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ကွီဘူရီမြို့ပိုင်နှင့် လုပ်ငန်းရှင် ၃၂ ဦးမှာ မြိတ်မြို့သို့ ဇွန် ၂၃ ရက်က လာရောက်ခဲ့ပြီး စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် အနာဂတ်ကုန်သွယ်မှု အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။“ကွီဘူရီမှာ ကြီးမားတဲ့ သစ်သီးဝလံဈေးကွက်ကြီး ရှိပါတယ်။ နာနတ်သီး အဓိက ထွက်ရှိသလို တခြားသီးနှံတွေလည်း ထွက်ရှိပါတယ်။ ကုန်သွယ်မှု ပြုလုပ်ဖို့အတွက် မောတောင်နယ်စပ်နှင့်လည်း နီးပါတယ်။ ဒါပေမဲ့ အခက်အခဲဖြစ်နေတာက မောတောင်နယ်စပ်မှာ ကုန်သည်တွေ ငွေကြေးကောက်ခံချင်သလို ကောက်ခံနေတာပဲ ဖြစ်ပါတယ်။ သစ်သီးကားတစ်စီးကို အရင်က ကျပ် ၇၀၀၀၀ ယူပါတယ်။ အခု ကားတစ်စီးကို ကျပ်သုံးသိန်း တောင်းကြတယ်။ ဘာအတွက်ယူသလဲဆိုလည်း မပြောဘူး။ မေးစမ်းကြည့်ရင်လည်း ကုန်သည်တွေကို ဆဲပါတယ်။ ဒါကြောင့် နောက်ပိုင်း ကျွန်တော်တို့လည်း မောတောင်ကနေ ကုန်သွယ်မှု မပြုလုပ်တော့ဘဲ ထီးခီး-ပူနန်ဘက်ကနေ ကုန်သွယ်မှု ပြုလုပ်နေရတာပါ” ဟု မြိတ်မြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။ထိုင်းနိုင်ငံသားများ အနေဖြင့် မောတောင်နယ်စပ်ဂိတ် ဖွင့်ပြီးနောက်ပိုင်း စီးပွားရေးကိစ္စနှင့် အလုပ်ကိစ္စများကြောင့် လာရောက်မှုမှာ အကြိမ်ရေ ၃၀ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။ ကွီဘူရီမှ လုပ်ငန်းရှင်များမှာ မြိတ်မြို့မှ ရေထွက်ပစ္စည်းများ တင်သွင်းခြင်း၊ တန်ချိန် ၁၀၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတား တည်ဆောက်ရင်းနှီးမြှုပ်နှံခြင်း၊ တစ်ပတ်ရစ်မော်တော်ကားများ တင်ပို့ခြင်း၊ သစ်သီးဝလံများ တင်ပို့ခြင်းနှင့် စားသောက်ကုန်များတင်ပို့ခြင်းတို့အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ် ဖွင့်ပြီးနောက် မြန်မာနိုင်ငံသားများ ပရာကျွတ်ခီရီခံ ခရိုင်အတွင်းသို့ တစ်ညအိပ် နှစ်ရက်ခရီးသာ လည်ပတ်ခွင့်ရရှိခြင်းအပေါ် ရက်တိုးမြှင့် ခွင့်ပြုပေးရန်အတွက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ဆွေးနွေးခဲ့ပြီး ကွီဘူရီမြို့ပိုင်မှ ထိုင်းနိုင်ငံအစိုးရသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent