ရင်းနှီးမြှုပ်နှံမှုများနှင့် မက်လုံး

ရင်းနှီးမြှုပ်နှံမှုများနှင့် မက်လုံး
Published 25 June 2015
သစ်ထွဋ်

မကြာမီက ပြည်တွင်းရှိ စီးပွားရေးဈေး ကွက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်ပစတော့အိတ်ချိန်းရဲ့ တရားဝင် ကိုယ်စားလှယ်လို့ အမည်ခံကာ ငွေကြေးများ လိမ်လည်သွားတဲ့ ဖြစ်ရပ်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံအတွက် ပုံသဏ္ဌာန် မမှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ရပ်များကို သတိပြုမိကြဖို့ ညွှန်းဆိုနေတဲ့ ဖြစ်ရပ်တစ်ခုပါ။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စီးပွားရေး တံခါးဖွင့်ဖို့ ကြိုးစားလာတဲ့ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံသူများ မျက်စိကျလာရာ ရင်းနှီးမြှုပ်နှံမှုကို မှန်မှန်ကန်ကန် လုပ်ဆောင်လိုသူများရှိသလို မမှန်မကန် အမြတ်ထုတ်လိုသူများလည်း ရှိနေကြပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ပြည်ပစတော့အိတ်ချိန်း အမည်ခံကာ လိမ်လည်မှုမှာတော့ မြန်မာငွေကျပ် သန်းပေါင်း ၁၆၀၀ ခန့် (ဒေါ်လာ ၁ ဒသမ ၄၈ သန်း) ကို လိမ်လည်သွားခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ အဲဒီလိမ်လည်ခဲ့သူများဟာ နိုင်ငံခြားသားများဖြစ်ပြီး ရန်ကုန်မြို့ ဆာကူရာတာဝါမှာ ရုံးခန်းဖွင့်လှစ်ထားခဲ့သူများ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီကုမ္ပဏီဟာ ၂၀၁၃ သြဂုတ်လ ကတည်းက မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဟောင်ကောင်အခြေစိုက် စတော့ရှယ်ရာ ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ်ရုံးခွဲလို့ ဖော်ပြထားပြီး အစုရှယ်ယာရှင်တွေကို ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတကာ ရွှေဈေးကွက်မှာ အကစားဝင်ပြပြီး မကြာမီကမှ အစုရှယ်ယာ ဝင်ထားသူတွေရဲ့ ငွေကြေးတွေကို ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
မက်လုံး
အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာရှင်အဖြစ် ဆွဲဆောင်ခြင်းကို ခံခဲ့ရသူတစ်ဦးက ယင်းကြုံခဲ့ရပုံကို ယင်းကုမ္ပဏီရဲ့ အချက်အလက် အချို့နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေချက်များမှာ နည်းနှစ်နည်းနဲ့ ရွှေဈေးကွက်ကို ကစားနိုင် ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေကဆွဲဆောင် ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ပထမနည်းလမ်းက ကုမ္ပဏီကို အနည်းဆုံး ဒေါ်လာ ၁၀၀၀၀ သွင်းထားပြီး ကိုယ်တိုင်ရွှေ အရောင်းအဝယ်ကို အွန်လိုင်းကတစ်ဆင့် လုပ်ရမှာဖြစ်တယ်။ ကုမ္ပဏီက ငွေကြေးအကြံပေးတစ်ယောက် ပေးထားပြီး မနက်တိုင်းလုပ်ပေးမယ့် ကမ္ဘာ့ဈေးကွက် အနေအထားသုံးသပ် ပွဲတက်ခွင့် ပေးမယ်ဆိုတဲ့ နည်းဖြစ်ပါတယ်။ ဒုတိယနည်းက ယင်းတို့က အရောင်းအဝယ် လုပ်ပေးပြီး အမြတ်ရဲ့ ရာခိုင်နှုန်း ၆၀ ကို အစုရှယ်ယာရှင်က ရရှိမှာဖြစ်ပြီး ရာခိုင်နှုန်း ၄၀ ကို ကုမ္ပဏီ အကြံပေးတွေကို ပေးရတဲ့နည်းဖြစ်ပြီး ငွေတော့ သုံးလတစ်ခါ ပြန်ထုတ်နိုင်တယ်လို့ ကိုယ်တိုင်ဆွဲဆောင် ခံရသူတစ်ဦးရဲ့ မျှဝေချက်တွေမှာ တွေ့ရပါတယ်။ သိရသလောက် အဲဒီကုမ္ပဏီဟာ သူတို့ထံက အစုရှယ်ယာ ဝယ်ထားသူတွေကို ဖောက်သည်သစ်တွေကို မက်လုံးပေးပြီး ဆွဲဆောင်ခိုင်းခဲ့သလို သူတို့ထံမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ငွေကြေးအကျိုး အမြတ်များစွာ ရနိုင်ကြောင်း ဆွဲဆောင်မှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖောက်သည်သစ်ကို မိတ်ဆက်ပေးသူအနေနဲ့ ပေးရမယ့် ရာခိုင်နှုန်း ၄၀ ထဲကနေ ၁၆ ရာခိုင်နှုန်းကို ထပ်ရမယ်လို့လည်း ဆွဲဆောင်ခဲ့တယ်လို့ အစုရှယ်ယာရှင်အဖြစ် ဆွဲဆောင်မှုကို ခံခဲ့ရသူတစ်ဦးက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
သတိပေးခဲ့
မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ထူထောင်နိုင်ဖို့ ဆောင်ရွက်မှုတွေ ရှိလာချိန်မှာ ပြည်ပက စတော့အိတ်ချိန်းတွေမှာ ရင်းနှီးမြှုပ်နှံဈေး ကစားရာမှာ ဝန်ဆောင်မှုပေးနိုင်တယ်ဆိုတဲ့ ပွဲစားကုမ္ပဏီများ၊ အမည်ခံ ကုမ္ပဏီခွဲများ မြန်မာ့ဈေးကွက်အတွင်းသို့ ဝင်ရောက်နေကြောင်းနဲ့ အဲဒီလိုကုမ္ပဏီများကို သတိထားသင့်ကြောင်း မီဒီယာအချို့က ထောက်ပြရေးသားခဲ့ပါတယ်။ ဒီလိုထောက်ပြ ရေးသားခဲ့ပေမယ့် အချို့ကရလာမယ့် အကျိုးအမြတ်ကို မက်မောအောင် ဆွဲဆောင်သိမ်းသွင်းပြီး အခုလို ငွေကြေးပမာဏ များစွာကို လိမ်လည်သွားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် စတော့အိတ်ချိန်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာတွေမှာ ကျွမ်းကျင်မှုမရှိတဲ့ သူများအပေါ် အကျိုးအမြတ်ကို ဗန်းပြပြီး လိမ်လည်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်ပက အနုပညာရှင်တွေ ရန်ကုန်မှာ လာရောက် ဖျော်ဖြေတဲ့ ဖျော်ဖြေပွဲတစ်ပွဲနဲ့ ပတ်သက်ပြီး ပြည်ပဘက်ခြမ်းက ပွဲစီစဉ်ရာမှာ ပါဝင်သူ နိုင်ငံခြားသားတစ်ဦးက ငွေကြေးအချို့ ယူဆောင်သွားမှုကြောင့် ပွဲကျင်းပသူတွေ အခက်တွေ့ခဲ့ကြရကြောင်း သတင်းတွေမှာ ပါခဲ့ပါသေး တယ်။
အကြံအဖန်
တကယ်တော့ စီးပွားရေးတံခါးဖွင့်ဖို့ ကြိုးစားလာတဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဈေးကွက်သစ်အနေနဲ့ ပြည်ပရင်းနှီး မြှုပ်နှံသူတွေကို စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။ အဲဒီအထဲမှာ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံ လိုသူများရှိသလို အကြံအဖန်နဲ့ အမြတ်ထုတ်လိုသူများလည်း ရှိနေပါတယ်။ ယခုလိမ်လည်သွားတဲ့ စတော့အိတ်ချိန်း ရင်းနှီးမြှုပ်နှံမှုလိုမျိုး ပြည်တွင်းမှာ သိပ်မရင်းနှီးသေးတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပုံစံတွေကို တစ်ဖက်လှည့်နဲ့ လိမ်လည်အမြတ်ထုတ် လိုသူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာ စီးပွားရေး ကျင့်ဝတ်များကို လိုက်နာမှု မရှိဘဲ အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားလုပ်လေ့ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများကို သတိထားဖို့ လိုပါတယ်။ ဥပမာအားဖြင့် လိုက်နာရမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုကို ဂရုမစိုက်ဘဲ သဘာဝအရင်းအမြစ် တွေကိုသာ ထုတ်ယူမယ့် ရင်းနှီးမြှုပ်နှံမယ့် လုပ်ရပ်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ လှည့်ပတ်လုပ်ကိုင်ကြတာတွေ၊ တစ်ဦးဦးကို အမည်ခံခိုင်းပြီး နောက်ကွယ်က ကြိုးကိုင်တဲ့လုပ်ရပ်တွေဟာ စီးပွားရေးထွန်းသစ်စ နိုင်ငံတွေမှာ သတိထားရမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံသားတစ်ဦးဦးကို အမည်ခံခိုင်းပြီး နောက်ကွယ်က ချုပ်ကိုင်လုပ်ကိုင်လေ့ရှိတဲ့ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ အများကြီးရှိနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရာမှာ သတိထားဖို့လို အပ်ပါတယ်။ စီးပွားရေးဆိုင်ရာ ကုမ္ပဏီထူ ထောင်မှုလုပ်ငန်းတွေမှာ အမည်ခံလုပ်ကိုင် မှုတွေနဲ့ပတ်သက်ပြီး တရားဝင်ပြောင်းလဲ လုပ်ဆောင်ကြဖို့ သက်ဆိုင်ရာက နှိုးဆော်မှုတွေ လည်းရှိခဲ့ပေမယ့်လည်း လက်ရှိမှာ အမည်ခံကုမ္ပဏီတွေ ဘယ်လောက် အတိုင်းအတာအထိ ရှိနေမယ်ဆိုတာ မသိနိုင်ပါဘူး။ တစ်စုံတစ်ယောက်ကို အမည်ခံလုပ်ကိုင်စေပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ မမှန်မကန် ရင်းနှီးမြှုပ်နှံသူတွေဟာ ခြေရာဖျောက်သွားလေ့ ရှိတာကြောင့် မသိနားမလည်တဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဆုံးရှုံးမှုတွေနဲ့ရင် ဆိုင်ကြရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တွေနဲ့ မညီညွတ်တဲ့ သိက္ခာရှိ စီးပွားရေးလုပ်ငန်း မဟုတ်တဲ့ ရင်းနှီး မြှုပ်နှံသူတွေဟာ နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပြီး နိုင်ငံသားတွေကို နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်တာကြောင့် အထူးသတိပြုရမယ့် အရာတွေဖြစ်ပါတယ်။
ဒီလိုပြည်ပ ရင်းနှီးမြှုပ်နှံသလို အယောင်ပြပြီး မမှန်မကန်လုပ်ဆောင်မှုတွေကို ကာကွယ်တားဆီးကြဖို့ လိုပါတယ်။ ဒီအတွက် စီး ပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးနိုင်မယ့် စည်းမျဉ်းစည်းကမ်း ဥပဒေတွေ အားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင့် စီးပွားရေးဆိုင်ရာ အသိပညာပေးရေးဆိုင်ရာ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေး အသိအမြင်တွေ အများပြည်သူတွေကို ဖြန့်ဝေပေးဖို့ အစီအစဉ်တွေရှိဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး နောင်ထပ်မဖြစ်အောင် ဘယ်လိုတံတိုင်းတွေ၊ အဆီးအတားတွေနဲ့ ကာကွယ်ထားမလဲဆိုတာ အဖြေရှာသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများ အနေနဲ့လည်း ဆွဲဆောင်လာတဲ့ အကျိုးအမြတ်ထက် လုပ်ငန်းလုပ်ဆောင်မှုတွေဟာ ယုတ္တိတန်မှုရှိ မရှိ ဆန်းစစ်သင့်ပါတယ်။ အမြတ်ထုတ်လိုသူများရဲ့ ဆွဲဆောင်မှုများကို မျက်စိမှိတ်မယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာ အကြံအဖန် ရင်းနှီးမြှုပ်နှံသူများလက်က ရှောင်ရှားနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။