ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) ပါ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းများကို ပြင်ဆင်ခြင်းမပြုသင့်ဘဲ မူလအတိုင်းထားရှိရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်က အဓိက ကန့်ကွက်ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ ဇွန် ၂၃ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးမှုများပြုလုပ်ရာ၌ ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် အလွယ်တကူ ရေးဆွဲပြဋ္ဌာန်းကောင်းသည့်အရာ မဟုတ်သကဲ့သို့ အလွယ်တကူပြင်ဆင်ခြင်းသည်လည်း မသင့်လျော်သည်ကို တွေ့ရကြောင်း၊ အခြေခံဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရာ၌ အလေးအနက်စဉ်းစားပြီး ရေရှည်တည်တံ့နိုင်စေရန် အလေးထားရေးဆွဲနေကြခြင်း ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံအသီးသီးသည် မိမိနိုင်ငံသမိုင်းကြောင်း၊ တိုင်းပြည်တည်နေရာ၊ လူမျိုးဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့် ဘာသာတို့နှင့် ကိုက်ညီသည့်အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းကြစမြဲပင်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်တင်စန်းနိုင်က ဆွေးနွေးပြောကြားသည်။
လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း အမျိုးသားညီလာခံစတင်ခဲ့သည့် ၁၉၉၃ ခုနှစ်မှ ဥပဒေရေးဆွဲပြီးစီးခဲ့သည် ၂၀၀၇ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း၌ ခြောက်နှစ်နှင့် ငါးလအကြာ အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရေးဆွဲသည့်နေရာ၌လည်း နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးနှင့် ဥပဒေရေးရာရှုထောင့်မျိုးစုံ လူတန်းစာအလွှာရှစ်လွှာမှ အင်အား ၁၈၈၈ ဦးဖြင့် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကာ ဒီမိုကရေစီနည်းလမ်းအရ ပြည်သူ့ဆန္ဒ ပြည်သူ့သဘောများရယူပြီး ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံအတည်ပြုထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတွင် ရှည်လျားရှုပ်ထွေးသည့်လုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး နှစ်ပေါင်း ၂၀၀ ကျော်ကာလအတွင်း ၂၇ ကြိမ်သာ ပြင်ဆင်နိုင်ခဲ့သည့် အခြေအနေများ၊ ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးအခြေအနေများ၊ သြစတြေးလျနိုင်ငံ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြဋ္ဌာန်းချက်ကြောင့် ၁၉၀၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၈၂ နှစ်တာကာလအတွင်း ရှစ်ကြိမ်သာ ပြင်ဆင်နိုင်ခဲ့သည့် အခြေအနေများအား ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ပြပြောကြားသည်။
“နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအချို့ရဲ့ အသွင်ကူးပြောင်းရေး အခြေအနေများကို လေ့လာရာမှာ အများအားဖြင့် သွေးထွက်သံယိုမှု ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ကူးပြောင်းနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အီဂျစ်၊ ဆီးရီးယား၊ လစ်ဗျား၊ ပြင်သစ် နိုင်ငံတို့ကို လေ့လာလျှင် တွေ့ရှိရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ၁၀၀ ကျော်နေထိုင်ပြီး ဒီမိုကရေစီစနစ်ကို ညင်သာစွာကူးပြောင်းနိုင်ခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်မယ့် အရိပ်အယောင်များကိုလည်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ပြည်သူများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့တပ်မတော်အနေနဲ့လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ ကနဦးအဆင့်မှာ ယာယီအားဖြင့် ပါဝင်ခြင်းဟာလည်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပေးနိုင်မှာဖြစ်တဲ့အပြင် အချို့နိုင်ငံများမှာ အနာဂတ်ဒီမိုကရေစီပေါ်ထွန်းရေးအတွက် တပ်မတော်ကဲ့သို့ အာမခံချက်ပေးနိုင်တဲ့ အဖွဲ့အစည်းမရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်သင့်သည်ကို ပြင်ဆင်ရေး၊ မပြင်သင့်သည်ကို မပြင်နိုင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါဝင်မှုရာခိုင်နှုန်းနဲ့ ထိန်းသိမ်းဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ နောင်တစ်ချိန် တိုင်းပြည်အေးချမ်းမှု အခိုင်အမာရှိလာချိန်မှာ အခြေအနေအရပ်ရပ်တွေ ကောင်းလာတဲ့အချိန်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ အဓိကမကျကြောင်း သိရှိလာမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ်တင်စန်းနိုင်က ပြောကြားသည်။
လက်ရှိအခြေအနေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) ပါ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာရင်းရှိ ကဏ္ဍရှစ်ရပ်အတွက် ထပ်မံဖြည့်စွက်ချက် ၃၄ ချက်နှင့် ဇယား (၅) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များက ကောက်ခံမည့် အခွန်အခများအတွက် ထပ်မံဖြည့်စွက်ချက် ၂၀ ချက်တို့အနက် ပေးသင့်သည်များကို ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြည်ထောင်စုအစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးသင့်သည်ကို တွေ့ရှိရကြောင်း ဗိုလ်မှူးချုပ်တင်စန်းနိုင်က ပြောကြားသည်။
“ရည်ရွယ်ချက်ကောင်းများနဲ့ ရေးဆွဲထားတဲ့ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ခြင်းမရှိတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မသင့်ကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေနဲ့ နိုင်ငံရေးစနစ်ဟောင်းတစ်ခုမှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဒီမိုကရေစီအလေ့အကျင့်များ မရင့်ကျက်သေးတဲ့အချိန် ဒီမိုကရေစီသက်တမ်း နုနယ်သေးတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ (က)နဲ့ (ခ) ပါ ရာခိုင်နှုန်းများကို ပြင်ဆင်ရန်မသင့်ဘဲ မူလတိုင်းသာထားရှိသင့်ကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်”ဟု ဗိုလ်မှူးချုပ်တင်စန်းနိုင်က ပြောကြားသည်။
ထိုသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းလျှော့ချခြင်းအား ကန့်ကွက်ဆွေးနွေးခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ အခက်အခဲများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က“ဒါ အစကတည်းက ပြောထားပြီးသားလေ။ အန်တီတို့ NLD ကနေပြီးတော့ ဒါကိုသေသေချာချာ ထိထိရောက်ရောက် ပြင်ဆင်သင့်တယ်ဆိုတာလည်း အရင်ထဲကလည်းပြောတယ်။ ဒါအခုလည်း ဆက်ပြီးတော့ ရပ်တည်သွားတာပဲ။ တပ်မတော်သားကလည်း အရင်ကတည်းက မူရင်းအတိုင်းဆိုပြီး ပြောသွားတာပဲ။ သူတို့ ဒီတိုင်းပဲဆိုပြီး ဆက်ပြီးပြောနေတဲ့သဘောပါပဲ”ဟု လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင်း ဆက်လက်ဆွေးနွေးမှုများတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်အကြောင်းအရာများကို ထပ်မံကန့်ကွက်ဆွေးနွေးမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရာခိုင်နှုန်းများကို မူလအတိုင်းထားရှိရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဓိက ကန့်ကွက်ဆွေးနွေး















