အလုပ်သမားများတောင်းဆိုသည့် အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃၂၀၀ မှ ၄၀၀၀ ကြားမပေးနိုင်ဘဲ ကျပ် ၂၅၀၀ သာပေးနိုင်ကြောင်း CMP လုပ်ငန်းရှင်များ သတင်းစာရှင်းလင်း

အလုပ်သမားများတောင်းဆိုသည့် အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃၂၀၀ မှ ၄၀၀၀ ကြားမပေးနိုင်ဘဲ ကျပ် ၂၅၀၀ သာပေးနိုင်ကြောင်း CMP လုပ်ငန်းရှင်များ သတင်းစာရှင်းလင်း
Published 23 June 2015
နန်းစုနှင်းထွေး

အလုပ်သမားများတောင်းဆိုသည့် အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၃၂၀၀ မှ ၄၀၀၀ ကြားမပေးနိုင်ဘဲ ကျပ် ၂၅၀၀ သာပေးနိုင်ကြောင်း အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ CMP လုပ်ငန်းရှင်များက ပြောကြားသည်။ဇွန် ၂၂ မှ ၂၃ ရက်အထိ ရန်ကုန်မြို့ UMFCCI တွင် နှစ်ရက်ကြာပြုလုပ်ခဲ့သည့် "အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" ၌ နာရီပေါင်း ၂၀ နီးပါး ဆွေးနွေးခဲ့သော်လည်း တိကျသည့်အဖြေတစ်ခု မရရှိခဲ့ပေ။"ကျွန်တော်တို့အနေနဲ့ လုပ်သားထုတောင်းဆိုတဲ့ ကျပ် ၃၂၀၀ နဲ့ ၄၀၀၀ ကြားကို မပေးနိုင်ဘူး။ နှစ်ခုစလုံးကိုမပေးနိုင်ဘူး။ ပထမအလုပ်ချိန် ရှစ်နာရီမှာ ကျပ် ၁၅၀၀ ပေးမယ်လို့ အဆိုပြုခဲ့တယ်။ အခုနောက်ဆုံး ဒီဆွေးနွေးပွဲမှာ ကျပ် ၂၅၀၀ ပေးမယ်လို့ အဆိုပြုခဲ့တယ်။  ဘာကြောင့်မပေးနိုင်ရသလဲဆိုရင် အခုလုပ်ငန်းက စပြီးဖွံ့ဖြိုးခါစ။ ကုန်ထုတ်စွမ်းအားတွေက မပြည့်ဝတဲ့အတွက် အလုပ်သမားတွေကို အချိန်ပိုခေါ်ရတယ်။   အခြားနိုင်ငံတွေမှာ အချိန်ပိုကြေးကို အခြေခံလုပ်ခလစာရဲ့ ၁ ဒသမ ၅ ဆပဲပေးရတယ်။ မြန်မာနိုင်ငံမှာကျတော့ လစာရဲ့ ၂ ဒသမ ၈ ဆအထိပေးရတယ်။ နောက်ပြီး ကျွန်တော်တို့မှာ ဥရောပ၊ အမေရိကန်ဈေးကွက်မရှိဘူး။ ကုန်ထုတ်စွမ်းအားတွေတက်အောင် အလုပ်သမားနဲ့အလုပ်ရှင် ပူးပေါင်းပြီးလုပ်မယ်၊ ဈေးကွက်တွေလည်း ပွင့်လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ လုပ်သားထုမျှော်မှန်းတဲ့ နှုန်းထားကိုရောက်နိုင်ပါတယ်" ဟု အထည်ချုပ်လုပ်ငန်းရှင်အသင်းမှ ဥက္ကဋ္ဌဦးမြင့်စိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။နှစ်ရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် အလုပ်သမားများဘက်မှ အနိမ့်ဆုံးလုပ်ခလစာကို ကျပ် ၄၀၀၀ တစ်ပြေးညီသတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး အထည်ချုပ်လုပ်ငန်းရှင်များကမူ ကျပ် ၂၅၀၀ သာပေးနိုင်ကြောင်းနှင့်  အစိုးရမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများပေးရန် အဆိုပြုတင်ပြခဲ့ပြီး မန္တလေးရှိ လုပ်ငန်းရှင်များကမူ ကျပ် ၃၂၀၀ မှ ၄၀၀၀ ကြားပေးနိုင်ကြောင်း တင်ပြမှုများလည်းရှိသည်။မြန်မာနိုင်ငံရှိ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌ  Mr.Won Ho Seo က "တချို့စက်ရုံတွေက လက်ရှိနှုန်းထားနဲ့တောင် အခက်အခဲဖြစ်နေတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်ဒီမှာ အထည်ချုပ်လုပ်လာတာ ၁၄ နှစ်ရှိပြီ။ ကုန်ထုတ်လုပ်မှုက အရင်ကထက် ထက်ဝက်နီးပါးကိုကျလာတယ်။ လစဉ်လည်း အလုပ်သမားအပြောင်းအရွှေ့တွေရှိတဲ့အတွက် အလုပ်သမားသစ်တွေကို အမြဲသင်ပေးနေရတယ်။ အော်ဒါတွေက တရုတ်၊ ဘင်္ဂလားဒေ့ရှ် ၊ ကမ္ဘောဒီးယားတို့ပြီးမှ မြန်မာနိုင်ငံကိုလာတယ်။ ဟိုမှာ တစ်ထည်ကို ၁၀ ဒေါ်လာပေးရင် ကျွန်တော်တို့ကို အများဆုံး ခြောက်ဒေါ်လာအထိပဲပေးတယ်။ အပြောင်းအလဲကာလဖြစ်လို့ အားလုံးကစောင့်ကြည့်နေတဲ့အတွက် အော်ဒါရရှိမှု နည်းပါးနေပါတယ်" ဟုဆိုသည်။မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးအောင်လင်းက "အဖွဲ့ ချုပ်ကနေ အလုပ်သမားတစ်ယောက်ရဲ့ လူမှုဘဝကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူခဲ့တယ်။ စစ်တမ်းအရ အလုပ်သမားမိသားစုတစ်စုရဲ့ ကုန်ကျစရိတ်က တစ်ရက်ကို ကျပ် ၇၀၀၀ နီးပါးရှိတယ်။ အလုပ်သမားတွေဘက်ကလည်း အနည်းဆုံးအခကြေးငွေကို ကျပ် ၈၅၀၀၊ ၅၆၀၀ စသဖြင့် သတ်မှတ်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခုနောက်ဆုံးညှိနှိုင်းမှုတွေအရ ကျပ် ၄၀၀၀ ဆိုတာကိုရခဲ့တယ်။ ဒါက အားလုံးရဲ့သဘောတူညီမှုပါ။ ကျွန်တော်တို့အနေနဲ့တော့ ဒီ ကျပ်  ၄၀၀၀ အောက်ကိုတော့ တစ်ပြားမှ မလျှော့နိုင်ပါဘူး" ဟုပြောကြားသည်။ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီအစည်းအဝေးကို  ပြုလုပ်သွားမည်ဖြစ်ပြီး ယခုလကုန်နောက်ဆုံးထားကာ အဆိုပြုနှုန်းထားတစ်ရပ်ကို အစိုးရသတင်းစာများမှတစ်ဆင့် ကြေညာသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကဆိုသည်။CMP လုပ်ငန်းများမှာ ဒေါ်လာဖြင့်ဝင်ငွေရရှိသော လုပ်ငန်းများဖြစ်ပြီး လက်ရှိငွေကြေးဈေးကွက်ပေါက်ဈေးအရ အလုပ်သမားများတောင်းဆိုစဉ်ကထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်နေသော်လည်း အလုပ်ရှင်များသည် အလုပ်သမားများတောင်းဆိုနေသော အနိမ့်ဆုံးလုပ်ခကို တိုးမြှင့်ပေးရန် ငြင်းဆန်နေခြင်းဖြစ်သည်။                      

Most Read

Most Recent