၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာလေးဘီလျံကျော် ပြနေခြင်းမှာ MIC သွင်းကုန်များဖြစ်သည့် Draw Back များကြောင့်ဖြစ်ပြီး ငွေသားအနေဖြင့် လိုငွေပြနေခြင်း မဟုတ်ကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာလေးဘီလျံကျော် ပြနေခြင်းမှာ MIC သွင်းကုန်များဖြစ်သည့် Draw Back များကြောင့်ဖြစ်ပြီး ငွေသားအနေဖြင့် လိုငွေပြနေခြင်း မဟုတ်ကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 25 June 2015
အငယ်ထွေး၊ နီလာ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာလေးဘီလျံကျော် ပြနေခင်းမှာ MIC သွင်းကုန်များဖြစ်သည့် Draw Back များကြောင့် ပြနေခြင်းဖြစ်ပြီး ငွေသားအနေဖြင့် လိုငွေပြန်နေခြင်း မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်ရှိ ACMECS ထိပ်သီးဆွေးနွေးပွဲ၌ တွေ့ဆုံစဉ် ပြောကြားသည်။
"အဓိက,က ကုန်သွယ်မှုလိုငွေပြနေတာ မဟုတ်ပါဘူး။ သွင်းကုန်များတဲ့သဘောပေါ့။ MIC သွင်းကုန်တွေများလို့ပါ။ ဒါပေမဲ့ သူက ငွေတကယ်ချေရတာ မဟုတ်ဘူး။ ဆိုလိုတာက ယခင်ကာလတူထက်လည်း ပို့ကုန်က လျော့မသွားဘူး။ သွင်းကုန်များတာကတော့ MIC ကခွင့်ပြုတဲ့ပစ္စည်းများတွေ Draw Back များနေလို့ပါ။ Draw Back ဆိုတာ အလုပ်လုပ်ဖို့ ယန္တရားကြီးတွေ သွင်းလာတယ်။ အလုပ်လုပ်ပြီးရင် ပြန်သယ်သွားတဲ့ ပစ္စည်းတွေပေါ့။ ပိုက်ဆံပေးချေရတာမဟုတ်ဘူး။ အဲဒီအတွက်တော့ စိုးရိမ်စရာမရှိပါဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
ယခုလပိုင်းအတွင်း ဒေါ်လာဈေးများ တရိပ်ရိပ်မြင့်တက်လာခဲ့ရာမှ ဇွန်လလယ်ပိုင်းတွင် တစ်ဒေါ်လာလျှင် ၁၂၅၀ နှင့် ၁၃၀၀ ဝန်းကျင်အထိ ရောက်ရှိသွားခဲ့သည့်အပေါ် သွင်းကုန်တင်သွင်းမှုများနေခြင်း၊ ကုန်သွယ်မှု လိုငွေမြင့်တက်ခြင်းကြောင့် ဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်ခဲ့သည်။ စီးပွားရေးပညာရှင် အချို့ကမူ ယခုကဲ့သို့ ဒေါ်လာဈေးမြင့်တက်ခြင်းသည် နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာဈေးမာနေခြင်း၊ သွင်းကုန်တင်သွင်း ချင်သည့်အတွက်(Export Earning) ဝယ်ယူမှုမြင့်တက်နေခြင်း၊ မြန်မာငွေကျပ်အလျှံအပယ် ရှိသူများက ရွှေ၊ မြေနှင့် အိမ်ရာအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရာမှ ဒေါ်လာဝယ်ယူ စုဆောင်းလာခြင်း၊ နိုင်ငံတော်သို့ ဒေါ်လာနှင့် ပေးချေရန်ရှိသည့်အခါတွင် ဒေါ်လာလိုက်ရှာ၍ ဝယ်ယူရခြင်း (ယခုအခါ ဗဟိုဘဏ်က ကျပ်နှင့်သာပေးချေရန် ညွှန်ကြားထားပြီးဖြစ်)၊ ဘတ်ဂျက်လိုငွေများခြင်း၊ ဝန်ထမ်းလစာများ တိုးပေးခြင်း၊ ငွေစက္ကူ များ တိုက်ရိုက် ရိုက်ထုတ်လာခြင်း စသည်တို့ကြောင့် ငွေကြေးလှည့်ပတ်စီးဆင်းမှု (Money in Circulation) မြင့်တက်လာခြင်း၊ ငွေလဲလှယ်နှုန်းကို ငွေကြေးကစားးသူများက ဝင်၍နှောင့်ယှက်ခြင်း တို့ကြောင့်ဖြစ်ကြောင်း ဝါရင့်စီးပွားရေး ပညာရှင်တို့က သုံးသပ်ကြသည်။
"လက်ရှိ ဒေါ်လာဈေးတွေ အဲဒီလိုဖြစ်တယ်ဆိုတာ လူတွေပြောတာက Trade Deficit ကြောင့်လို့ပြောကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အကြောင်းအရာ တစ်ခုအနေနဲ့တော့ ပါဝင်တာပေါ့။ ဈေးကစားတာတွေကြောင့်ပါ။ အဲဒီအတွက် ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်တဲ့ ဆွေးနွေးပွဲတွေအရ အဓိကပေါ့။ စက်သုံးဆီ၊ စားအုန်းဆီနဲ့ ဘိလပ်မြေတင်သွင်းတဲ့ သူတွေအတွက် ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်း ပေးမယ်ပြောတယ်။ အဲဒီဟာမလုပ်ခင်က ဒေါ်လာဈေးက ၁၂၀၀ ကျော်ကနေ မနေ့ကဆိုရင်  ၁၁၆၀ အထိကျသွားတယ်။ အခုသွင်းကုန်များတဲ့ကိစ္စမှာ in cash အနေနဲ့ ပေးလိုက်ရတာမျိုး မဟုတ်ဘူး။ in kind capital တွေအတွက် စာရင်းထဲမှာ လိုငွေပြသွားတာပါ" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
 

Most Read

Most Recent