ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရေး၊ ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတို့ပါဝင်သော (၆) ကြိမ်မြောက် ACMECS အစည်းအဝေး၏ နေပြည်တော်ကြေညာစာတမ်းထုတ်ပြန်

ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရေး၊ ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတို့ပါဝင်သော (၆) ကြိမ်မြောက် ACMECS အစည်းအဝေး၏ နေပြည်တော်ကြေညာစာတမ်းထုတ်ပြန်
Published 23 June 2015
အငယ်ထွေး၊ နီလာ

အိမ်နီးချင်းကောင်းပီသမှုကိုတည်ဆောက်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးနှင့် ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတို့အတွက် အတည်ပြုလိုက်သော (၆) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACM-ECS) ထိပ်သီးအစည်းအဝေးဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းအား ဇွန်  ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။ယခုထုတ်ပြန်သည့် ကြေညာစာတမ်းသည် ၂၀၁၆-၂၀၁၈ အတွက်ထုတ်ပြန်သည့် ကြေညာစာတမ်းဖြစ်ပြီး ACMECS ၏ ဗီယန်ကျင်းကြေညာစာတမ်းကိုမူ ၂၀၁၃-၂၀၁၅ လုပ်ငန်းစဉ်အစီအစဉ်များဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ယခုထုတ်ပြန်သောကြေညာစာတမ်းတွင် ACMECS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူတို့၏အကျိုးစီးပွားအတွက် တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ နှစ်နိုင်ငံချင်းအလိုက်လည်းကောင်း၊ စုရုံးပေါင်းစည်း၍လည်းကောင်း၊ ထိရောက်စွာဆက်လက်အကောင်အထည်ဖော်သွားရန် သဘောတူလိုက်ကြကြောင်း ဖော်ပြထားသည်။အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးကိစ္စဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ပြုလုပ်ခဲ့သည့် တတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲတွင် အတည်ပြုခဲ့သည့်  လုပ်ငန်းစဉ်တစ်ရပ်အား ဆက်လက်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍများ တိုးမြှင့်ရေးတို့ပါဝင်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးတိုးမြှင့်ဖြစ်ထွန်းရေးအတွက် ACMECS နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အလားတူ ACMECS အဖွဲ့ဝင်မဟုတ်သောနိုင်ငံများ၊ အရှေ့တောင်အာရှဒေသအတွင်းရှိ အလားအလာရှိသော မိတ်ဖက်နိုင်ငံများတို့နှင့်ပါ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့ပါဝင်ပြီး ကမ္ဘာ့ဈေးကွက်အထိ ချဲ့ထွင်နိုင်ရေးအတွက် ကြိုးပမ်းရန်ရည်မှန်းထားကြောင်း ၊ အလားတူ စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍလည်းပါဝင်ပြီး အထူးသဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် လယ်သမားတို့ဘ၀ တိုးတက်မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် နည်းပညာနှင့်သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်တို့ပါဝင်ကြောင်း သိရသည်။တတိယဦးစားပေးကဏ္ဍအနေဖြင့်မူ စက်မှုလုပ်ငန်းနှင့်စွမ်းအင်ကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ကြောင်း၊ ACMECS နိုင်ငံများအတွင်း လျှပ်စစ်ဖြန့်ဖြူးရေးကြိုးလိုင်းများနှင့် ဆက်သွယ်ရေးကွန်ရက် တိုးမြှင့်နိုင်ရေးတို့ပါဝင်ကြောင်း၊ ထို့အတူ ACMECS နိုင်ငံများ၏ နယ်စပ်ဒေသအတွင်း စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်နှင့် သီးသန့်စီးပွားရေးဇုန်များ တည်ထောင်ရေး၊ အရှေ့အနောက်စီးပွားရေးစင်္ကြံ (EWEC)၊ တောင်မြောက်စီးပွားရေးစကြံၤ (NSEC)နှင့် တောင်ဘက်ခြမ်းစီးပွားရေးစင်္ကြံ (Southern Economic Corridor) များတစ်လျှောက် အလားအလာရှိသောဒေသများ၊ Green Group ဒေသများနှင့် စင်္ကြံများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်တို့ကို တွန်းအားပေးဆောင်ရွက်ရန်တို့ပါဝင်သည်။ထို့အတူ သတ္တုတူးဖော်ခြင်း၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေခြင်းလုပ်ငန်းများလည်း အဆိုပါခေါင်းစဉ်အောက်တွင်ပါဝင်ပြီး နည်းပညာ၊ ဘဏ္ဍာငွေကြေး၊ စည်းမျဉ်းဥပဒေ၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်ကြောင်း သိရသည်။စတုတ္ထအနေဖြင့်မူ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးကို ထည့်သွင်းဖော်ပြထားပြီး ယင်းခေါင်းစဉ်အောက်တွင် ကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်မှုအား အဆင်ပြေချောမွေ့စေရေးတို့ပါဝင်ကြောင်းနှင့် နောက်ဆုံးကဏ္ဍအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent