အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ရန် ယာယီလိုင်စင်များ ထပ်မံချထားပေးနေပြီး လက်ရှိအချိန်အထိ အဖွဲ့အစည်းပေါင်း ၂၄၄ ဖွဲ့ရှိလာ

အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ရန် ယာယီလိုင်စင်များ ထပ်မံချထားပေးနေပြီး လက်ရှိအချိန်အထိ အဖွဲ့အစည်းပေါင်း ၂၄၄ ဖွဲ့ရှိလာ
Published 23 June 2015
ဖြိုးဝေ

အသေးစားငွေရေးကြေးရေးလုပ်ငန်းများလုပ်ကိုင်ရန် ယာယီလိုင်စင်များ ထပ်မံချထားပေးနေပြီး လက်ရှိအချိန်အထိ အသေးစားငွေရေးကြေးရေး လုပ်ငန်းလိုင်စင်ရယူလုပ်ကိုင်နေသည့် အဖွဲ့အစည်းပေါင်း ၂၄၄ ဖွဲ့အထိ ရှိလာနေပြီဖြစ်ကြောင်း အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် ၂/ ၂၀၁၅ အရ သိရသည်။လက်ရှိအချိန်အထိ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးပြီးသည့် အဖွဲ့အစည်းများမှာ ပြည်ပ INGO ခုနစ်ဖွဲ့၊ NGO ၂၂ ဖွဲ့၊ သမဝါယမအဖွဲ့အစည်း ၇၇ ဖွဲ့၊ ပြည်ပကုမ္ပဏီ ၂၀၊ ပြည်တွင်းကုမ္ပဏီ ၁၀၇ ဖွဲ့နှင့် အစုစပ်ကုမ္ပဏီလီမိတက် တစ်ဖွဲ့တို့ဖြစ်ပြီး စုစုပေါင်း ၂၃၄ ဖွဲ့ဖြစ်သည်။ အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် ၂/ ၂၀၁၅ တွင် ထပ်မံ၍ ယာယီလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုခဲ့သည့် အဖွဲ့အစည်းများမှာ NGO တစ်ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ခုနစ်ဖွဲ့၊ ပြည်ပကုမ္ပဏီတစ်ဖွဲ့နှင့် အစုစပ်ကုမ္ပဏီအဖွဲ့အစည်း တစ်ဖွဲ့တို့ဖြစ်ကြောင်း သိရသည်။အစိုးရသစ်လေးနှစ်တာကာလအတွင်း အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်ရန် ပြည်ပအဖွ့ဲအစည်း ၁၇ ခုနှင့် ပြည်တွင်းအဖွဲ့အစည်း ၂၀၉ ခုတို့အား ခွင့်ပြုပေးထားပြီဖြစ်ပြီး အဆိုပါလုပ်ငန်း ၂၂၆ ခု၏ စုစုပေါင်းလည်ပတ်ငွေမှာ ကျပ်ဘီလျံ ၅၆ ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။မြန်မာနိုင်ငံတွင် ၁၉၇၇-၁၉၇၈ ဘဏ္ဍာနှစ်လောက်မှစ၍ အသေးစားချေးငွေလုပ်ငန်းများ စတင်ခဲ့ကြကြောင်း၊ ယင်းကဲ့သို့လုပ်ဆောင်ရာတွင် အချို့မှာ UN အဖွဲ့ အစည်းများ၏ အထောက်အပံ့ဖြင့်ပြုလုပ်နေကြပြီး အချို့မှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ တစ်ပိုင်တစ်နိုင်အားဖြင့် မောင်းနှင်သော အသေးစားလုပ်ငန်းများဖြစ်ကြောင်း၊ အချို့မှာ IFC (International Finance Corporation) မှ ထောက်ပံ့ထားကြောင်း သိရသည်။မြန်မာနိုင်ငံတွင် အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းများအနက် Pact ကိုလူသိများကြပြီး Lift မှာ Micro Finance အလုပ်ကို လုပ်ကိုင်ခြင်းမရှိဘဲ လုပ်သည့်အဖွဲ့အစည်းများကိုသာ လိုအပ်သည့်အထောက်အပံ့များပေးနေကြောင်း၊ အချို့ကိုမူ ဂရာမင်းက အထောက်အပံ့ပေးနေကြောင်း၊ အချို့ကို UNDP ကပေးနေကြောင်း သိရသည်။အသေးစားချေးငွေပေးသည့်အစီအစဉ်တွင် နေရာဒေသအလိုက်ကွဲပြားမှုရှိနေပြီး အချို့က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ နာဂစ်မုန်တိုင်းတိုက်ခံရသည့်နေရာများကို ဦးစားပေး၍ ချေးငွေများချပေးကြောင်း၊ အချို့အဖွဲ့အစည်းများက ရန်ကုန်၊ မန္တလေးမြို့များရှိ ဆင်ခြေဖုန်းရပ်ကွက်များကို ဦးစားပေး၍ ချေးငွေများချထားပေးလေ့ရှိကြောင်း၊ အလားတူ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်သော Social Loan များကိုလည်းပေးနေကြကြောင်း၊ အချို့က အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် တစ်ဦးချင်းချေးငွေ (Individual Loans) အနေဖြင့် ချပေးနေမှုများလည်းရှိကြောင်း၊ ထို့အတူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အထောက်အကူပြု ချေးငွေအစီအစဉ်များလည်းရှိကြောင်း၊ လူမှုရေးချေးငွေ (Social Loans) နှင့်ပတ်သက်လျှင်မူ အမျိုးသမီးများနှင့် အိမ်ထောင်စုများကိုဦးစားပေး၍ ချေးပေးလေ့ရှိကြောင်း သိရသည်။အလားတူ နှစ်စဉ်မေလဆန်းပိုင်းသို့ရောက်လျှင် အသေးစားချေးငွေလုပ်ငန်းတို့ ခြေလှမ်းပြင်တတ်ကြကြောင်း၊ အထူးသဖြင့် ကျောင်းဖွင့်ရာသီအမီ ချေးငွေများကို အိမ်ထောင်စုများသို့ ချပေးလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent